သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေး‌ရေပြင်မှာ ရိုဟင်ဂျာရုပ်အလောင်းများထပ်တွေ့ ဗွီအိုအေ(အင်ဒိုနီးရှား)


Aceh Jaya ဒေသမှာ ရိုဟင်ဂျာတွေစီးလာတဲ့လှေတိမ်းမှောက်ပြီးရေနစ်သေဆုံးသွားသူတဦးရဲ့အလောင်းကို ကယ်ဆယ်ရေးနဲ့ ရဲအရရှိတွေ သယ်ဆောင်လာစဥ်။ (မတ်လ ၂၄၊ ၂၀၂၄)
Aceh Jaya ဒေသမှာ ရိုဟင်ဂျာတွေစီးလာတဲ့လှေတိမ်းမှောက်ပြီးရေနစ်သေဆုံးသွားသူတဦးရဲ့အလောင်းကို ကယ်ဆယ်ရေးနဲ့ ရဲအရရှိတွေ သယ်ဆောင်လာစဥ်။ (မတ်လ ၂၄၊ ၂၀၂၄)

အင်ဒိုနီးရှားနိင်ငံ အာချေးပြည်နယ်တွင်း Aceh Jaya ရေပြင်မှာ မော်တော်တစင်း တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်လို့ယူဆရသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဘန်ဒါအာချေးဒေသ ကယ်ဆယ်ရေးအာဏာပိုင်တို့ တွေ့ရှိခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့ တနင်္လာနေ့က အာချေးပြည်နယ် Aceh Jaya ရေပြင်ကနေ အဲဒီ ရုပ်အလောင်းဆယ်လောင်းကို ဆယ်ယူနိုင်ခဲ့တယ်လို့ ဒေသကယ်ဆယ်ရေးအာဏာပိုင်အေဂျင်စီ အကြီးအကဲ Ibnu Harris က ပြောပါတယ်။ ဒီရုပ်အလောင်းအားလုံးဟာ ပြီးခဲ့တဲ့အပတ်တုန်းက တိမ်းမှောက်ခဲ့တဲ့ရေယာဉ်မှာ ပါလာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရပါတယ်။

မတ်လ ၂၃ ရက်နေ့အထိ သတင်းတွေအရတော့ အလောင်းသုံးလောင်းရခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ နောက်ထပ် တလောင်း၊ မတ်လ ၂၅ ရက် တနင်္လာနေ့မှာ နောက်ထပ် ၆ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်း ရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအေဂျင်စီအကြီးအကဲ Ibnu က ဗွီအိုအေကို ပြောပါတယ်။ ၆ လောင်းကတော့ Aceh Jaya ရေပြင်နဲ့ ရေမိုင် ၁၄ မိုင်လောက်‌ဝေးတဲ့နေရာမှာ မျောနေတာ တွေ့ခဲ့ရတာလို့ Ibnu က ပြောပါတယ်။ နောက်ဆုံးတွေ့တဲ့ အလောင်း ၆ လောင်းဟာ အမျိုးသမီးတွေဖြစ်ပြီး ချက်ခြင်းဆိုသလိုပဲ အနီးမှာရှိတဲ့ Ujong Muloh ဆိပ်ခံဗောတံတားရှိရာ ခေါ်ယူသွားခဲ့ပါတယ်။ အဲဒီကနေ အရေးပေါ်ဌာနကို လွှဲပြောင်းပေးပြီး Teuku Umar အထွေထွေကုဆေးရုံကို သယ်ဆောင်သွားတယ်လို့ Ibnu က ပြောပါတယ်။

ဒါပေမဲ့လည်း ဒီရုပ်အလောင်း ၆ လောင်းဟာ တိမ်းမှောက်သွားတဲ့ရိုဟင်ဂျာလှေကလားဆိုတာကိုတော့ Ibnu က အတည်မပြုနိုင်ပါဘူး။ ရုပ်အလောင်းခန္ဓာကိုယ်မှာ တိတိကျကျပြောနိုင်တဲ့ အထောက်အထားမတွေ့ရတာကြောင့်လို့ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဆိုတာ ဖြစ်နိုင်ခြေများပေမဲ့ ရိုဟင်ဂျာတွေဟုတ်မဟုတ်ဆိုတာကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက နောက်ပိုင်း စုံစမ်းဆုံးဖြတ်ပါလိမ့်မယ်လို့ Ibnu က ဗွီအိုအေကို ပြောပါတယ်။

တိမ်းမှောက်သွားတဲ့လှေမှာ ရိုဟင်ဂျာခရီးသည် ၁၄၂ ဦးပါဝင်တယ်လို့ ဌာနေမျိုးနွယ်စုခေါင်းဆောင်တဦးဖြစ်တဲ့ Miftah Cut Adek က ပြောပါတယ်။ ခရီးသည်တွေထဲက ၆၇ ဦးကတော့ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်လာတုန်းက ခရီးသည် ၁၄၂ ဦးရှိပြီးတော့ အာချေးအနောက်ခြမ်းဒေသမှာ ၇၅ ဦး ရှင်သန်ကျန်ရစ်တယ်လို့ Miftah Cut Adek က ဗွီအိုအေကို စာနဲ့ဖြေကြားခဲ့ပါတယ်။ ကျန်သူတွေကတော့ အဲဒီဒေသမှာပဲ ရှိနေမယ်လို့ ယူဆတဲ့အကြောင်း ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ဒီစက်လှေပေါ်မှာ ရိုဟင်ဂျာ ၁၄၂ ဦး ပါဝင်ခဲ့တယ်ဆိုတာကို အာချေးဒေသ ဒုက္ခသည်များဆိုင်ရာကုလမဟာမင်းကြီးရုံး ကိုယ်စားလှယ် Faisal Rahman ကလည်း အတည်ပြုပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့လည်း သူက ပြောပါတယ်။ Aceh Jaya ဒေသမှာ ရိုဟင်ဂျာ ၁၀ လောင်းနဲ့၊ Meulaboh မှာတလောင်း စုစုပေါင်း ၁၁ လောင်း တွေ့ရှိထားတယ်လို့ Rahman က ဗွီအိုအေကို ပြောပါတယ်။ ပျောက်ဆုံးနေသူအားလုံးကို ရှာဖွေတွေ့ရှိပြီး သိပ်မကြာခင်မှာ ဖော်ထုတ်ပြောဆိုနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း UNHCR ကိုယ်စားလှယ် Faisal Rahman က ပြောပါတယ်။

“ဒီအဖြစ်အပျက်အပေါ် အစိုးရအနေနဲ့တုံ့ပြန်ကယ်ဆယ်မှုတွေ ဆောင်ရွက်နေတာကို UNHCR အနေနဲ့ အထူးပဲ ကျေးဇူးတင်ရပါတယ်။ အထူးသဖြင့် Aceh Jaya နဲ့ Aceh Barat ဒေသတွေမှာပါ။ အကူအညီတွေလိုအပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သောင်တင်နေတာမျိုး နောက်ထပ်မရှိတော့ဘူးလို့ မျှော်လင့်ပါတယ်။”

ရိုဟင်ဂျာစက်လှေဟာ မတ်လ ၂၀ ရက်နေ့က တိမ်းမှောက်ခဲ့ပြီး ဒေသခံငါးဖမ်းသမားတွေက ရိုဟင်ဂျာ ၆ ဦးကို ကယ်တင်ခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အစိုးရရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ရိုဟင်ဂျာ ဒုက္ခသည်စုစုပေါင်း ၆၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရွက်လွှင့် ထွက်ခွာလာကြသူတွေဖြစ်ကြပါတယ်။

Forum

XS
SM
MD
LG