လျှပ်စစ် စွမ်းအင်ထုတ်ယူတဲ့ ကျောက်မီးသွေးသုံး စက်ရုံကနေ မျက်စိနဲ့ အလွယ်တကူ မမြင်နိုင်တဲ့ အဆိပ်သင့် ဓါတ်တွေ ထုတ်ပေးနိုင်တာ အပြင် စက်ရုံရဲ့ စွန့်ပစ်ပြာတွေ သိုလှောင်ရာမှာ ကြုံရတဲ့ အန္တရာယ် တွေ အကြောင်း တင်ပြပေးခဲ့ ပြီးပါပြီ။
မြန်မာနိုင်ငံရဲ့ ၂၀၁၆ စွမ်းအင်စီမံကိန်းက ၂၀၃၀ မှာ ကျောက်မီးသွေးကနေ ရာနှုန်း ၂၀ ယူဖို့ လျာထားတာပါ။ မက်ထရစ်တန်ချိန် ၅၀၀ လောက် ရှိမယ်လို့ ၂၀၁၁ က ခန့်မှန်းကြတဲ့ မြန်မာနိုင်ငံထွက် ကျာက်မီးသွေးဟာ အရည်သွေးညံ့တဲ့ lignite အမျိုးစားမို့ အဆင့်မြင့် နည်းသုံးရာမှာ လိုအပ်တဲ့ အကောင်းစားကို ပြည်ပကနေ တင်သွင်းဖို့ လိုပါတယ်။
ရန်ကုန်- ကျောက်တန်းက ကျောက်မီးသွေး စက်ရုံတည်မယ့် ကိစ္စကို မကြာသေးခင်က ပယ်ချခဲ့ ပေမယ့် လက်ရှိ လည်ပတ်နေတဲ့ အင်းလေးနားက တီကျစ်နဲ့ တနင်္သာရီတိုင်း ကော့သောင်က စက်ရုံတွေ နဲ့အတူ နောက်ထပ် ရခိုင်ကျောက်ဖြူ၊ မွန်ပြည်နယ် ရေး၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာ ဆက်တည်မယ့် စီမံကိန်းတွေ အများကြီး ရှိနေပါသေးတယ်။
အန္တရာယ်ကြုံရမှာကို ချက်ချင်း မမြင်နိုင်တဲ့ ကျောက်မီးသွေးသုံး စက်ရုံတွေ တည်ဆောက် တော့မယ် ဆိုရင် ကဏ္ဍစုံက နေ စဉ်းစားဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံ Texas ပြည်နယ်က သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။
ကျောက်မီးသွေး စက်ရုံတွေ ဆောက်မယ် ဆိုရင် လေထုထဲကို အမှုန်အမွှားတွေ ဓါတ်ငွေ့တွေ ရောက်မသွားအောင် အင်မတန်ကောင်းတဲ့ နည်းပညာတွေ သုံးဖို့ လိုတယ်။ အဲဒီလို နည်းပညာတွေ သုံးတာတောင်မှ လေထုထဲကို ရောက်အုံးမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ သူက အရမ်းထွက်တာကိုး။ နောက်တချက်က ကျောက်မီးသွေးက မီးလောင်တတ်တယ်။ ဥပမာ- ၂၀၁၄ ခုနှစ်က ဂျပန်မှာ ရှိတဲ့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ။ သူက ကျောက်မီးသွေးကို အမှုန့်ကြိတ်တဲ့ အခါမှာ မီးက ထပြီး ကူးလို့ ၂ နာရီလောက် မီးလောင်နေတယ်။ အဲဒီတော့ အဲဒီ စက်ရုံကြီးကို ရပ်လိုက်ရတယ်။ မြန်မာပြည် မှာဆို ပူလည်းပူတယ်။ ကျောက်မီးသွေးကို ပုံထားတာပဲ ဖြစ်ဖြစ်၊ ကြိတ်တဲ့ အခါပဲ ဖြစ်ဖြစ် မီး ထလောင်နိုင်တယ်။ ဒါကြောင့် အဲဒီ မီးပြဿနာလည်း ရှိပါတယ်။
နောက် တချက်က ကျောက်မီးသွေးကို ပုံထားမယ် ဆိုရင် လေလွင့်နိုင်ပါတယ်။ လေလွင့်ရင် ကျောက်မီးသွေးရဲ့ အမှုန်လေးတွေဟာ အင်မတန်မှ သေးငယ်ပါတယ်။ သိပ်သေးငယ်ရင် အမှုန်တွေရဲ့ သဘာဝက အဆုပ်ထဲကို ရောက်သွားတာပါ။ အဆုပ် အတွင်းပိုင်းထဲ ရောက်သွားပြီး အဲဒီက သွေးကြောလေးတွေကနေ တဆင့် တခြား သွေးကြောတွေထဲ ရောက်သွားမယ် ဆိုရင် နှလုံးမှာ သွားပြီး ထိခိုက်တာ၊ ဦးနှောက် သွေးကြောပိတ်တာ တို့ ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်တာမျိုးကို အမေရိကန်နိုင်ငံမှာတော့ ကျောက်မီးသွေးကို တူးဖေါ်တဲ့ လူတွေ၊ ကျောက်မီးသွေးကို ကိုင်တွယ်ရတဲ့ လူတွေမှာ အဲဒီအမှုန်ကလေးတွေကနေ သူတို့ အခေါ် Black Lung Disease ဆိုတဲ့ အဆုပ်မဲ ရောဂါ ဖြစ်တတ်ပါတယ်။ ဘာကြောင့် အခုလို ခေါ်ရသလဲ ဆိုတော့ အဆုပ်ထဲမှာ ရှိတဲ့ လေလမ်းကြောင်း လေးတွေ၊ သွေးကြောလေးတွေက အမှုန်တွေနဲ့ ပိတ်သွားပြီး အဆုပ်က အလုပ်မလုပ်ပဲဖြစ်သွားတဲ့ အခါ အဲဒီလူဟာ အရမ်း ပင်ပမ်း နွမ်းနယ်ပြီး နောက်ဆုံး သေဆုံးတဲ့ အဖြစ်ရောက်သွားတတ်ပါတယ်။ ဒါဟာ ချက်ချင်း မသိနိုင်ပဲ နှစ်ပေါင်း များစွာ ကြာမှ သိနိုင်တာ ဖြစ်ပါတယ်။
ကျောက်မီးသွေးကို ကိုင်တွယ်လုပ်ကိုင်သူ မဟုတ်ပေမယ့် ဒီကျောက်မီးသွေးမှုန်တွေကို သေသေချာချာ လေထဲ မရောက်အောင် မလုပ်ဖူးဆိုရင် အနီးနား ဝန်းကျင်မှာ နေထိုင်သူတွေ အနေနဲ့ ဘယ်နည်းနဲ့ မဆို ဒီအမှုန်တွေကို ရှုရှိုက်ရမှာ ဖြစ်တဲ့အတွက် ထိခိုက်နိုင်မှာပါ။ နောက်တချက်ကတော့ ကျောက်မီးသွေးဟာ အက်ဆစ်မိုး ဖြစ်စေပါတယ်။
ဟုတ်ပါတယ်။ စက်ရုံတည်ဖို့ စဉ်းစားတဲ့ ထဲမှာ အက်ဆစ်မိုး အန္တရာယ်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။
လူတွေက အက်ဆစ်မိုး ဆိုရင် မိုးရွာမှပဲ ဖြစ်တယ်လို့ ထင်တယ်။ မဟုတ်ဖူး။ အက်ဆစ်မိုးက မိုးရွာတဲ့ အထဲမှာ ပါလာသလို အခြောက်လည်း ရွာတာပါ။ ဒီလို အခြောက်ရွာရင် ရွာမှန်းတောင် မသိနိုင်ပါဘူး။ ဒီအက်ဆစ်မိုးကြောင့် ဒေသတွင်း ပျက်စီးမှုတွေ ကြုံရနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ စေတီပုထိုးတွေ ရှေးဟောင်း အဆောက်အဦးတွေက ဆယ်စုနှစ်မကဘူး နှစ်ပေါင်း ထောင်နဲ့ ချီ ရှိနေပါတယ်။ အမေရိကန်မှာ ဆို သမိုင်းဝင် ပစ္စည်းတွေက ပြန်ကြည့်မယ် ဆိုရင် အမေရိကန် သမိုင်းက သိပ်မကြာသေးတော့ ထောင်နဲ့ချီ မရှိပါဘူး။ အက်ဆစ်မိုးရွာတဲ့ အခါ မှာ အဆောက်အဦးတွေ၊ ရုပ်ထုတွေက အစ ကျိုးပဲ့ ပျက်စီးကုန်ပါတယ်။ မြန်မာပြည်မှာကတော့ သမိုင်းဝင် ပစ္စည်းတွေက နှစ်ပေါင်းထောင်နဲ့ချီ ရှိနေတာ ဖြစ်ပြီး ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်လိုက်မယ် ဆိုရင် ကြုံလာရမယ့် အက်ဆစ်မိုးကြောင့် သမိုင်း အမွေအနှစ်တွေ ဘာဖြစ်ကုန်မယ် ဆိုတာကို ထည့်စဉ်းစာ ဖို့ လိုပါတယ်။ အက်ဆစ်မိုးရွာရင် အဆောက်အဦးတွေ ကားတွေ မှာ သုတ်ထားတဲ့ ဆေးတွေပျက်စီး တတ်သလို လူတွေမှာလည်း အဆုပ်ကို ထိခိုက်နိုင်ပါတယ်။
နောက်ပြီး ကျောက်မီးသွေး စက်ရုံဆိုတာ နဲနဲပါးပါး သေးသေးကွေးကွေး ဆောက်ရုံနဲ့ မီးမလုံလောက်တဲ့အတွက် ကြီးကြီးမားမား ဆောက်ရတာ မျိုးပါ။ နောက် ကျောက်မီးသွေး စက်ရုံဆောက်တိုင်း ကာဗွန် ဒိုင်အောက်ဆိုက်တွေ ပိုပို များလာရင် ရာသီဥတုကလည်း ပိုပိုပြီး ပူလာမှာ ဖြစ်ပါတယ်။ ဒါကို ပတ်ဝန်းကျင်က ခံစားရမှာ ဖြစ်သလို ကျောက်မီးသွေး စက်ရုံက ထွက်တဲ့ အညစ်အကြေးတွေ ဟာ တပြည်နယ်ကနေ နောက်တပြည်နယ်ကို ကူးနိုင်တဲ့အတွက် အားလုံး ဒဏ်ခံ ကြရမှာမို့ ဒါတွေကို သတိထားဖို့ လိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်း အမျိုးမျိုးဖြစ်တဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း၊ စက်မှု လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေ မှာလည်း သွားပြီး သက်ရောက်နိုင်ပါတယ်။ တကယ်လို့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေကို အင်မတန်မှ အထွက်ကောင်းတဲ့ သီးနှံပင်တွေ စိုက်ပျိုးရာ နားမှာ သွားတည်ဆောက်မိရင် အသီးအနှံတွေ၊ အရွက်တွေမှာ အရည်အသွေး ညံ့လာတတ်ပါတယ်။ ဥပမာ လက်ဖက် စိုက်တဲ့ နေရာမျိုးမှာ စက်ရုံ သွားတည်တာ မျိုးပါ။ အခုအင်းလေးလို ခရီးသွားတွေ အများကြီးလာကြတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ တီကျစ် ကျောက်မီးသွေး စက်ရုံ တည်ထားတာပါ။ အဲဒီမှာ မြစ်ချောင်းတွေ တိမ်ကောမယ့် အန္တရာယ် ရှိနိုင်ပါတယ်။
ဒါတွေ ထက် အရေးကြီးတာက မတိုးတက်သေးတဲ့ မြန်မာနိုင်ငံမှာ လေထု ညစ်ညမ်းမှု အတိုင်းအတာ နဲ့ အန္တရာယ်ကို သေသေချာချာ သိအောင် မလုပ်နိုင် သေးတာ ဖြစ်ပြီး ကဏ္ဍစုံက ပါဝင် ဆောင်ရွက်ဖို့ လိုနေတာပါ။
မြန်မာပြည်မှာ လေထုထဲကို မကောင်းတဲ့ အညစ်အကြေးတွေ ဘာတွေ ရောက်နေသလဲ၊ ဘယ်လောက် အတိုင်းအတာအထိ ရောက်နေသလဲ၊ ဆိုတာကို အခုထိ တိတိကျကျ တိုင်းတာတဲ့ ကရိယာတွေ မရှိသေးသလို စာရင်းဇယား တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် လေထုထဲမှာ ညစ်ညမ်းမှု ဖြစ်နေတာဟာ ကျောက်မီးသွေး စက်ရုံ တခုထဲမကပဲ တခြားတွေလည် အများကြီး ရှိနေနိုင်တာမို့ လူတွေအတွက် ကျန်းမာရေး သိပ်ထိခိုက်နိုင်တာမို့ အရေးကြီးပါတယ်။ အဓိကက မာကျူရီ ပြဿနာပါ။ ငါးတွေဆီ ရောက်သွားမယ် ဆိုရင် ခန္ဓာကိုယ်ထဲကနေ မာကျူရီက မထွက်တော့တဲ့ အတွက် ဒီငါးကို လူတွေ စားမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ငါးလုပ်ငန်းကလည်း ဒီကိစ္စကို အလေးထားဖို့ လိုပါတယ်။
ငါးလုပ်ငန်းတင်မကပါဘူး ခရီးသွားလုပ်ငန်း ဆိုရင်လည်း ခရီးသွားတွေ လာလေ့ရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ရှိတဲ့ နေရာတွေနားမှာ ကျောက်မီးသွေး စက်ရုံတွေ များလာလို့ လေထု ညစ်ညမ်းမှု ဖြစ်မယ် ဆိုရင် အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။ အထူးသဖြင့် လူအများ နားနေတဲ့ ပန်းဥယာဉ်တွေ၊ နိုင်ငံတော် ဥယာဉ်တွေ၊ သစ်တောတွေနားမှာ ရှိရင် လေထုညစ်ညမ်းမှုတွေ ဖြစ်လာမယ်။ ဒါကြောင့် တခုထည်းအတွက် စဉ်းစားလို့ မရပါဘူး။ ကဏ္ဍစုံအတွက် စဉ်းစားဖို့ လိုပါတယ်။
အင်ဂျင်နီယာတွေ အနေနဲ့ လည်း ကဏ္ဍစုံက ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပြီး လျှပ်စစ်၊ စက်မှု၊ မြို့ပြ၊ အီလက်ထရောနစ်ဆိုင်ရာ အင်ဂျင်နီယာ ကဏ္ဍမျိုးစုံ အထောက်အပံ့ကို ရယူဖို့ လိုပါတယ်။ ဒါ့အပြင် မိုးလေဝဿ ပညာရှင်တွေကလည်း အရေးကြီးပါတယ်။ ကျောက်မီးသွေးစက်ရုံ ခေါင်းတိုင်ကနေ ထွက်တဲ့ အခိုးအငွေ့တွေ အမှုန်အမွှားတွေဟာ လေထဲမှာချက်ချင်း ပျောက်မသွားနိုင်ပါဘူး။ ဘယ်ဘက်ကို လွင့်သွားမယ်၊ ဘယ်နေရာမှာ အမှုန်တွေ ကျမယ်၊ ဆိုတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့ အပြင် လူတွေရဲ့ အသက်ရှု လမ်းကြောင်းထဲ ဘယ်လောက်အထိ ရောက်သွား နိုင်တယ် ဆိုတာ တွေကိုပါ ကွန်ပြူတာ နည်းတွေနဲ့ တွက်ချက်တိုင်းတာ ရပါတယ်။ ဒါကြောင့် အဖက်ဖက်ကနေ ပူးပေါင်း လုပ်ဆောင်ဖို့ လိုတာပါ။ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတရုံ ဘေးကင်းကင်းနဲ့ ရှိအောင် လုပ်ဖို့ ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။ အများကြီး သတိထားပြီး လုပ်မှ ဖြစ်မှာပါ။ ဒီလို မလုပ်ရင် အခြေနေဆိုးတွေနဲ့ ရင်ဆိုင်ရနိုင်ချေ ရှိပါတယ်။
သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည် ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ဗံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။