သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှု ရုပ်ရှင်ပြသမည်


World War II freedom fighters ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ (ဓာတ်ပုံ - Reuters Video)
World War II freedom fighters ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ (ဓာတ်ပုံ - Reuters Video)

အိန္ဒိယနိုင်ငံ ဗြိတိသျှ ကိုလိုနီ လက်အောက် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ပြီး အခုချိန်မှာ မေ့လျော့ခံနေရတဲ့ Indian National Army အိန္ဒိယ အမျိုးသား တပ်မတော် အကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကို အမေရိကန်အခြေစိုက် Amazon Prime အွန်လိုင်း Channel ကနေ မကြာခင် ပြသတော့မှာပါ။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ နည်းတူ ဗြိတိသျှကိုလိုနီတွေကို တွန်းလှန် တိုက်ထုတ်ခဲ့ကြတဲ့ မျိုးချစ်သူရဲကောင်းတွေကို ဂုဏ်ပြုထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှကိုလိုနီတွေကို တွန်းလှန်တိုက်ခိုက်ဖို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး Burma Independence Army မြန်မာ့လွတ်မြောက်ရေး တပ်မတော်ကို စတင် တည်ထောင်ခဲ့သလိုဘဲ အိန္ဒိယမှာလည်း ဗြိတိသျှအုပ်ချုပ်မှုအောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ Indian National Army (INA) အိန္ဒိယ အမျိုးသားတပ်မတော်ကို အိန္ဒိယ မျိုးချစ်ပုဂ္ဂိုလ် Subhash Chandra Bose က စတင် တည်ထောင်ခဲ့တာပါ။

ဒုတိယကမ္ဘာစစ် ကာလက အိန္ဒိယ အမျိုးသားတပ်မတော်အကြောင်း အခြေခံ ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို မွန်ဘိုင်းမြို့မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။ Drama ကားအဖြစ် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းတွဲကိုတော့ အင်တာနက် Website ပေါ်ကနေ သီးသန့်ဖြန့်ချိ ပြသမှာ ဖြစ်ပါတယ်။

ဆိုရှယ်လစ်ဝါဒီတွေက စတင်ဖွဲ့စည်းလိုက်တဲ့ INA တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဝင်ရိုးတန်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယကို ကိုလိုနီပြု အုပ်ချုပ်နေတဲ့ ဗြိတိသျှမဟာမိတ်တပ်တွေကို တော်လှန်တိုက်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ။ INA တပ်ဖွဲ့တွေဟာ မြန်မာပြည် ပြန်လည်သိမ်းပိုက်ရေး စစ်ဆင်ရေး ဆင်နွှဲနေတဲ့ ဗြိတိသျှတပ်ဖွဲ့တွေကို ဂျပန်ဧကရာဇ် တပ်မတော်နဲ့ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက် နယ်စပ်မှာ တိုက်ပွဲဝင်ခဲ့တာပါ။

The Forgotten Army မေ့လျော့ခံနေရတဲ့ တပ်မတော်လို့ အမည်ပေးထားတဲ့ ဒီ ရုပ်သံဇာတ်လမ်းတွဲကိုတော့ အိန္ဒိယနိုင်ငံ ဘောလိဝုဒ်က ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးသူလည်းဖြစ်တဲ့ Kabir Khan က ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ ပင်မကျောရိုးကတော့ ဗြိတိသျှတို့က အိန္ဒိယအရှေ့မြောက်နယ်စပ်မှာ Burma Campaign စစ်ဆင်ရေး ပြုလုပ်နေတာကို INA အိန္ဒိယအမျိုးသားတပ်မတော်က ခုခံတိုက်ခိုက်တဲ့အကြောင်းကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီဇာတ်လမ်းတွဲကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ရိုက်ကူးထားကြောင်း ဒါရိုက်တာ Kabir Khan က The Forgotten Army ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

“ ဒီဇာတ်လမ်းတွဲ ကြီးကျယ်ခမ်းနားအောင် ရည်မှန်းချက်ကြီးမားစွာနဲ့ ရိုက်ကူးထားတယ် ဆိုတာကို တွေ့ကြရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ အင်မတန်တော်တဲ့ သရုပ်ဆောင်သစ်တွေကို သုံးထားပါတယ်။ ကျနော့်အနေနဲ့ ဘောလိဝုဒ်မှာ ကြီးကျယ်ခမ်းနားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖူးပေမယ့် ဒီဇာတ်လမ်းတွဲက အဲဒီ ရိုက်ဖူးသမျှ ဇာတ်ကားတွေထက် အဆပေါင်းများစွာ ကြီးကျယ် သာလွန်တယ်ဆိုတာ ကျနော် ပြောရဲပါတယ်။”

ဒီရုပ်သံဇာတ်လမ်းတွဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Sunnay Kaushal ကလည်း တချိန်က တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသူတွေကို ဂုဏ်ပြုထားတဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ပြောပါတယ်။

“ ဒီဇာတ်လမ်းတွဲက သမားရိုးကျ ဇာတ်လမ်းတွဲမျိုး မဟုတ်တာကြောင့် ဒီဇာတ်လမ်းမှာ ပါဝင်ခွင့်ရတာဟာ ထူးမြတ်တဲ့ အခွင့်ကောင်းတခုပါ။ ဒီနေ့ခေတ် လူငယ်တွေကြားမှာ မေ့လျော့ခံနေရတဲ့ တခေတ်တခါက မျိုးဆက်တွေရဲ့ အကြောင်းကို ပြောပြရတာဟာ တာဝန်လည်း ကြီးပါတယ်။ ဒါကြောင့် မေ့လျော့ခံနေရတဲ့ တပ်မတော်လို့ ဘာကြောင့် ခေါ်ရသလဲဆိုတာကို သဘောပေါက်သွားစေသလိုဘဲ၊ သြော် ငါတို့အခုလို လွတ်လပ်မှုကို ခံစားနိုင်ဖို့အတွက် တချိန်က တိုင်းပြည်အတွက် ဒီလူတွေ အသက်တွေ ပေးဆပ်ခဲ့ကြရပါလား ဆိုတဲ့ ခံစားချက်မျိုးလည်း ရင်ထဲကို ဝင်လာစေပါတယ်။ သူတို့ရဲ့ ပေးဆပ်ခဲ့မှုတွေကို လေးစား ဂုဏ်ပြုရာလည်း ရောက်ပါတယ်။”

ဒီ ရုပ်သံဇာတ်လမ်းတွဲကိုတော့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ မြောက် အိန္ဒိယရဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Amazon Prime အွန်လိုင်း Channel ကနေ စတင် ပြသမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင် အသက်ဝင်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကို Republic Day ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

(Unicode)













XS
SM
MD
LG