သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာနေ


Dua orang warga Kota Sabang saat melihat kapal yang digunakan pengungsi Rohingya mengarungi lautan dan berlabuh di pesisir Le Meulee, Kota Sabang, Aceh. (Foto: VOA/Anugrah Andriansyah)
Dua orang warga Kota Sabang saat melihat kapal yang digunakan pengungsi Rohingya mengarungi lautan dan berlabuh di pesisir Le Meulee, Kota Sabang, Aceh. (Foto: VOA/Anugrah Andriansyah)

ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာနေ

ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည့်အသိပ်ပါတဲ့ စက်လှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းလွန်ဆီ ဦးတည် ချဥ်းကပ်လာနေတာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေကလည်း ခုလို ရိုဟင်ဂျာ ဒုက္ခသည်လှေတွေ အာချေးပြည်နယ်ကို ဆိုက်ရောက်ခဲ့တာ ရှိသလို၊ ဒီလှေ ၅ စီးကတော့ အခုနောက်ဆုံး တွေ့ရတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ အများစု ပါဝင်ပုံရတဲ့အကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ရိုဟင်ဂျာ အများစုပါတဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီ အစုလိုက် ထွက်ပြေးခဲ့ကြရသလို၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲမှာ စားဝတ်နေထိုင်ရေး အကျပ်အတည်းတွေ များတာကြောင့် ဒုက္ခသည်တွေဟာ အန္တရာယ်များတဲ့ ပင်လယ်ရေလမ်းခရီးကို ဖြတ်ပြီး ဒေသတွင်းက မလေးရှား၊ ထိုင်း နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ခွာနေကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ ရေလမ်းခရီးကနေ အင်ဒိုနီးရှားနိုင်ငံထဲ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက် သိသိသာသာ တိုးလာခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားအစိုးရက သူ့ရေပိုင်နက်ထဲမှာ ဒီလို ဒုက္ခသည်လှေတွေရဲ့ သွားလာမှုတွေကို ကင်းလှည့် စောင့်ကြည့်တာတွေ တိုးမြှင့်လုပ်လာရတဲ့အကြောင်း အာချေး လေတပ်အခြေစိုက်စခန်း အကြီးအကဲ ဗိုလ်မှူးကြီး Yoyon Kuscahyono က ပြောပါတယ်။

ဒီလို လေကြောင်း ကင်းလှည့်မှုတွေအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရတဲ့ လှေ ၅ စင်းဟာ အာချေးပြည်နယ် မြောက်ပိုင်းက ဒေသနေရာ ၅ ခုထဲ ဝင်ရောက် လာနေတာကို ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မလေးရှားနဲ့ ထိုင်းနိုင်ငံတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရေပိုင်နက်ထဲကနေ ပြန်လည် မောင်းထုတ်တဲ့ဖြစ်ရပ်တွေ ရှိခဲ့တာကြောင့် ဒုက္ခသည်တွေဟာ နောက်ပိုင်းမှာ သူတို့ကိုလက်ခံတဲ့ အင်ဒိုနီးရှားနိုင်ငံကိုပဲ ဦးတည် ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ လကစလို့ အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၀၀ ကျော်ရှိပြီး အချိန်တိုအတွင်း ထောင်နဲ့ချီ ရောက်လာတဲ့ ဒီဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်ဖို့ မနိုင်မနင်း ဖြစ်လာတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း က ဝိုင်းဝန်း ကူညီပေးကြဖို့လည်း အင်ဒိုနီးရှားအစိုးရက ပန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG