သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေ ဆက်တိုက်ဖမ်းဆီးခံနေရမှု စိုးရိမ်ဖွယ်ရှိ


A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.
A wooden boat is used to carry RohingyaÊrefugees rest at a beach in Ladong village Indonesia, December 25, 2022.

မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့တိုင်းတချို့က ရန်ကုန်အပါအဝင် မြို့တော်တော်များများမှာ ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံလိုက် မကြာခဏဆိုသလို ခပ်စိပ်စိပ် အဖမ်းအဆီးခံရတဲ့ အနေအထားက အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေဟာ သူတို့ ဘဝရေရှည် နေထိုင်ရပ်တည်ရေးနဲ့ အနာဂတ်အတွက် အာမခံချက်မရှိတာရယ် အသက်အန္တရာယ်လုံခြုံရေး အတွက်ပါ အထူးစိုးရိမ်ရတာမို့ အခုလို နည်းလမ်းပေါင်းစုံသုံးပြီး နေရပ်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ ဒီလိုစွန့်ခွာထွက်ပြေးနေကြချိန် လမ်းခရီးမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ တရားစွဲဆို ထောင်ချခံရတာ နောက်ဆုံး အသတ်ခံရတဲ့အထိ ကြုံရတဲ့အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ရိုဟင်ဂျာတွေက ပြောပါတယ်။ အကြောင်းစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရိုဟင်ဂျာမူဆလင်တွေဟာ သူတို့နေထိုင်ရာ ရခိုင်ပြည်နယ် မြန်မာနိုင်ငံထဲကရော၊ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲကပါ နည်းလမ်းပေါင်းစုံသုံးပြီး ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ ပြည်ပနိုင်ငံတွေဆီကို ရေလမ်း-ကုန်းလမ်းတွေကနေ စွန့်ခွာထွက်ပြေးနေကြပါတယ်။ ဒီလပိုင်းတွေထဲ မြန်မာနိုင်ငံတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် ရခိုင်ပြည်နယ်စတဲ့ မြို့နယ်အတော်များများမှာ ခရီးလမ်းဂိတ်တွေမှာ တားဆီးစစ်ဆေးမှုတွေကနေ အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းခံရတာ ရှိသလို မြန်မာပြည်တွင်းမှာပဲ ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချအပြစ်ပေးတာမျိုးတွေနဲ့လည်း ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် သွားလာခွင့်ကန့်သတ်ချက်တွေ ရှိနေတဲ့ ရခိုင်ပြည်နယ်ထဲကနေ ပွဲစားတွေကနေတဆင့် ခရီးသွားလာခွင့် ညှိနှိုင်းပြီးပြီဆိုတဲ့ အာမခံချက်တွေနဲ့ ထွက်ခွာခဲ့ကြပြီးနောက် အခုလို လမ်းခရီးတွေမှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်တောမှာ နေထိုင်ခဲ့ဖူးတဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၁) က ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ရှင်းပြပါတယ်။

“အဓိကအများဆုံး သွားနေတာက ရသေ့တောင်မြို့နယ်ဘက်မှာ အဓိက ပွဲစားတွေ ရှိတယ်။ အဲ့ဒီ့ပွဲစားတွေက ရသေ့တောင်မြို့နယ်ကနေ စစ်တွေကို ခေါ်ဆောင်သွားတယ်။ အဲ့ဒီ့ပွဲစားတွေက ဒီလူတွေကို အမျိုးမျိုးလိမ်ညာပြီးတော့ ပြောဆိုတယ်။ ကျနော်တို့က ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းထားပြီးပြီ၊ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် သွားလို့ရတယ်လို့ ပွဲစားတွေက အမျိုးမျိုး လိမ်လည်ပြောဆိုပြီးတော့ လူတွေကိုခေါ်ဆောင်သွားတယ်။ အများစုက တောင်ကုတ်လမ်းကနေသော်လည်းကောင်း၊ အမ်းလမ်းကနေသော်လည်းကောင်း၊ မြန်မာပြည်အတွင်းပိုင်းကို ထွက်ခွာကြတယ်။ အဲ့ဒီ့မှာတင် လမ်းခရီးမှာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပြေလည်မှု မရှိတဲ့အတွက် သူတို့ အဖမ်းခံရတယ်ဆိုတာ ကျနော်တို့ ကြားသိရတယ် နောက်ပြီးတော့ အများစု အဖမ်းခံရတာ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း အဲ့ဒီ့ပြည်နယ်နဲ့တိုင်းတွေမှာ အများဆုံး ကျနော်တို့ရိုဟင်ဂျာတွေ အဖမ်းဆီးခံနေရတာကို တွေ့နေရပါတယ်ဗျ။”

မဆုမွန် ။ ။ အဲ့ဒီ့တော့ ဒီရိုဟင်ဂျာတွေက မြန်မာပြည်ထဲမှာ လွတ်လွတ်လပ်သွားလို့ မရဘူး။ သူတို့ကို တွေ့တယ်ဆိုရင်လည်း “ခိုးဝင်ဘင်္ဂလီတွေ” ဆိုပြီးတော့မှ ဖမ်းပြီးတော့ တရားစွဲ ဥပဒေပုဒ်မတွေတပ်ပြီး အရေးယူတာ ဖမ်းတာ ထောင်ချတာတွေရှိတယ်ဆိုတော့။ ဘယ်လိုနေရာတွေကို ဘယ်ဘက်တွေကို သွားတယ်ဆိုရင် တရားမဝင် ခရီးသွားတယ်လို့ သတ်မှတ်ပြီးတော့ အဖမ်းဆီးခံရတာတွေ ရှိလဲ။ ဦးကျော်မြင့်ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်ထဲမှာ နေခဲ့တယ်ဆိုတော့ ဘယ်လိုတားမြစ်ချက်တွေ ရှိလဲ။ ဥပမာ နယ်မကျော်ရဘူးဆိုရင် ဘယ်လိုစည်းကမ်းချက်တွေ ထုတ်ထားတာရှိလဲရှင့်။

ဦးကျော်မြင့် ။ ။ ကျနော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ရဲ့သားနဲ့ နိုင်ငံအတွင်းမှာ - အထူးသဖြင့် ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေအတွက် ကန့်သတ်မှုတွေ အများကြီးထားထားပါတယ်။ ပြည်နယ်တခုနဲ့ တခုသွားမယ်ဆိုရင် အထောက်အထား မပါဘူးဆိုပြီးတော့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ဘင်္ဂလီဆိုပြီးတော့ ဖမ်းဆီးထောင်ချတာတွေ သတ်ဖြတ်မှုတွေ ပြုလုပ်နေတာတွေကို အမြဲတွေ့နေရပါတယ်။ ရန်ကုန် လှည်းကူးမြို့နယ်မှာဆိုရင် လူပေါင်း (၁၃) ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကို ကျနော်တို့က ရှုံ့ချပါတယ်။ အင်မတန်မှကို ကျနော်တို့ ဝမ်းနည်းခံစားခဲ့ကြရပါတယ်။ အခုဆိုရင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အမျိုးသမီးငယ်လေးတွေ၊ နောက် လူကြီးလူငယ် ဖမ်းဆီးထောင်ချခံနေရတာကို အမြဲတမ်း တွေ့နေရပါတယ်။ အခု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ဆိုရင်လည်း လူပေါင်းတသန်းကျော် ခိုလှုံနေထိုင်နေကြရတယ်။ တခြားနိုင်ငံတခုမှာ ခိုလှုံနေထိုင်ကြရတဲ့အတွက်လည်း ကျနော်တို့အတွက် သွားလာနေထိုင်မှုကို ကန့်သတ်ပြီးသားပါ။ ဒီမှာဆိုလည်း နယ်မြေအေးချမ်းလုံခြုံမှု မရှိတာတကြောင်း၊ နောက် ဒီလူပေါင်းတသန်းကျော်ကို ခြောက်နှစ်ဝန်းကျင်ရှိတာတောင် မြန်မာဘက်က တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်ကို မလုပ်ပေးဘူး အဲ့ဒီ့အချိန်မှာ စားရေးသောက်ရေး မဖူလုံတာတကြောင်း၊ အလုပ်အကိုင်မရှိတာတကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဆင်မပြေတာတွေကြောင့် ဒီလို အခြေအနေတွေကြောင့် လူတွေက စိတ်ပျက်လက်ပျက်နဲ့ စိတ်သောကအမျိုးမျိုးကြောင့် ပင်လယ်ခရီးကနေ ထွက်ခွာနေတာတွေကို တွေ့ရတယ်။ ကုန်းလမ်းခရီးကနေလည်း ထွက်ခွာနေတာတွေကို တွေ့ရတယ်။ မိမိအသက်ကို ပဓာနမထားဘဲ၊ ထွက်လို့ရသမျှ လမ်းကြောင်းကနေ ထွက်ခွာနေတာကို အမြဲတွေ့မြင်နေရပါတယ်။”

အဲ့ဒီ့လိုမျိုး ရိုဟင်ဂျာတွေဟာ သူတို့ ထွက်ပြေးရာ လမ်းခရီးတလျောက် ဒေသခံအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာရှိသလို အသက်သေတဲ့အထိ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရတဲ့အပြင် တရားစွဲဆို ထောင်ချခံ လိုက်ရပြီးတဲ့နောက် ထောင်တွေထဲ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေပါ ဆိုးရွားလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ နေထိုင်ခဲ့တဲ့ ဘာလုခါလီဒုက္ခသည်စခန်း အမှတ် (၉) က ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း ဗွီအိုအေကို ပြောပြပါတယ်။

“ကမ့်ထဲကနေတဆင့်လည်း ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့ကြတယ်။ အဲ့ဒီ့ကနေ ဘူးသီးတောင် ရသ့တောင်တွေမှာလည်း စုဆောင်းကြတယ်။ စစ်တွေကနေတဆင့် တောင်ကုတ် အမ်းလမ်းတွေကနေ သွားတယ်။ အဲ့ကနေ ပင်လယ်ဘက်ကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ထားဝယ်ကနေလည်း ဝင်ကြတယ်။ ပွဲစားတွေကနေ ကျေးရွာ၊ ရပ်ကွက် ရယကတွေကနေ ပိုက်ဆံနဲ့ ညှိနှိုင်းတယ်လို့ပြောတယ်။ နောက်မှာ ရခိုင်ပြည်နယ်ထဲ လမ်းမှာ တာဝန်ကျတဲ့ ဌာနဆိုင်ရာအသီးသီး၊ စစ်သားတွေရောပေါ့ AA နဲ့ပါ ညှိနှိုင်းထားပါတယ်ဆိုပြီး ပွဲစားတွေက ကတိပေးကြတယ်။ အဲ့ဒီ့ကနေ ရန်ကုန်၊ ဧရာဝတီ ကရင်ပြည်နယ်၊ တနင်္သာရီ၊ မွန်ပြည်နယ်ဘက်လည်းဖြတ်ရော အဲ့ဒီ့မှာတင် တခြားဌာန အဖွဲ့အစည်းက ဖမ်းဆီးပြီးတော့ သူတို့ကို ထောင်ချတာရှိတယ်။ အဲ့လိုတွေ အများကြီးတွေ့တယ်။ ထောင်ထဲမှာဆိုရင်လည်း အခု အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေ အများကြီး ကလေးသူငယ် မိန်းခလေးတွေအပါအဝင် လူပေါင်း ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရတာကို တွေ့မြင်ကြားသိနေရပါတယ်။”

တကယ်တော့ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး မြန်မာနိုင်ငံတွင်း လွတ်လပ်စွာခရီးသွားလာခွင့်မရှိတဲ့ တင်းကျပ်တဲ့ဟန့်တားမှုတွေနဲ့ နှစ်ရှည်လများ ရင်ဆိုင်ခဲ့ရတာပါလို့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြောပါတယ်။ ဒီလိုကန့်သတ်မှုတွေကြားက အရဲစွန့်ပြီးး လမ်းခရီးတလျောက် ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်တွေမှာ ဆက်သွယ်မှုပြတ်တောက်တာမျိုး၊ အသက်အန္တရာယ်ထိခိုက်လောက်တဲ့အထိ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရပေမဲ့လို့ ဘာကြောင့် သူတို့တွေ အသက်ပေးပြီး အဝေးကို ထွက်ပြေးနေကြရပါသလဲ။

“ယနေ့အချိန်အထိ ကျနော်တို့ဟာ ခွဲခြားဆက်ဆံမှု ဖိနှိပ်မှုမျိုးစုံနဲ့ ခံခဲ့ကြရတဲ့ လူနည်းစုဖြစ်ပါတယ်။ ကျနော်တို့တွေဟာ မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ မောင်တော၊ ဘူးသီးတောင်ဘက်တွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရွာတွေကို မီးရှို့ခြင်းတွေ လုပ်ဆောင်တော့ ကျနော်တို့ ရိုဟင်ဂျာလူပေါင်း သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်ဘက် ခိုလှုံခဲ့ရပါတယ်။ မြန်မာပြည်တွင်းမှာ ကျန်နေခဲ့ရတဲ့ ရိုဟင်ဂျာတွေကလည်း စစ်ရေးပဋိပက္ခအမျိုးမျိုးကြောင့် သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့်၊ နောက် လူတွေမှာ စားဝတ်နေရေး စီးပွားအလုပ်အကိုင် မလုပ်တာကြောင့်၊ နေရေးထိုင်ရေး အလွန်စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် မြန်မာပြည်ကနေ တဆင့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းဘက်တွေကို ထွက်ပြေးနေကြတာကို တွေ့နေရပါတယ်။”

ရိုဟင်ဂျာတွေဟာ မိမိတို့နေထိုင်ခဲ့ရတာ နေရာတွေမှာလည်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရ၊ ထွက်ပြေး တိမ်းရှောင်သွားရတဲ့ ခရီးလမ်းတွေမှာလည်း အသက်သေဆုံးတဲ့အထိ အန္တရာယ်တွေနဲ ဆယ်စုနှစ်တွေနဲ့ချီ နှစ်ရှည်လများ ရင်ဆိုင်ကြုံတွေ့ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက ထိရောက်တဲ့လက်တွေ့ကျတဲ့ ကူညီဆောင်ရွက်မှုတွေပေးတဲ့ နည်းလမ်း၊ အမြန်ဆုံး ရှာသင့်ပါပြီလို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေက အကြံပြုပါတယ်။

အခုသီတင်းပတ်အတွင်းမှာကိုပဲ မြန်မာနိုင်ငံတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ် ရခိုင်ပြည်နယ်စတဲ့ မြို့နယ်အတော်များများမှာ ကလေးငယ်တွေ အပါအဝင် အမျိုးသမီးတွေနဲ့ လူငယ်တွေပါတဲ့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် နေအိမ်တွေ၊ ခရီးလမ်း စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသလို၊ ပြီးခဲ့တဲ့နှစ် ၂၀၂၂ တုန်းကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ တပင်ရွှေထီး ကားလမ်းမဘေးမှာ ရိုဟင်ဂျာမူဆလင်တချို့ အစုလိုက်အပြုံလိုက် သေဆုံးနေတာတွေ တွေ့ရှိခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးကို တရားဝင်လက်ခံမထားတဲ့ မြန်မာအာဏာပိုင်တွေဘက်ကတော့ လူကုန်ကူးမှုနဲ့ ဆက်စပ်တဲ့မှုခင်းတွေဖြစ်ပြီး လူကုန်ကူးမှုဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

====== Unicode ==========













XS
SM
MD
LG