အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ပုဂံမြို့က ရှေးဟောင်း ဘုရား ရာနဲ့ချီပြီး ပြိုကျ ပျက်ဆီးခဲ့ပြီး ရှေးဟောင်း ဘုရားတွေ အနီးမှာ ရဲလုံခြုံရေး ချထားပါတယ်။ ပြည်နယ်နဲ့ တိုင်းအတော်များများလည်း ခံစားခဲ့ရတဲ့ အင်အားပြင်း ငလျင်ကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို နိုင်ငံတဝန်း စေတီပုထိုးတွေ၊ ရှေးဟောင်း အဆောက်အအုံတွေလည်း ပြိုကျ ပျက်ဆီးခဲ့ရပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
မန္တလေး မြေငလျင် တိုင်းတာရေး စခန်းရဲ့ အနောက်တောင်ဘက် ၁၂၃ မိုင်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၆ ဒသမ ၈ ရှိတဲ့ အင်အားပြင်း ငလျင်ကြောင့် ကနဦး ရရှိတဲ့ သတင်းတွေ အရ အနည်းဆုံး လူ ၃ ဦး သေဆုံးတယ်လို့ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။ ရှေးဟောင်းမြို့တော် ပုဂံမှာ ဘုရားစေတီတော် ၁၀၀ ကျော် ပြိုကျခဲ့ပါတယ်။ ပြိုကျခဲ့တဲ့ အရေးကြီးတဲ့ ရှေးဟောင်း စေတီတွေကို အခုတော့ ရဲတပ်ရင်းတွေက လုံခြုံရေးရယူထားသလို ပြန်လည်ထိန်းသိမ်းရေး အတွက် အရေးပေါ်စည်းဝေးနေကြပါတယ်။ ပုဂံ ရှေးဟောင်းညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်က အခုလို ပြောပါတယ်။
“ ဘုရား အပြိုအပျက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်မယ်၊ စာရင်းကောက်မယ်၊ လိုအပ်တာတွေ ဆောင်ရွက်ဖို့ရာ အတွက် အခု အစည်းအဝေး လုပ်နေပါတယ်။ ဌာနပေါင်းစုံ အကုန်လုံးပါပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့လည်း လုံခြုံရေးကိုလည်း ပြည်ထဲရေးက ရဲတပ်ရင်းတွေနဲ့ လုံခြုံရေးကိုလည်း ပေးထားပါတယ်။”
အခုအချိန်ထိ လက်ရှိ ကောက်ယူရရှိတဲ့ စာရင်းဇယားတွေ အရ ပြိုကျတဲ့ ဘုရားပုထိုးပေါင်း ၁၀၀ ကျော် ရှိသွားပြီလို့လည်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှွတ်တော် အမတ် ဦးမြင့်စိန်က ပြောပါတယ်။
“အခုလက်ရှိက ကျနော်တို့ ၁၄၀ ကျော်လောက် ရောက်သွားပြီဗျ။ ဒါ စာရင်းအတိအကျ မဟုတ်သေးဘူးဗျ။ နောက်ထပ်လည်း ကျနော်တို့ စာရင်းတွေ ထပ်ကောက်နေတယ်။ တော်တော်လေး ပျက်သွားတယ်ဗျ။ ၆ ဒသမ ၈ ဆိုတော့ တော်တော်လေး ပြင်းတယ်ဗျ။ အရင်တုန်းက ၇၅ က လှုပ်တဲ့ စကေးလောက် ရှိတာပေါ့။ စိန်ဖူးပြုတ်ကျတဲ့ နေရာတွေကနေ စိန်ဖူး ပြန်ရတာတွေလည်း ရှိပါတယ်ဗျ။ ရှေးဟောင်းဌာနနဲ့ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့ ချက်ချင်း အဲဒီနေရာတွေမှာကို တကယ့် စေတီကြီးတွေ ရှေးဟောင်း စေတီကြီးတွေမှာတော့ ကျနော်တို့ တခါတည်း ပိတ်လိုက်ပါတယ်ဗျ။ ပြိုကျတဲ့ နေရာတွေကို ကျနော်တို့ ချက်ချင်း ပိတ်လိုက်ပါတယ်။”
ပြိုကျခဲ့တဲ့ အထဲ လူသိများတဲ့ ဘုရားပုထိုးတွေလည်း ပါတယ်လို့ ညောင်ဦး လွှတ်တော် အမတ် ဦးဝင်းမြင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။
“ စွယ်တော် လေးဆူက လောကနန္ဒာ ဆွယ်တော်က စိန်ဖူးတော် ပြုတ်ကျတယ်။ ထီးလိုမင်းလိုက ထီးတော်တွေ ပြုတ်ကျတယ်။ မင်္ဂလာစေတီကလည်း ကျနော်တို့ အပေါ်ပိုင်း ဖောင်းရစ်တွေက တခြမ်း ပြုတ်ကျတယ်။ မြင်းကပါ စေတီကလည်း ဖောင်းရစ်တွေ အကုန်ပြိုကျတယ်။ လူသိများတဲ့ ဘုရားတွေကတော့ အဲလောက်ဘဲပေါ့နော်။ ကျနော်တို့ အကုန်လိုက်ပြီး ကွင်းဆင်နေပါတယ်။ ”
ချောက်မြို့ရဲ့ အနောက်ဘက် ၁၂ မိုင် အကွာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ချောက်မြို့ အနီးမှာ စလေမြို့မှာလည်း အပျက်အစီးတွေ ရှိခဲ့တယ်လို့ ချောက်မြို့ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးစိုးဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ ကျနော်တို့ ရှေးအဆောက်အအုံတွေနဲ့ ဘုရားတွေ တော်တော်များများ ပျက်တာ။ ကျနော်တို့ ချောက် - ဒုတိယ ပုဂံလို့ ခေါ်တဲ့ ဦးပုည စလေလေ။ လောလောဆယ် ဘုရားက ၈ ဆူ ၊ ၉ ဆူလောက် လောလောဆယ် ကျနော် လိုက်ပြီးတော့ သွားနေတုန်းဘဲ။ ကြာလှန် ကြာမှောက်ကနေ ပြီးတော့ ပြုတ်ကျတာပေါ့။ ထီးတော် အောက်နားကနေ ကပ်ပြီး ပြုတ်ကျတာပေါ့။ တိုက် ၂ လုံး အမိုး ပြုတ်ကျတာ ရှိတယ်။ လူတော့ အန္တရာယ် မရှိဘူး။ အင်းအားကတော့ ပြင်းတယ်။ ကျနော်တို့ အနှစ် ၅၀ အတွင်း မတွေ့ဘူးသေးဘူးဗျ။ ”
အင်အားပြင်း ငလျင်ဖြစ်တာကြောင့် ဗဟိုပြု လှုပ်ခတ်ရာ ချောက်မြို့ အနီးတဝိုက်ဒေသတွေမှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်လာနိုင်တာကြောင့်ဒေသခံတွေ သတိထားကြဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
“ အင်အား ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်တာကြောင့် နောက်ဆက်တွဲ ငလျင်တွေလည်း ဒီရက်ပိုင်း အတွင်း လှုပ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ မိမိတို့နေတဲ့ အဆောက်အအုံတွေ မခိုင်ခံ့ဘူးဆိုရင်တော့ ဘေးအန္တရာယ် လွတ်တဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ လိုပါတယ်။”
မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ရဲ့ ရိုက်ခတ်မှုကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ် ၊ ရှမ်း ပြည်နယ်နဲ့ ကယားပြည်နယ်တို့ပါ ခံစားခဲ့ရတယ်လို့လည်း မိုးဇလ ဌာနက ပြောဆိုပါတယ်။