သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘက်ကလာတဲ့ မီးခိုးတွေကြောင့် တာချီလိတ်လေထုညစ်ညမ်းမှု ဆိုးရွားနေ


လေထုညစ်ညမ်းနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြင်ကွင်း (မတ်လ ၇၊ ၂၀၂၃)
လေထုညစ်ညမ်းနေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြင်ကွင်း (မတ်လ ၇၊ ၂၀၂၃)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လေထုထဲ မီးခိုးငွေ့ညစ်ညမ်းတာ ရက်သတ္တပတ် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒဏ်ကြောင့် မျက်လုံးစပ်တာ၊ လည်ချောင်း ယားယံတာမျိုးတွေလည်း ခံစားရတယ်လို့ ပြောပါတယ်။ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေးဟာ နီညိုရောင်အဆင့်ရှိပြီး လူတိုင်းအတွက် ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကလည်း သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က ပြောပြမှာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ လေထုထဲ မီးခိုးမြူငွေ့ ညစ်ညမ်းတာတွေက မတ်လ ၂၃ ရက်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ဒီနေ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းနိုင်ငံဘက်က တောမီးရှို့တဲ့ အခြေအနေကြောင့် မြို့ထဲမှာ မီးခိုးမြူငွေ့ ညစ်ညမ်းတာ နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးခိုးငွေ့ကြောင့် မျက်လုံးနီရဲ စပ်ဖျဉ်းတာ၊ လည်ချောင်းယားတာတွေက အပြင်မထွက်ဘဲ နေအိမ်ထဲမှာတင် ခံစားနေရတဲ့ အခြေအနေလို့ တာချီလိတ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"မီးခိုးငွေ့က ဒီနေ့လည်း ရှိတာပဲဗျ။ ပြီးခဲ့တဲ့ ၂၅၊ ၂၆၊ ၂၇ အဲဒီရက်တွေကတော့ တော်တော်ဆိုးတယ်။ ဒီရက်ထဲတော့ နည်းနည်းလေးပဲ သက်သာတာပါ။ လုံးဝ အကောင်းကြီးတော့ မဟုတ်ဘူးဗျ။ ဟိုဘက်ကမ်းမှာ လောင်နေတုန်းလို့ ပြောတယ်။ အပြင်ထွက်ရင် ဆိုင်ကယ်တွေ ဘာတွေနဲ့ဆို မျက်စိစပ်တာ၊ လည်ချောင်းထဲ ယားကျိကျိဖြစ်ကြတယ်။ အရင်ရက်တွေကတော့ မျက်လုံးတွေဆို အိမ်ထဲနေတာတောင် မခံနိုင်ဘူး၊ မျက်ရည်တွေထွက်ထွက်ကျတာ။"

တာချီလိတ်မြို့မှာ မီးခိုးငွေ့သက်သာအောင် မီးသတ်ကားတွေနဲ့ ရေလိုက်ဖြန်းတာတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဒေသ တာချီလိတ်နဲ့ မယ်ဆိုင်မှာ တောင်ယာမီးရှို့တဲ့ဒဏ်ကြောင့် မီးခိုးငွေ့ဖုံးလွှမ်းတာတွေ နှစ်စဉ်ဖြစ်ပွားနေပြီး၊ ဒီနှစ်ထဲမှာ ပိုပြီးဆိုးရွားလာလို့ မယ်ဆိုင်မြို့နယ်ရုံးမှာ မတ်လ ၂၇ ရက်၊ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

PM2.5 ပါတဲ့ မီးခိုးငွေ့တွေဟာ ကင်ဆာရောဂါ ဖြစ်စေတတ်တာကြောင့် တောမီးနဲ့ တောင်ယာမီးရှို့တာတွေကို ချက်ချင်းရပ်ဖို့ ထိုင်း၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားပြီး ဆန္ဒပြခဲ့ကြတာပါ။ မီးခိုးငွေ့အန္တရာယ် နှစ်စဉ်ကြုံတွေ့နေကျဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မိုးရွာမှ သက်သာလာတာဖြစ်လို့ အခုနှစ်မှာလည်း မိုးရွာမယ့်အချိန်ကို မျှော်နေကြတယ်လို့လည်း ဒေသခံနောက်တစ်ဦးက ပြောပါတယ်။

"ဒီနေ့ အခြေအနေကတော့ အရင်ရက်တွေထက် တဝက်လောက်တော့ လျော့သွားပြီ။ ရေဖြန်းတာကြောင့်ရော၊ နောက်ပြီး လေကတိုက်တော့ လေနဲ့ပါကုန်တာလည်း ဆိုင်မယ်။ အရင်နှစ်တွေထက်တော့ မီးခိုးငွေ့က များတာပေါ့။ ဒီနှစ်ဆို ထိုင်းဘက်ကလည်း ထိုင်းပြည်သူတွေက တောမီးရှို့မှု ရပ်ဖို့အတွက် သူတို့နိုင်ငံအတွက် ဆန္ဒပြကြတာပေါ့လေ။ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုပြီးတော့ ဆိုးတယ်လို့ ပြောရမှာပေါ့။"

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကတော့ တာချီလိတ်မြို့ရဲ့ လေထုညစ်ညမ်းမှု အရည်အသွေးဟာ PM10 နီညိုရောင်အဆင့် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လူတိုင်းအတွက် ကျန်းမာရေးထိခိုက်တာတွေ ဖြစ်နိုင်ပြီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ အပါအဝင် နှလုံးရောဂါရှိသူတွေ အနေနဲ့ မလိုအပ်ဘဲ နေအိမ်အပြင် မထွက်ဖို့ကို သတိပေးထားပါတယ်။ မဖြစ်မနေ အပြင်ထွက်သူတွေလည်း နှာခေါင်းစည်း Mask တပ်ဖို့နဲ့ မျက်စိစပ်တာတွေ ခံစားရရင် လက်နဲ့ ပွတ်သက်တာမျိုး မလုပ်ဘဲ ရေနဲ့ဆေးကြောတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားလာရရင် နီးစပ်ရာဆေးရုံနဲ့ ကျန်းမာရေးဌာနတွေမှာ အမြန်ဆုံးသွားရောက် ပြသဖို့ကို တိုက်တွန်းထားပါတယ်။

{Unicode}










XS
SM
MD
LG