သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာ ၇၁ဦး ဖမ်းဆီးခံရ


ထိုင်းမြန်မာနယ်စပ်တာခ့်ပြည်နယ် မဲဆောက်မြို့နယ်ထဲ ရိုဟင်ဂျာ ၇၁ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ် (၂၀၂၃ ဇန်နဝါရီ ၇)
ထိုင်းမြန်မာနယ်စပ်တာခ့်ပြည်နယ် မဲဆောက်မြို့နယ်ထဲ ရိုဟင်ဂျာ ၇၁ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ် (၂၀၂၃ ဇန်နဝါရီ ၇)

ထိုင်းမြန်မာနယ်စပ်တာခ့်ပြည်နယ် မဲဆောက်မြို့နယ်ထဲက နယ်စပ်ရပ်ကွက်တခုထဲမှာ မြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီဘက်က သောင်ရင်းမြစ်ကိုဖြတ်ပြီးကူးလာတဲ့ ရိုဟင်ဂျာ ၇၁ဦးကို ဇန်နဝါရီလ ၇ ရက်နေ့က ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီဘက်က သောင်ရင်းမြစ်ကိုဖြတ်ပြီးကူးလာတဲ့ ရိုဟင်ဂျာ ၇၁ဦးကို ဇန်ဝဝါရီလ ၇ ရက်နေ့ ၂ သုတ်ခွဲပြီး ဖမ်းမိခဲ့တာပါ၊ လူ၆၀ တသုတ်ဖမ်းမိပြီး၊ နောက်ထပ် လူ၁၁ဦး ကို ထပ်မံဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ရိုဟင်ဂျာတွေထဲမှာကလေးငယ် ၁၀ဦးပါဝင်တယ်လို့ဆိုပါတယ်။ လူကုန်ကူးသူတွေကနေတဆင့်မလေးရှားနိုင်ငံကိုထပ်ပြီး သွားကြမယ့်သူတွေကို နယ်စပ် ကျေးရွာတခုက ကြံခင်းထဲမှာဖမ်းမိတယ်လို့အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ဖြစ်စဉ်ဖြစ်တာကတော့ ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ် မဲဆောက်မြို့ထာ့ဆိုင်လုဝတိုက်နယ် ရပ်ကွက်ထဲက ကြံခင်းတခုထဲမှာ မြန်မာနိုင်ငံမြဝတီဘက်ကနေ ချောင်းဖြတ်ကူးလာတဲ့ ရိုဟင်ဂျာ၇၁ဦးကို ဇန်ဝါရီလ ၇ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက သူတို့နဲ့ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ကလာတဲ့လူကုန်ကူးတဲ့ ရိုဟင်ဂျာအမျိုးသားတဦးကိုလည်းဖမ်းမိခဲ့ပါတယ်။ အခုဖမ်းမိတဲ့ ရိုဟင်ဂျာ၇၁ဦးကတော့ ထိုင်းတောင်ပိုင်းကနေ မလေးရှားနယ်စပ်ကိုသွားပြီး မလေးရှားထဲမှာအလုပ်လုပ်ကိုင်ဖို့အတွက်လူပွဲစားကို တဦးကို ဘတ်ငွေ ၈သောင်းထိပေးတယ်ဆိုတဲ့အကြောင်းသူတို့က ထွက်ဆိုကြပါတယ်။ အခုအမူ့နဲ့ပတ်သက်ပြီးဆက်စပ်နေတဲ့ မဲဆောက်မြို့က အဓိက လူမှောင်ခိုသမားအမျိုးသမီးတဦးကိုလည်း ဖမ်းဖို့လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။"

ဖမ်းဆီးရမိတဲ ရိုဟင်ဂျာတွေရော လူကုန်ကူးတဲ့ပွဲစားတွေကိုပါ စစ်ဆေးမူတွေ ပြီးရင် အရေးယူမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

"လိုအပ်တဲ့စစ်ဆေးမှု ပြီးသွားရင် လူကုန်ကူးမှု့ဥပဒေ ၂၀၀၈အရ အရေးယူမှာဖြစ်ပါတယ်။ လူကုန်ကူးခံရတဲ့ သားကောင်တွေကလည်း အပြစ်လွတ်မှာမဟုတ်ဘူး၊ အနည်းဆုံးထောင်ဒဏ် ၁နှစ် အရေးယူခံရမှာဖြစ်ပါတယ်။ လူကုန်ကူးသူတွေကတော့ လူကုန်ကူးမှု့ဥပဒေအရ ထောင်ဒဏ် ၄နှစ်ကနေ ၁၀နှစ်ထိ ကျခံရမှာဖြစ်သလို ငွေဒဏ်ကတော့ ဘတ်ငွေ တသိန်းကနေ ၁၀သိန်းထိကျခံရမှာဖြစ်ပါတယ်။ ပြစ်ဒဏ် ၂ရပ်လုံးပေါင်းလည်းဖြစ်စေကျခံရနိုင်တယ် ထိုင်းဥပဒေမှာပြဌာန်းထားပါတယ်။"

အလားတူ အထောက်အထားမဲ့ ရိုဟင်ဂျာတွေကို ၂၀၂၂ခုနှစ်ထဲမှ အစုလိုက်အပြုံလိုက် နယ်စပ်မှာဖမ်းမိတာတွေလည်းရှိခဲ့ပါတယ်။

"မဲဆောက်ဘက်ကို မြဝတီဘက်ကနေ ကူးလာတဲ့ရိုဟင်ဂျာ အစု ၃စုဟာ ၂၀၂၂ခုနှစ်မှာအဖမ်းခံရပါတယ် အားလုံးပေါင်း လူ၁၀၀ကျော်ပါပါတယ်။"

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရိုဟင်ဂျာတွေဟာ အများစုက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေလာကြသူတွေဖြစ်ပြီး အသက်ရှင်ရပ်တည်ဖို့အလုပ်အကိုင်အခွင့်အလန်းတွေရဖို့ ထိုင်းနိုင်ငံထဲကို ထွက်လာကြသူတွေလည်းရှိသလို တချို့ကတော့ မလေးရှားနိုင်ငံထဲထိ ဝင်ဖို့ကြိုးစားကြသူတွေလည်းရှိပါတယ်ရှင်။

{Unicode}












XS
SM
MD
LG