ကမ္ဘာပေါ်မှာ လူ ၁၀ ဦးအနက် ၉ ဦးဟာ ညစ်ညမ်းတဲ့လေတွေကို ရှုရှိုက်နေကြရပြီး၊ အဆောက်အဦးတွေအတွင်းက လေထုညစ်ညမ်းမှုဟာ အဓိကပြဿနာတရပ် ဖြစ်လာနေသလို၊ လူအများစု သတိမပြုမိတဲ့ ပြဿနာတခု ဖြစ်နေတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူ ၇ သန်းလောက် သေဆုံးနေရသလို၊ အာရှနဲ့ အာဖရိကတိုက်လို နေရာတွေက အပယ်ခံလူ့အသိုင်းအဝန်းမှာ အဓိက ခံစားနေရကြောင်းလည်း WHO ရဲ့ အစီရင်ခံစာသစ်က ဖော်ပြခဲ့တာပါ။
အိမ်တွေမှာ အပူပေးတာ၊ ချက်တာပြုတ်တာ၊ မီးထွန်းတာမျိုးတွေလို အဆောက်အဦးတွေ၊ အတွင်းပိုင်းက လေထုညစ်ညမ်းစေတဲ့ အခြေအနေတွေကြောင့် လူပေါင်း ၄ သန်းလောက် သေဆုံးနေရကြောင်းလည်း WHO ရဲ့ လူထုကျန်းမာရေးဌာနက Dr. Maria Neira ကပြောပါတယ်။
အဆောက်အဦး အတွင်းအပြင် လေထုညစ်ညမ်းမှုတွေကြောင့် ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ ပန်းနာရင်ကျပ်လို အသက်ရှုလမ်းကြောင်းဆိုင်ရာ နာတာရှည် ရောဂါတွေ ခံစားရလေ့ရှိကြောင်းလည်း ပြောဆိုထားတာပါ။
နှစ်စဉ်နှစ်တိုင်း လူသန်းနဲ့ချီ သေဆုံးနေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ သန့်ရှင်းတဲ့ စွမ်းအင်တွေ ပိုမိုရရှိသုံးစွဲနိုင်ဖို့ လိုအပ်ကြောင်းလည်း WHO ကပြောပါတယ်။ လေထုညစ်ညမ်းမှု ပြဿနာကို အဖြေရှာနိုင်ဖို့ ပထမဆုံးအကြိမ် နိုင်ငံတကာ ညီလာခံတရပ်ကိုလည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အောက်တိုဘာလထဲ ကျင်းပဖို့ စီစဉ်ထားကြောင်းလည်း WHO အရာရှိ Dr. Neira ကပြောပါတယ်။