သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရ


အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani.
အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani.

(Zawgyi / Unicode)

အာဖဂန်သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ ကြေညာခဲ့တာမှာ ကနဦးရလဒ်တွေအရတော့ လက်ရှိသမ္မတ Ashraf Ghani က အနိုင်ရပြီးတော့ သမ္မတအဖြစ်နဲ့ ဒုတိယအကြိမ် နောက်ထပ် ၅ နှစ် ထမ်းဆောင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။

အာဖဂန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက အချိန်အတော်ကြာ နှောင့်နှေးကြန့်ကြာနေတဲ့ ရွေးကောက်ပွဲရလဒ်ကို ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့တာဖြစ်ပြီး ရလဒ်တွေအရတော့ သမ္မတ Ghani က စုစုပေါင်း မဲအရေအတွက် ၁.၈ သန်းထဲက မဲအရေအတွက် ၅၀.၆၄ ရာခိုင်နှုန်း ရခဲ့တယ်လို့ ပြောပါတယ်။

သမ္မတ Ghani ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Abdullah Abdullah ကတော့ မဲအရေအတွက် ၃၉.၅၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကျန်တဲ့မဲတွေကို တခြားကိုယ်စားလှယ်တွေက ရခဲ့တာဖြစ်တယ်လို့ အာဖဂန် ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Hawa Alam Nuristani က ပြောပါတယ်။

အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ အာဖဂန်သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ကနဦးရလဒ်တွေကို အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ဖို့ မူလက စီစဉ်ထားပေမယ့် Abdullah Abdullah ကနေ ဒီရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲတာရယ်၊ နောက် တခြား နည်းပညာပိုင်း အခက်အခဲတွေကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရလဒ်တွေကို ကြေညာဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် အကြီးအကဲကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ရိုးရိုးသားသား၊ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ သစ္စာရှိရှိ၊ သတ္တိရှိရှိနဲ့ လုပ်ဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ဖော်ဆောင်နိုင်အောင် မဲဆန္ဒရှင်တွေရဲ့ မဲတမဲချင်းစီကို လေးလေးစားစား လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

---------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG