သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ရိုဟင်ဂျာ ၆၀ နီးပါး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းလာတဲ့ ပစ်ကပ်ကား သုံးစီးပေါ်က အထောက်အထားမဲ့ ရိုဟင်ဂျာများကို အမြန်လမ်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထားစဥ်။ (ဓာတ်ပုံ-ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့/ဒီဇင်ဘာ ၁၉၊ ၂၀၂၃)
ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းလာတဲ့ ပစ်ကပ်ကား သုံးစီးပေါ်က အထောက်အထားမဲ့ ရိုဟင်ဂျာများကို အမြန်လမ်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထားစဥ်။ (ဓာတ်ပုံ-ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့/ဒီဇင်ဘာ ၁၉၊ ၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်လာနေတဲ့ ပစ်ကပ်ကားငယ် ၃ စီးပေါ်ကနေ ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းရဲတွေဖမ်းဆီးရမိတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူတို့ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေကနေ ထိုင်းနိုင်ငံအထိ လာရောက်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း ဖာ့ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီမှာ အရှိန်ပြင်းပြင်းမောင်းနှင်လာနေတဲ့ ပစ်ကပ်ကားငယ် ၃ စီးကို လုံခြုံရေးအာဏာပိုင်တွေက မသင်္ကာလို့ လိုက်လံဖမ်းဆီးရာကနေ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ ၅၈ ဦးနဲ့ လူပွဲစား ၃ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကားပေါ်မှာ လိုက်ပါလာသူတွေကတော့ အထောက်အထားမဲ့ အမျိုးသား ၂၅ယောက်၊ အမျိုးသမီး ၂၆ ယောက်နဲ့ ကလေးငယ် ၇ ယောက် စုစုပေါင်း မွတ်ဆလင် ၅၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် သူတို့ကို တင်ဆောင်ခေါ်ယူလာတဲ့ ကားမောင်းသမား ၃ ဦးနဲ့အတူ လူကုန်ကူးပွဲစား ၃ ယောက်ကိုလည်းဖမ်းဆီးရမိကြောင်းနဲ့ သူတို့ကို ဆက်လက်စစ်ဆေးနေကြောင်း ပြောပါတယ်။

မြန်မာဘင်္ဂလားနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ စားရေးသောက်ရေးနဲ့ အလုပ်အကိုင်အခက်အခဲ တွေကြောင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို စွန့်စားထွက်လာကြသူတွေ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံက ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ (BURMESE ROHINGA ASSOCIATION IN THAILAND) BRAT အဖွဲ့က နိုင်အာလီက ပြောပါတယ်။

“ဘယ်လို ဒုက္ခရောက်နေလဲဆိုတာ ပြောမတတ်တော့ဘူး။ ရခိုင်ဘက်က လူတွေက အကုန်လုံးပဲ စားစရာတွေ အခက်အခဲတွေ့နေပြီ။ ဈေးတွေကြီးနေပြီ။ တိုက်ပွဲတွေဖြစ်နေပြီ။ ဟိုရွာဒီရွာ သွားလာလို့မရတော့ဘူး။ ဈေးလည်းသွားမရဘူး။ တရွာကနေ တရွာသွားတာမရတော့ဘူး။ ငါးဖမ်းလည်း သွားမရတော့ဘူး။ အလုပ်လုပ်ဖို့ မြို့ထဲသွားလည်း မရတော့ဘူး။ လူတွေက ဘယ်လိုနေကြတော့မလဲ။”

သူတို့ရဲ့ဝန်ခံချက်အရ သူတို့တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဝင်လာတာဖြစ်ပြီး ထိုင်း-မလေးနယ်စပ်ထိ ရောက်အောင်သွားကြမယ့်သူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ ဒီဇင်ဘာလ ၁၉ ရက်နေ့ ဟတ်ရိုင်မြို့နယ်ထဲမှာလည်း ရိုဟင်ဂျာ ၁၅ ယောက်ကိုဖမ်းမိခဲ့ပါတယ်။ အခုလို တရားမဝင်လမ်းကြောင်းကနေ လူကုန်ကူးသူတွေနဲ့ နေ့စဉ် ထိုင်းနိုင်ငံထဲဝင်လာသူတွေဟာ ဆယ်ဂဏန်းကနေ ရာဂဏန်းလောက်အထိ ရှိလာနေပြီး သင်္ဘောတွေနဲ့လာရောက်သူတချိို့၊ ကားနဲ့ တချို့ လာကြတာအပြင် တချို့ကတော့ ခြေလျင်ခရီးနဲ့လာကြတာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ ဖမ်းမိသူတွေကော မဖမ်းမိသူတွေကောပေါင်းရင် ထောင်ဂဏန်းနဲ့ရှိတယ်လို့လည်း ပြောပါတယ်။

“ဒီလထဲမှာပဲ အနည်းဆုံး လေးငါးထောင်လောက်လာကြတယ်။ အင်ဒိုနီးရှားကော၊ မလေးရှားကော၊ ထိုင်းကော လာကြတယ်၊ ဖမ်းမိတာတော့ ထိုင်းမှာ များတယ်။ သင်္ဘောနဲ့လာတဲ့ သူတွေက အင်ဒိုနီးရှားသွားတယ်။ မလေးရှားသွားတယ်။ ကားနဲ့လာလို့ဖမ်းမိကြတာ။ သင်္ဘောနဲ့လာတဲ့သူတွေကိုတော့ ထိုင်းအစိုးရက သိပ် မဖမ်းတော့ဘူး။”

အောက်တိုဘာလတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင်မှာ မသင်္ကာဖွယ် ကား ၂ စီးကို ဖတ်ထလုံး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ မလေးရှားကိုသွားမယ့် အထောက်ထားမဲ့ ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ခရိုင်မှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့ အပြည့်သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့ကလည်း ဖမ်းဆီးခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့တုန်းကလည်း ထိုင်းတောင်ပိုင်း နကြန္စီထာမရတ်ခရိုင်ထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလာကြတဲ့ ရိုဟင်ဂျာ ၄၀ ကျော်ကို လူကုန်ကူးသူတွေက ရာဘာခြံတခုထဲမှာ စွန့်ပစ်သွားတာကြောင့် ဒေသခံ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG