သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်


ဟဲဟိုးလေဆိပ်ကို အဲပုဂံလေယာဉ်တစ်စင်း ဆိုက်လာစဉ်။
ဟဲဟိုးလေဆိပ်ကို အဲပုဂံလေယာဉ်တစ်စင်း ဆိုက်လာစဉ်။
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး ကော်မတီဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်းလိုင်းတွေအပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ်ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ်တွေ အပါအဝင် နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသည်အရေအတွက်ဟာ ၂၀၁၂ ခုနှစ်အတွက် ၆ သိန်းလောက်ဖြစ်မယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။ လောလောဆယ် ရရှိထားတဲ့ အရေးအတွက်က ၅ သိန်း နီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ ဒီဇင်ဘာ ၁၇အထိကို ကောက်ထားတဲ့၊ ဒေတာပေါ့ ငါးသိန်းလောက်နီးပါး ဖြစ်နေပါပြီ။ ဒီဇင်ဘာလကုန်အထိ ဆိုရင်တော့ ခြောက်သိန်းနီးပါးလောက် ဖြစ်သွားမှာပါ။ နယ်စပ်ကနေ ဝင်တာတွေပါ ထည့်ပေါင်းပါတယ်ခင်ဗျာ။ တရုတ်နဲ့ မြန်မာနယ်စပ်၊ နောက်တခါ ယိုးဒယားနဲ့ မြန်မာနယ်စပ်၊ နယ်စပ်က ဝင်တဲ့ဂဏန်းတွေပါ အားလုံးပေါင်းပါတယ်။ နယ်စပ်ကအဝင်ကလည်း အရင်နှစ်တွေကထက် ပိုများလာပါတယ်။”

မနှစ်ကထက်စာရင် ခရီးသည် ၄၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ ပြောပါတယ်။ ဒီခရီးသည်တွေထဲမှာ အလုပ်ကိစ္စနဲ့ လာရောက်ကြတဲ့ ခရီးသည်တွေပါသလို၊ ကမ္ဘာလှည့်ခရီးသည်တွေလဲပါကြပါတယ်၊ ဒီလို အခြေအနေမျိူးမှာ ကမ္ဘာလှည့်ခရီးသည်တွေပါတဲ့ Air Bagan လေကြောင်းလိုင်းက လေယဉ်တစင်းပျက်ကျသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသည်တွေ လာရောက်မှု ဘယ်လောက် ထိခိုက်သွားနိုင်ပါသလဲ။

“ကျနော်အထင်ကတော့ အများကြီး ထိုးကျသွားဖို့တော့ မရှိဘူးလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ပျံတစ်စီးပျက်ကျတယ်ဆိုတာဟာ ဖြစ်ပြီးတဲ့ဟာကို ဘာမှ ပြန်ပြီးတော့ ဘာမှလုပ်လို့မရဘူး။ လေယာဉ်လိုင်းက ဘယ်လိုကောင်းမွန်အောင် လုပ်ထားနိုင်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အချိန်အတိုင်းအတာအတွင်းမှာ ပြန်လည်ပြီး Image ကောင်းမွန်လာအောင် ကျနော်ထင်ပါတယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့ ခရီးသွားတွေက သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချတယ်ဆိုလို့ရှိရင် စီးကြမှာပါပဲ။”

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက် အတွင်းမှာ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တဲ့ မြန်မာ့လေကြောင်းလိုင်း က လေယာဉ်တွေအပေါ် ခုချိန်ထိ ခရီးသည်တွေက စိတ်ချကြပုံ မရကြသေးပါဘူး။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုလောလောဆယ်မှာ ကျနော်တို့ ပြည်တွင်း လေကြောင်းလိုင်းတွေထဲမှာ မြန်မာ့အဲဝေးပေါ့နော်။ အစိုးရေပိုင်လေကြောင်းလိုင်းကို စီးဖို့ ဧည့်သည်တွေကို တိုက်တွန်းလို့ရှိရင် သူတို့အမြဲတမ်းငြင်းပယ်ခြင်းကို ခံရပါတယ်။ ဆိုလိုတာက အာမခံချက်နဲ့ပတ်သက်ရင် ဘယ်လောက်လုပ်ထားတယ်ဆိုတာမျိုး ဈေးကွက်မှာ သတင်းအချက်အလက်မပေးနိုင်သေးရင်တော့ ဒီလိုမျိုးလေးတွေတော့ ကြုံနေရမှာပါပဲ။”

အဲဒီတော့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ်စီးခရီးသည်တွေရဲ့ ယုံကြည်မှုရရှိအောင် ဘာလုပ်သင့်ပါသလဲ။

“လေကြောင်းလိုင်းတခုရဲ့ အဓိက Image ကတော့ Safety ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဆိုတာ ပျက်လို့ရှိရင် လေထဲမှာ ရပ်ပြီး ပြင်လို့မရဘူး။ အဲ့ဟာတခုချို့ယွင်းတယ်ဆိုရင်တော့ လေကြောင်းလိုင်းတခုအနေနဲ့ကတော့ ဒီ Image ကို ပြန်ပြီးတော့ ကောင်းအောင်လုပ်ဖို့အတွက် ပြနိုင်မှ ဖြစ်ခဲ့တာကို အဖတ်ဆယ်နိုင်မှာပါ။ အဲ့တာကို မူတည်ပြီးတော့မှ ဧည့်သည်တွေရဲ့ စိုးရိမ်စိတ်တွေကို ပျောက်သွားအောင် ဘယ်လိုလုပ်မလည်းဆိုတာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသွားလမ်းညွှန်တယောက်နဲ့ အရေးပေါ်ဆင်းသက်စဉ် မြေပြင်မှာ တိုက်မိသူ တယောက်သေဆုံးခဲ့မှုအပါအဝင် လေယာဉ်ပျက်မှုအပေါ် Air Bagan ကတော့ တာဝန်ယူ ဖြေရှင်းမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ လုပ်နေပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်လည်ပါတ်တဲ့သူ အလုပ်ကိစ္စကြောင့် လာရောက်သူတွေ ပိုပို များလာချိန်မှာ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါသလဲ။

“အရင်နှစ်တွေကထက် စာရင်တော့ အခက်အခဲက လျော့နည်းသွားပြီလို့ ပြောလို့ရပါတယ်။ အထူးသဖြင့်တော့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပေါ့နော်။ သယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်းနဲ့ သွားရတဲ့ ခရီးစဉ်တွေပေါ့နော်။ လေကြောင်းလိုင်းမှာတော့ ကျနော်တို့ လေကြောင်းလိုင်းအသစ်တွေ မြန်မာနိုင်ငံကို တိုးတက်ပြီး ဝင်ရောက်လာတော့ ဧည့်သည်တွေ ဝင်လာဖို့ အရေအတွက်က များလာတာလည်း အဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရန်ကုန်ကို ပိုဆင်းလာတဲ့အတွက် ခရီးသည်အရေအတွက် ပိုများလာနိုင်ပါတယ်။ နောက်တခါ ပြည်တွင်းလေကြောင်းလိုင်း နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် ခရီးသွားရာသီရဲ့ ပထမသုံးလမှာတော့ နည်းနည်းလေး ပြဿနာရှိပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတချို့မှာ လေယာဉ် မလုံလောက်မှုပြဿနာလေးတွေရှိပါတယ်။ အဲ့တာတွေကတော့ အခုဇန်နဝါရီလကစပြီး အားလုံးကတော့ အဆင်ပြေသွားပါလိမ့်မယ်။ တခုပြောစရာရှိတာကတော့ ဟိုတယ်အခန်း မလုံလောက်မှုကတော့ ရှိနေဆဲပါပဲ။ ကျနော်တို့ နောက်ထပ် နှစ်နှစ်လောက်အထိ ဆက်ပြီး ကြုံတွေ့ရမယ့် ပြဿနာပါ။ အခုလောလောဆယ်မှာ နိုင်ငံတကာအဆင့်ဟိုတယ်တွေကတော့ အခန်းအရေအတွက် မလုံလောက်တဲ့အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေမှာ ကျနော်တို့ ဧည့်သည်တွေကို ပြောင်းပြီး ထားနေကြပါတယ်။ ပြဿနာလေးက ဘာရှိလည်းဆိုတော့ နိုင်ငံတကာ အဆင့်အတန်းမှီ ဝန်ဆောင်မှုပေးဖို့ကို နည်းနည်း ကျနော်တို့ အချိန်ယူပြီးတော့ လုပ်ရပါဦးမယ်။”

မြန်မာနိုင်ငံကို အရင်က မျှော်လင့်မထားတဲ့ နိုင်ငံခြားခရီးသည် အရေအတွက်မျိုး မြန်မာနိုင်ငံမှာ ရောက်ရှိနေတာမို့ ဒါဟာ ခရီးသွားလုပ်ငန်းအတွက် အားရစရာဖြစ်တယ်လို့လဲ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက VOA မြန်မာပိုင်းကို ပြောပါတယ်။
XS
SM
MD
LG