သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဆုံးဖြတ်ချက်ချနိုင်ဖို့ ကုလအထွေထွေညီလာခံ အလေးထားစဉ်းစားနေ


ကုလအထွေထွေညီလာခံ
ကုလအထွေထွေညီလာခံ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန် ဖေါ်ဆောင်ပေးဖို့နဲ့ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုတဲ့ အဆိုပြုချက်မူကြမ်း အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးငြင်းခုံနေကြကြောင်း သံတမန်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေနဲ့ ပတ်သက်ပြီး စနေနေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲ မဆုံးဖြတ်ခင် အာဆီယံ ဆွေးနွေးပွဲ ရလဒ်ကို စောင့်နေကြတာ ဖြစ်ကြောင်းလည်း အမည်မဖေါ်လိုတဲ့ သံတမန်တဦးရဲ့ ပြောကြားချက်ကို ကိုးကား ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ တရက် စစ်တပ်အာဏာသိမ်းချိန်ကစပြီး စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ကလေးငယ် ၅၂ ယောက်အပါအဝင် ၇၄၁ ယောက် ထက်မနည်း အသတ်ခံခဲ့ရပြီး နေအိမ်တွေမှာ မနေရဲပဲ ထွက်ပြေးတိမ်းရှောင်နေရသူ က ၂ သိန်းခွဲလောက် ရှိနေပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တာလို လိုက်နာစရာမလိုပေမယ့် စစ်အာဏာရှင်အပေါ် နိုင်ငံတကာဖိအားတွေ တိုးလာစေမှာ ဖြစ်ပါတယ်။

AFP က ဖတ်ရှုရတဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲမှာတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့၊ နိုင်ငံတော် အရေးပေါ် အခြေနေ ကြေညာထားတာ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆက်ရှင်သန်ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းတာ ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချတာမျိုး မရှိဘူးလို့တော့ ဖေါ်ပြထားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ မြန်မာပြည်သူတွေ အပေါ် အကြမ်းဖက်နေမှုအားလုံးကို ချက်ချင်း ရပ်ပစ်ဖို့ အပြင် ကုလသမဂ္ဂ အထူးသံတမန်ကို မြန်မာနိုင်ငံလာရောက်ခွင့်ပြုဖို့ပါ တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက် ၃ ခု ထုတ်ပြန်ခဲ့ပေမယ့် ထုတ်ပြန်ချက်တိုင်းဟာ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် အားပျော့ခဲ့ရတာ ဖြစ်ပြီး လက်နက်ရောင်းချမှု ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုလို ပြင်းထန်တဲ့ အရေးယူမှုမျိုးကိုချမှတ်ဖို့ ခုထိ မလုပ်ဆောင် နိုင်သေးဘူးလို့လည်း AFP မှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)









XS
SM
MD
LG