သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရွေးကောက်ပွဲ နှောင့်ယှက်ရင် စစ်ရာဇဝတ်မှုမြောက်နိုင်


အာဖဂန် နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ စနေနေ့မှာ ကျင်းပဖို့ ရှိနေချိန်မှာပဲ ဆန္ဒမဲပေးမှုတွေကို အနှောင့်အယှက်ပေးမယ်လို့ အာဖဂန် တာလီဘန်တွေက ခြိမ်းခြောက်လိုက်ပါတယ်။ တာလီဘန်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မူဂျာဟစ်ဒင်တွေအားလုံးက ဒီ တစ်နိုင်ငံလုံးက ရွေးကောက်ပွဲတွေကို ကာကွယ်တားဆီးပေးဖို့အတွက် တာလီဘန်အဖွဲ့က ညွှန်ကြားကြောင်း၊ အာဖဂန် ပြည်သူတွေ အနေနဲ့ အိမ်မှာ နေရင်နေ၊ မနေရင် အန္တရာယ် ကြုံတွေ့ရဖို့ ရှိကြောင်း ဖော်ပြထားပါတယ်။

အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင်အဖွဲ့ (UNAMA) ကတော့ ဒီမိုကရေစီ အခွင့်အရေးကို အသုံးချမယ် အရပ်သားတွေ ကို တိုက်ခိုက်တာတွေ မလုပ်ဖို့ တာလီဘန်အဖွဲ့ကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Tadamichi Yamamoto ဟာ တာလီဘန် အဖွ့ဲဝင် တစ်ချို့နဲ့ အင်္ဂါနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ပါတယ်။ Yamamoto က မဲဆန္ဒရုံတွေနဲ့ ရွေးကောက်ပွဲထဲ ပါဝင် ပတ်သက်သူတွေကို တိုက်ခိုက်မယ်ဆိုရင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး စစ်ရာဇဝတ်မှု အဖြစ် အကျုံးဝင် ရောက်ရှိသွားနိုင်ကြောင်း၊ အပြစ် ကျူးလွန်သူတွေအနေနဲ့ သူတို့ ကျူးလွန်တာတွေ အပေါ် တာဝန်ယူရမှာ ဖြစ်ကြောင်း ပြောသလို၊ ရွေးကောက်ပွဲ အနှောက်အယှက်ပေးမယ့် တာလီဘန် အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

စစ်သွေးကြွ တာလီဘန်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲနဲ့ဆက်နွယ်တဲ့ တိုက်ခိုက်မှုတွေ လုပ်နေခဲ့ပြီဖြစ်ရာမှာ Parwan ပြည်နယ်အတွင်း လက်ရှိ သမ္မတ Ashraf Ghani ရဲ့ မဲဆွယ်ပွဲမှာ တာလီဘန်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်လူ ၃၀ သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

..................






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG