သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူ လူငယ်တွေပိုများလာ


တပ်မတော်နေ့အခမ်းအနားမြင်ကွင်းတခု (ယခင်မှတ်တမ်းပုံ)
တပ်မတော်နေ့အခမ်းအနားမြင်ကွင်းတခု (ယခင်မှတ်တမ်းပုံ)

မြန်မာနိုင်ငံအတွင်းက မြို့နယ် တော်တော်များမှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီလဆန်းပိုင်းကစလို့ စစ်ကောင်စီက စာရင်းကောက်ယူတာတွေ၊ မဲနှိုက်ခိုင်းတာတွေ စတင် လုပ်ဆောင်နေတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် တော်တော်များများဟာ ပြည်ပနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာနေကြတာပါ။ ဒီလအတွင်းမှာပဲ ပြည်ပထွက်ခွာသူတွေ အရင်ကထက် ၄ ဆလောက် ပိုများလာတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်းပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး ကိုစည်သူက တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ပြည်တွင်းစစ်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းပြီးတော့ လူငယ်တွေကိုစစ်မှုထမ်းဖို့ စာရင်းကောက်ယူတာတွေ၊ မဲနှိုက်ခိုင်းတာတွေ ဒီလဆန်းပိုင်းစလို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူငယ်တဦးကပြောပါတယ်။

“ကျနော်နေတဲ့ ရပ်ကွက်မှာဆိုရင် သန်းခေါင်စာရင်းနဲ့ နေတဲ့သူတွေကို စာရင်းကောက်ပြီးတော့ ရပ်ကွက်ရုံးက ခေါ်နေတာတွေ ရှိနေပြီဗျာ၊ စစ်မှုထမ်းခိုင်းတာတွေ ရှိနေပြီ။ ကျနော်က ကျတော့ နယ်ကလာပြီးတော့ ဒီမှာ ဧည့်စာရင်းနဲ့ နေနေတာဆိုတော့ သိပ်ပြဿနာတော့ မရှိသေးဘူး၊ ဒါပေမဲ့ ကျနော့်ဆီကိုလည်း ရောက်လာနိုင်တယ်။ ဘာလို့လည်းဆိုတော့ ကျနော်က အမြဲတမ်း ဧည့်စာရင်းတိုင်နေရတယ်။ ကျနော့်အသိ ညီအကိုနှစ်ယောက်ဆိုရင်လည်း စစ်မှုထမ်းရမယ့်ထဲမှာ ပါပြီးတော့ ဖောင်ဖြည့်လိုက်ရတယ်။ ပြီးတော့ မဲနှိုက်ရမယ်တဲ့၊ အဲလိုမျိုးတွေ ကြုံနေကြရတယ်။”

အဲဒါကြောင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တော်တော်များများဟာ ပြည်ပနိုင်ငံတွေကိုထွက်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလအတွင်းမှာပဲ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေထွက်ခွာသူ အရင်လတွေကထက် ၄ဆလောက်မြင့်တက်ပြီး အများစုဟာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေဖြစ်တယ်လို့ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှု ပေးနေသူတဦးက ပြောပါတယ်။

“ နိုင်ငံခြားထွက်တဲ့နှုန်းက များလားဆိုတော့ အရင်ကထက် သုံးလေး ဆလောက်ကို များ တယ်။ အဲဒီလိုဖြစ်နေတယ်။ လေယာဉ် လက်မှတ်တွေကလည်း ကျပ်တယ်။ တချို့ရက်တွေဆိုရင် Business class တွေလောက်ပဲ ကျန်တော့တယ်။ အစောဆုံးဆိုရင် ဘယ်တော့လောက် စရမလဲဆိုရင် ရန်ကုန်-ဘန်ကောက်ကို အစောဆုံးလေယာဉ်လက်မှတ်က မတ်လ နောက်ဆုံး အပတ်လောက်မှ စတော့တယ်၊ မတ်လ နောက်ဆုံးအပတ်တောင်မှ ၂၇၊ ၂၈လောက်မှစပြီးတော့ ရတော့မယ်။”

စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဒီ ဥပဒေအတွင်း အကျုံးဝင်သူ အမျိုးသား သင်တန်းသား ၅,၀၀၀ ကို ပထမအသုတ်အဖြစ် လာမယ့် ဧပြီလအတွင်းမှာ စတင် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဘယ်နေ့ စတင်ခေါ်ယူမယ်ဆိုတာကိုတော့ အတိ အကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ရန်ကုန်မြို့မှာထိုင်တဲ့ အသက် ၂၄နှစ်အရွယ် လူငယ်တဦးကတော့ စစ်မှုထမ်းရမှာကို ကြောက်တာကြောင့် နိုင်ငံခြားကို အမြန်ဆုံးထွက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“ မိဘတွေကတော့ စိုးရိမ်ကြတာပေါ့လေ၊ ထွက်လို့ရရင် အမြန် ထွက်စေချင်တာပေါ့။ ကျနော်ကိုယ်တိုင်ကလည်း ဒီမှာ ဆက်နေရင် မထူးဘူးပေါ့လေ၊ အန္တရာယ်လည်း ပိုများတယ်။ ပြီးတော့ ဆက်နေလို့လည်း ဘာမှ အကျိုးထူးလာမှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်တယ်။ ကံဆိုးရင် စစ်မှုထမ်းတို့ ဘာတို့ ပါလာနိုင်တဲ့ အနေအထားရှိတယ်။ ဆိုတော့ ထွက်မယ်ဆို တာဖြစ်လာတယ်။ ဒီမှာနေလည်း ဘာမှ ဆက်လုပ်လို့မရလို့ပါပဲ။”

မြန်မာနို်င်ငံကနေ လူငယ်တွေ တော်တော်များများ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ကြတာများသလို ရေရှည်နေထိုင်အဖို့ ရည်ရွယ်ချက်တွေနဲ့ ထွက်လာကြတာ များတယ်လို့လည်း ခရီးသွားဝန်ဆောင်လုပ်ငန်း လုပ်ဆောင်နေသူ တဦးကပြောပါတယ်။

“အထွက်များတာကတော့ ထိုင်းနိုင်ငံကိုပဲ အထွက်များတယ်။ မြန်မာနိုင်ငံနဲ့ မလှမ်းမကမ်း ဖြစ်တာလဲပါတယ်။ နောက်ပြီးတော့ နေတာ ထိုင်တာ စားတာ သောက်တာကလည်း တခြားနိုင်ငံတွေထက် ပိုပြီးတော့ ထိုင်းက သက်သာတယ်ဆိုတော့ ထိုင်းကိုပဲ ထွက်ကြတာများတယ်။ ပြီးတော့ လူငယ်တွေ အဓိကများတယ်။ ဟိုဘက်မှာ ကျောင်းတက်မယ်၊ ပြီးရင် ED ဗီဇာ ပြောင်းပြီးတော့ ရေရှည်နေမယ့် ရည်ရွယ်ချက်နဲ့ သွားကြတာများတယ်။”

လက်ရှိမှာတော့ မြို့နယ်တချို့မှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီပြီး မဲနှိုက် ရွေးချယ်ခံထားရသူတွေရဲ့ ခရီးသွားလာခွင့်တွေကို စစ်ကောင်စီက ကန့်သတ်တာတွေလည်း ရှိနေပါတယ်။ ရွေးချယ်ခံ ထားရသူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ ကြိုတင် အကြောင်းကြားဖို့နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတဆင့် ပြောနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း နိုင်ငံသားမဟုတ်တဲ့ မွတ်ဆလင်ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအကျပ်စစ်မှုထမ်းခိုင်းပြီး ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေမှာ ဝင်ရောက် တိုက်ခိုက်ခိုင်းတာတွေ ရှိနေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG