ZAWGYI/UNICODEမြန်မာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံမှာ မြန်မာ့အရေး ဆွေးနွေးမယ့်ရက်မတိုင်ခင်တရက် ဒီကနေ့မှာပဲ AI က အခုလိုတောင်းဆိုလိုက်တာပါ။
အာဆီယံအနေနဲ့ လူ့အခွင့်အရေးကိုကာကွယ်ဖို့၊ လူ့အခွင့်အရေးတွေ ဆုတ်ယုတ်ကျဆင်းလာတာနဲ့ လူသားချင်းစာနာမှု အကြပ်အတည်းတွေကိုဖြေရှင်းနိုင်ရေး ဦးစားပေးဖို့ AI ကတောင်းဆိုပါတယ်။
အကြမ်းဖက်မှုတားဆီးရေး ကုလသမဂ္ဂ သဘောတူညီချက်မှာပါဝင်တဲ့ အင်ဒိုနီရှားနိုင်ငံအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ထားသူအဖြစ် သံသယရှိခံထားရသူကို သူ့မြေပေါ်မှာ အရေးယူတာ ဒါမှမဟုတ် တရားခံလွှဲပြောင်းပေးတာမျိုးလုပ်ဖို့ ဝတ္တရားရှိတယ်လို့ AI ရဲ့ကြေညာချက်မှာ ပြောထားပါတယ်။
မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ပြည်တွင်းရေးဝင်မစွက်တဲ့မူဝါဒကို အစဉ်အလာအတိုင်း လက်ကိုင်ထားတဲ့ အာဆီယံအဖွဲ့မှာ အားလုံးသဘောတူညီချက်နဲ့ ဆောင်ရွက်လေ့ရှိတာဖြစ်တဲ့အတွက် ဒီအစည်းအဝေးက အာဆီယံအတွက်တော့ စမ်းသပ်ချက်ကြီးတခုလည်းဖြစ်တယ်လို့ AI ရဲ့ ဒေသဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Emerlynne Gil ကကြေညာချက်မှာ ပြောထားတာပါ။
စစ်တပ်ကြောင့် မြန်မာ့အကြပ်အတည်း ပေါ်ပေါက်လာရတာဖြစ်တဲ့အတွက် အာဆီယံအတွက်တော့ ဒါဟာ သမိုင်းဝင် စမ်းသပ်ချက်ကြီးတခုဖြစ်တယ်လို့လည်း AI ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စဟာ မြန်မာ့ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ ဒေသတွင်းတခုလုံးထက်တောင် ကျော်လွန်သွားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြီးဖြစ်တယ်လို့လည်း ပြောထားပါတယ်။
UNICODE