သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုဆန့်ကျင်တဲ့ အာဖဂန်နဲ့မြန်မာ ကုလသံအမတ်ကြီးများ


အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ရဲ့ အကြီးအကဲ Naseer Ahmad Faiq (ဝဲ) နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ယာ)
အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ရဲ့ အကြီးအကဲ Naseer Ahmad Faiq (ဝဲ) နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း (ယာ)

အာဖဂန်နစ္စတန်နဲ့မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရတွေကိုဖယ်ရှားပြီးအုပ်ချုပ်နေကြတဲ့အာဏာရှင်တွေကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်မပြုသလို နှစ်နိုင်ငံစလုံး သန်းနဲ့ချီတဲ့ပြည်သူတွေဟာလည်း လူသားချင်စားနာမှုဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ဟာ အာဖဂန်ပြည်သူတွေရဲ့အသံကို ကမ္ဘာကပိုကြားလာအောင် ပြည်တွင်းကနေလုပ်ကိုင်နေချိန်မှာ မြန်မာသံအမတ်ကြီးကတော့ ပြည်ပကနေပဲ သံတမန် နည်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့အခြေအနေကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ ပြန်လည်အာဏာယူအုပ်ချုပ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတွင်းကသံတမန်အများစု ပြန်လည်ထွက်ခွါသွားခဲ့ကြပေမယ့် Naseer Ahmad Faiq ကတော့ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်ရဲ့ အကြီးအကဲအဖြစ် ပြည်တွင်းကနေ တာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပါတယ်။

တာလီဘန်တွေကို အစိုးရတရပ်အဖြစ် ဘယ်တိုင်းပြည်ကမှ အသိအမှတ်မပြုသေးသလို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာလီဘန်တို့ တင်သွင်းတဲ့သူကိုလည်း ကုလက အသိအမှတ်မပြုပါဘူး။ တာလီဘန်တို့နဲ့ ဆက်သွယ်လုပ်ကိုင်ခြင်းမရှိတဲ့ မစွတာ Faiq ကတော့ သူ့ရဲ့လုပ်ငန်းက အာဖဂန်ပြည်သူတွေရဲ့အသံတွေ ပိုကျယ်လာအောင်လုပ်ပေးဖို့ဖြစ်တယ်လို့ ပြောပါတယ်။

"အာဖဂန်အရေး ဆွေးနွေးဖို့၊ အာဖဂန်ပြည်သူတွေကို ကိုယ်စားပြုဖို့ဆိုတာ ကျနော်တို့ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်ပါတယ်။ အာဖဂန်ပြည်သူတွေရဲ့ အကျိုးစီးပွါးကိုသာ ကျနော်တို့ ကိုယ်စားပြုပါတယ်။ အာဖဂန်ပြည်သူတွေမှာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။ ကျနော်တို့ရဲ့ ဦးစားပေးလုပ်ငန်းကလည်း အာဖဂန်ပြည်သူတွေရဲ့ အသံကို နိုင်ငံတကာက ကြားအောင်လုပ်ပေးဖို့ဖြစ်ပါတယ်။"

အာဖဂန်နိုင်ငံတွင်း ပေါ်ပေါက်နေတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဖြေရှင်းနိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံလူဦးရေ ၃ ပုံ ၂ ပုံဖြစ်တဲ့ ပြည်သူ၂၈.၃ သန်းတို့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့လည်း Faiq ကပြောပါတယ်။ တာလီဘန်တို့ကြောင့် အာဖဂန်ပြည်သူတွေ ခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူကပြစ်တင်ပြောဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံမှာလည်း စစ်ကောင်စီကတင်သွင်းတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကို ကုလသမဂ္ဂကလက်မခံသလို NLD ပါတီဦးဆောင်တဲ့ အစိုးရလက်ထက်က တာဝန်အပ်နှင်းထားတဲ့ ဦးကျော်မိုးထွန်းကိုပဲ မြန်မာသံအမတ်ကြီးအဖြစ်ဆက်လက် အသိအမှတ်ပြုလက်ခံထားပါတယ်။

အာဖဂန်မှာလိုပဲ မြန်မာပြည်သူတွေမှာလည်း အာဏာရှင် အုပ်ချုပ်မှုအောက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကုလသမဂ္ဂကထုတ်ပြန်ထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံက ဒေသစုံမှာ ပြည်သူ ၁၈ သန်း လူသားချင်းစာနာမှု အကူအညီတွေလိုအပ်နေပြီး လူပေါင်း ၁၅ သန်းဟာလည်း စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ၁.၉ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေး နေကြရတာပါ။ သြဂုတ်လ၂၉ ရက်နေ့ကကျင်းပတဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်မိုးထွန်းက ခုလို ပြောဆိုသွားပါတယ်။

“လူသားချင်းစာနာမှု အကူအညီပေးရေး ခွင့်ပြုမှုတွေကို လူကိုသေစေနိုင်တဲ့ စစ်လက်နက်သဖွယ် စစ်တပ်ကနေ အသုံးပြုနေပါတယ်။ ဒီ လူသားချင်းစာနာမှု အကူအညီပေးသူတွေအနေနဲ့ အကူအညီတွေကို တကယ်လိုအပ်သူတွေလက်ထဲကိုရောက်ဖို့ အခြေခံမူတွေနဲ့၊ လူသားချင်းစာနာမှု Principles တွေနဲ့အညီ ရရှိနိုင်အောင် ဆောင်ရွက်ရေးဟာ လွန်စွာ အရေးကြီးတယ်ဆိုတဲ့ဥစ္စာက ကျနော်တို့ ခံယူထားသလို လူတိုင်း လူတိုင်း ခံယူထားတဲ့အချက်ပဲ ဖြစ်ပါတယ်။”

စစ်ကောင်စီကတဆင့် အကူအညီတွေ ပေးနေတာဟာ အဆိပ်ပင်ကို ရေလောင်းသလို ဖြစ်နေတာကြောင့် လိုအပ်နေသူတွေဆီ အကူအညီတွေ ရောက်ရှိရေး သမားရိုးကျ နည်းလမ်းတွေအပြင် NUG၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ တကယ် ကူညီလုပ်ကိုင်ပေးနေသူတွေ အားလုံးပါဝင်တဲ့ ယန္တရားတခု တည်ထောင်ဖို့ လိုအပ်တယ်လို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

အာဖဂန် ကုလမစ်ရှင်အကြီးအကဲ Faiq ကလည်း အကျပ်အတည်းတွေ ပြေလည်ဖို့ဆိုရင် အားလုံးပါဝင်တဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်မှ ဖြစ်မယ်လို့ ပြောပါတယ်။

“တာလီဘန်တို့ရဲ့ မှားယွင်းတဲ့ အမျိုးသားရေးမူဝါဒတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အထီးကျန်ဖြစ်လာသလို ပြည်သူပြည်သားတွေလည်း အတိဒုက္ခရောက်ကြရပါတယ်။”

ကိုလံဘီယာတက္ကသိုလ် ကျောင်းသား Hewad Khan Shalamkhel တို့လို အာဖဂန်တချို့ကလည်း ကုလသမဂ္ဂရဲ့မစ်ရှင်က အာဖဂန်ပြည်သူပြည်သားတွေ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးတာမျိုးထိလုပ်ပေးခဲ့သင့်တယ်လို့ မြင်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ လူသားချင်းစားနာမှုဆိုင်ရာ အကျပ်အတည်းတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှဖြစ်မယ်လို့ ထောက်ပြပါတယ်။

"နိုင်ငံရေးအဖြေတရပ်မရသမျှ အာဖဂန်ရဲ့ အကျပ်အတည်းတွေ ပြေလည်မှာမဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တရားဝင်ဖွဲ့စည်းထားတဲ့ အစိုးရတရပ် ပေါ်ပေါက်လာမှ ဖြစ်ပါလိမ့်မယ်"”

တာလီဘန်တို့ကတော့ သူ့အစိုးရအဖွဲ့မှာ အားလုံးပါဝင်မှုမရှိဘူးဆိုတဲ့ ပြောဆိုချက်ကို ပယ်ချပြီး သူတို့ကို အာဖဂန်နစ္စတန်ရဲ့ တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလက်ခံဖို့ မပြတ် တိုက်တွန်းတောင်းဆိုနေတာပါ။
ဒါပေမယ့်လည်း Faiq တို့လို နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ တာလီဘန်တွေကို အစိုးရတရပ်အဖြစ်အသိအမှတ်ပြုရေး ဆွေးနွေးတာမျိုးမလုပ်ခင် အားလုံးပါဝင်တဲ့အစိုးရတရပ်ဖွဲ့စည်းဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေစားဖို့ ဆက်ပြီး တိုက်တွန်းနေကြပါတယ်။

XS
SM
MD
LG