သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရဲ့ စစ်ရေးအစီအစဉ် အာဖဂန်လူထု ဒေါသထွက်


အာဖဂန် စစ်ခေါင်းဆောင်ဟောင်း Gulbuddin Hekmatyar
အာဖဂန် စစ်ခေါင်းဆောင်ဟောင်း Gulbuddin Hekmatyar

အဖိနှိပ်ခံ အာဖဂန် ပြည်သူတွေကို ခြိမ်းခြောက်နေမယ့်အစား အမေရိကန်က ရုရှားနဲ့ စစ်ရေးပြိုင်ဆိုင်မှု လုပ်ပါလားလို့ အာဖဂန် သမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တဦးက သမ္မတဒေါ်နယ်ထရမ့်ကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်ဒဏ် ခံနေရတဲ့ အာဖဂန်နစ္စတန်မှာ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေက သမ္မတထရမ့်ရဲ့ စစ်ရေးစီမံကိန်းနဲ့ ပတ်သက်လို့ ဒေါသထွက်နေကြတာပါ။ အဲဒီစီမံကိန်းကိုသာ အကောင်ထည်ဖေါ်မယ်ဆိုရင် ၁၀ ရက်အတွင်း အာဖဂန်စစ်ပွဲကို အနိုင်တိုက်နိုင်မှာဖြစ်ကြောင်း၊ လူ ဆယ်သန်းကိုသတ်ပြီး အာဖဂန်နိုင်ငံကိုလည်း ကမ္ဘာပေါ်ကနေ ပျောက်ထွက်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ သမ္မတထရမ့်က ပြောလိုက်တဲ့အပေါ် ဒေါသထွက်ခဲ့ကြတာပါ။

တချိန်က အမေရိကန်ဆန့်ကျင်ရေးသမားဖြစ်ခဲ့ပြီး အခုတော့ သမ္မတရွေးကောက်ပွဲဝင်မယ့် စစ်ခေါင်းဆောင်ဟောင်း Gulbuddin Hekmatyar ကတော့ သူ့ကိုထောက်ခံတဲ့ ထောင်ပေါင်းများစွာသော လူထုရှေ့မှာ သမ္မတထရမ့်ရဲ့ မှတ်ချက်စကားကို ရှုတ်ချခဲ့ပါတယ်။ လူထုကတော့ ထရမ့် ကျဆုံးပါစေ၊ အမေရိကန် ကျဆုံးပါစေလို့ အော်ဟစ်ခဲ့ကြတာပါ။

မစ္စတာ ထရမ့်အနေနဲ့ တကယ် သတ္တိရှိပြီး အင်အားရှိမယ် .. ကိုယ့်ရဲ့စစ်ရေးစွမ်းအင်ကို ယုံကြည်တယ်ဆိုရင် ဖိနှိပ်ခံ အာဖဂန်ပြည်သူတွေကိုပဲမဟုတ်ပဲ ရုရှားနိုင်ငံကို အင်အားချင်းပြိုင်ပါလားလို့ Hekmatyar က လူထုစုဝေးပွဲမှာ ပြောဆိုသွားတာပါ။

တချိန်ထဲမှာပဲ သမ္မတ Ashraf Ghani ရဲ့ အာဖဂန်ညွန့်ပေါင်းအစိုးရဟာ ထရမ့်ရဲ့ မှတ်ချက်စကားကို ရှုတ်ချရမယ့်အစား အမေရိကန်ဆီက ရှင်းလင်းချက် တောင်းခံဖို့သာ နည်းလမ်းရှာနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပါကစ္စတန်ဝန်ကြီးချုပ် Khan နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခိုက် သတင်းထောက်တွေကိုပြောဆိုရာမှာ သမ္မတထရမ့် က ဘာ့ကြောင့် ပါကစ္စတန်အကူအညီ လိုအပ်သလဲ ဆိုတာကို ရှင်းပြသွားပါတယ်။

အာဖဂန်နဲ့ ပတ်သက်လို့ သူ့ဆီမှာ အစီအစဉ်တွေရှိကြောင်း အကယ်၍ စစ်ပွဲ နိုင်ချင်တယ်။ အာဖဂန်ဟာ ကမ္ဘာပေါ်ကနေ ၁၀ ရက်အတွင်းပျောက်သွားအောင် လုပ်နိုင်ကြောင်း ဒါပေမဲ့ သူ့အနေနဲ့ အဲဒီ လမ်းကြောင်းကို မရွေးချယ်ချင်ဘူးလို့ ထရမ့်က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG