သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့် ရှေးဟောင်းလက်ရာ ထိန်းသိမ်းရေး ဒေသခံတွေ တိုက်တွန်း


ငလျင်ဒဏ်ထိသွားတဲ့ ပုဂံဘုရားစေတီတဆူ။
ငလျင်ဒဏ်ထိသွားတဲ့ ပုဂံဘုရားစေတီတဆူ။

ဗုဒ္ဓဟူးနေ့ လှုပ်ခဲ့တဲ့ ငလျင်နောက်ပိုင်း ရှေးဟောင်းလက်ရာတွေရှိရာ ပုဂံဒေသက စေတီပုထိုးတော်တွေရဲ့ ပျက်စီးမှုနဲ့ ရှင်းလင်းထိန်းသိမ်းရေး အပိုင်းတွေကို လူအများက စိတ်ဝင်စားသလို ရှေးဟောင်းလက်ရာတွေ ပျက်စီးပျောက်ကွယ်သွားမယ့်အရေးကိုလည်း စိုးရိမ်နေကြပါတယ်။ တချိန်တည်းမှာ နောက်ဆက်တွဲငလျင်ငယ်တွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာလည်း သတိထားနေကြပါတယ်။ ဒီအခြေအနေတွေကို မခွာညိုက စုစည်းတင်ပြပေးထားပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး လာရောက် လည်ပတ်လေ့လာကြတဲ့ ညောင်ဦး -ပုဂံ ဒေသက နှစ်ပေါင်း ၁ ထောင်ကျော် က ရှေးဟောင်းအမွေအနှစ် စေတီပုထိုးတွေရဲ့ ပျက်စီးမှု အခြေအနေနဲ့ပတ်သက်လို့ ပုဂံဒေသက ဝါရင့် ခရီးသွားဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက အခုလို ပြောပါတယ်။

"ရွှေစည်းခုံ နဲ့ အာနန္ဒာကတော့ ကံကောင်းတယ်။ လုံးဝနီးပါးလောက် ပျက်စီးမှု မရှိဘူး။ ဘုရားကြီးကတော့ စူဠာမဏိ ထိခိုက်သွားတယ်။ ဓမ္မရံကြီးကလည်း ၁၉၇၅ တုန်းက ဒီလောက်မထိခဲ့ဘူး။ ဒီတခေါက်တော့ သူလည်း အက်ကြောင်းတွေ ဘာတွေ ဖြစ်သွားတယ်။"

အခုတခေါက်ငလျင်မှာ စေတီပုထိုးတော်တွေ ပျက်စီးရတဲ့ အဓိက အကြောင်းရင်း ကိုတော့ ဦးဇော်ဝင်းချိုက အခုလို ဆက်ရှင်းပြပါတယ်။

" အဓိက ကတော့ ကျနော်တို့က ၁၉၇၅ ခုနှစ် ငလျင် ဖြစ်တယ်လေ။ အဲ့ဒီ့ငလျင်ပြီးတဲ့နောက်မှာ ခုနတုန်းကပြောတဲ့ ဒီအင်္ဂတေတွေ အုတ်တွေနဲ့ အစားထိုးပြီးတော့ တည်ဆောက်ခဲ့တယ်ပေါ့။ ဒီတခါငလျင်လှုပ်တဲ့အခါမှာ ကျနော်တို့ သွားသတိထားမိတာက၊ အဲ့ဒီ့အသစ်ပြန်လည် တည်ဆောက်ထားတဲ့ အပိုင်းတွေက ပြတ်ကျပြီးတော့ အဲ့ပြတ်ကျတဲ့အပိုင်းတွေကနေပြီးတော့ အောက်မှာ ရှိတဲ့ ရှေးဟောင်းအမွေအနှစ်ပဲ ပြောပါတော့နော် မပျက်မစီးပဲ ရှိနေတဲ့အဲ့ဟာတွေကို တိုက်စားသွားတာ။ ဆိုလိုတဲ့သဘောကတော့ အသစ်တွေကနေပြီးတော့ အဟောင်းတွေကို ဆွဲခေါ်သွားတယ်ပေါ့ဗျာ။ အဲ့တာကြောင့် ဒါက အရမ်းနှမျောဖို့ကောင်းတယ်။ နှမျောဖို့ကောင်းတယ်။ ၈ လ ပိုင်း၊ ၉လပိုင်း ပုဂံမှာ မိုးရွာပြီး အခုတချို့ဘုရားတွေက အပေါ်က အက်ကြောင်းတွေ ဖြစ်သွားတယ် အက်ကြောင်းတွေက အမိုးတွေပေါ်မှာ ဖြစ်တယ်ဆိုတော့ မိုးကရွာလို့ရှိရင် အဲ့ဒီ့မိုးတွေက အက်ကြောင်းထဲက ဝင်မှာ အက်ကြောင်းထဲက ဝင်ပြီးရင် နံရံပန်းချီတွေလည်း ပျက်စီးသွားနိုင်တယ်။ အဲ့တာက အရေးကြီးဆုံး ကျနော်တို့ လုပ်ဆောင်ရမယ့်အချက်။ "

စေတီပုထိုးတွေက ပြိုကျသွားခဲ့တဲ့ ရှေးဟောင်း အုတ်နံရံတွေကို ရှင်းလင်းနေတဲ့ အခြေနေပေါ်မှာ ပြည်သူအများက သာမန်အုတ်ကျိုးအုတ်ပဲ့တွေပစ်သလို စုပုံ လွှတ်ပစ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ရှင်းလင်းနေတဲ့ အခြေအနေကို ကိုယ်တိုင်သွားကြည့်ထားတဲ့ ဦးဇော်ဝင်းချိုက သူမြင်ခဲ့ရတဲ့အတိုင်း အခုလို ပြောပြပါတယ်။

" အမှိုက်တောင်းထဲကို အမှိုက်တွေထည့်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ကျနော်သိသလောက်တော့ ရှေးဟောင်းက တာဝန်ရှိတဲ့သူတွေ ၊ တတ်သိ ပညာရှင်တွေလည်း သူတို့ အနားမှာ ရှိပါတယ်။ မနေ့က သမ္မတကြီး ဦးထင်ကျော်ကလည်း ပစ္စည်းတွေရှင်းတဲ့အခါမှာ ရှေးဟောင်း ပစ္စည်းတွေ ပါလာနိုင်တာမျိုးကို ဂရုစိုက်ဖို့ပေါ့။ ဒါပေမဲ့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ၁၉၇၅ တုန်းက ရှေးဟောင်းတော်တော်များများက ပါသွားပြီးသားပေါ့နော်။ အဲ့ကတည်းက ကျနော်တို့ ဌာပနာတွေ ပြန်လုပ်တာတွေရှိတယ်။ သိမ်းထားတာတွေရှိတယ်။ အခုကတော့ သိပ်ပြီးတော့ တန်ဖိုးကြီးလှတဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ မပါနိုင်တော့ဘူးလို့။ ဒါပေမဲ့ ခုနကပြောသလို စဉ့်ကွင်းလက်ရာလို ဟာမျိုးတွေကတော့ ရှိ တာပေါ့နော်။ ဒါတွေကလည်း တကယ်တော့ တန်ဖိုးရှိတာပဲ။ နားလည်တဲ့သူတွေနဲ့ သန့်ရှင်းရေး လုပ်နေတဲ့သူတွေနဲ့ တွဲပြီးလုပ်နေတာပါ။ အဲ့တာတော့ ကျနော်သိပါတယ်။"

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ၁၉၇၅ ခုနှစ်ကတကြိမ်၊ ၂၀၀၂-၂၀၀၃ ခုနှစ်ကတကြိမ်နဲ့ အခု ၂၀၁၆ မှာလည်းတကြိမ် ငလျင်ဒဏ်ကို ခံစားခဲ့ကြရတာပါ။ ဒီငလျင် သုံးကြိမ်လုံးမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တောင်တွင်းကြီးမြို့က ပုလဲစာပေ မိသားစုဝင် တဦးဖြစ်တဲ့ ဒေါ်သင်းသင်းခိုင်က သူ့ရဲ့ ဗုဒ္ဓဟူးနေ့က ငလျင် အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

" အမေကို အိမ်တွင်းခန်းက ဧည့်ခန်း ထဲကနေ အိမ်အပြင်ဘက်ကို ယောကျ်ားလေး လေးယောက်လောက် ခေါ်ထုတ်တဲ့အချိန် ဆို နည်းနည်းကြာတယ်လေ။ အဲ့ကြာတဲ့ အိမ်ရှေ့ရောက်တဲ့အထိကို အဲ့ကားကြီးက လှုပ်တုန်း။ ကားကြီးက အမှန်ဆို ခြေထောက်လေးဖက်ဆို လှုပ်တာ ငြိမ်ရမယ့်ဟာ မှတ်လား။ ခြေထောက်သုံးဖက်တို့ နှစ်ဖက်တို့ ထက်စာရင် လေးဖက်က ငြိမ်ရမယ့်ဟာ အဲ့ကားကြီးက အဲ့လိုလှုပ်နေတာ။"

၂၀၀၃ ခုနှစ်တုန်းကလည်းပဲ ပြင်းအား ၆.၈ အဆင့်နဲ့ပဲ ငလျင်လှုပ်ခဲ့ တာဖြစ်ပြီး တောင်တွင်းကြီးမြို့ နဲ့ ၈ မိုင်အကွာ ဂုံညင်းတန်းရွာနားမှာ ဗဟိုပြုလှုပ်ခဲ့ တာကြောင့် တောင်တွင်းကြီးမြို့ဟာ ငလျင်ဒဏ်ကို ပိုခံစားခဲ့ကြရပြီး လူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေါ်သင်းသင်းခိုင်က ပြောပါတယ်။

" ၂၀၀၃ တုန်းကဆိုရင် အဲ့ဒီ့သဲကျွန်းဆိုတဲ့ရွာပေါ့။ ဂုံညင်းနဲ့နီးတယ်ပေါ့ ဗဟိုပြုတဲ့နေရာနဲ့နီးတယ်။ အဲ့နေရာဆိုလို့ရှိရင် လူက သွားပြီးတော့ နွားသိမ်းလိုက်တဲ့ အချိန်မှာ မြေကြီးက အက်ပြီးတော့ အက်ကြောင်းကြီးဖြစ်ပြီးတော့ လူက အဲ့မြေကြီးထဲ ရောက်သွားတာ။ ရောက်သွားတဲ့ အချိန်မှာ နွားကြိုးကို ကိုင်ထားတဲ့အတွက် နွားက ပြန်ရုန်းလိုက် လို့မသေတာ နို့မို့ရင် မြေမြိုသလိုပေါ့ဟယ် ငါတို့ငယ်ငယ်က ကြားဖူးသလို အဲ့လိုမျိုးဖြစ်တာ။"

မိုးလေဝသနဲ့ ဘူမိဗေဒပညာရှင်တွေက ငလျင်ကြီးတွေဟာ နှစ် ၄၀ ဝန်းကျင်မှာ တကြိမ် လှုပ်လေ့ရှိတယ်ဆိုပေမယ့် ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ဟာ ၂၀၀၂ ကနေ ရေတွက်ရင် အခု နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တကြော့ပြန် လှုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG