သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်−မြဝတီလမ်း ပိတ်ထားမှုကြောင့် ကုန်စည် စီးဆင်းမှုတွေ ရပ်ဆိုင်းသလောက်ဖြစ်နေ


အာရှလမ်းမပိတ်ထားလို့ ထို့ကော်ကိုးမြေနီလမ်းကနေ ကုန်ပစ္စည်းတွေသယ်ပို့နေကြရ
Photo - Citizen Journalist
အာရှလမ်းမပိတ်ထားလို့ ထို့ကော်ကိုးမြေနီလမ်းကနေ ကုန်ပစ္စည်းတွေသယ်ပို့နေကြရ Photo - Citizen Journalist

ကရင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကော့ကရိတ်-မြဝတီ အာရှလမ်းကိုပိတ်ထားရပြီး ကုန်သွယ်ရေးဇုန်လည်း မီးလောင် ပျက်စီးသွားတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ မြေနီလမ်းဖြစ်တဲ့ ထို့ကော်ကိုး လမ်းကနေ ကုန်ကားတချို့ သွားကြရပြီး ဒေသတွင်း စားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်မားနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ရက် နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်နေရာလည်း တိုက်ခိုက် ခံခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ကော့ကရိတ် အဝင်အထွက်လမ်းတွေ ပိတ်ထားရသလို နယ်စပ်ကုန်စည်းစီးဆင်းမူတွေကလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေရှိနေတယ်လို့ ကုန်သည်တစ်ဦးက ပြောပြပါတယ်။

“အာရှလမ်းကတော့ လုံးဝပေးမသွားဘူး။ ကျုံဒိုးတို့ဘက်မှာလည်း တိုက်ပွဲဖြစ်နေတော့လေ။ အဲဒီ ကော့ကရိတ် လှိုင်ဝနေရာကို ပိတ်ထားတယ်။ ဟိုနေ့ကလည်း မရမ်းချောင်ဘက်မှာ ဒရုန်းနဲ့လေးလုံး လာချသွားတယ်။ ဒီနေ့လည်း မုပလင်ဘက်မှာ ဒရုန်းနဲ့ လာချသွားသေးတယ်။”

ပြီးခဲ့တဲ့ရက်ကတော့ မဲဆောက်−မြဝတီချစ်ကြည်ရေးတံတား(၁)လည်း ယာယီပိတ်လိုက်ရပြီး နှစ်ဖက် တိုက်ပွဲတွေကြောင့် အာရှလမ်းမှာ သွားလာနေတဲ့ ကားတွေလည်း ပိတ်မိတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆင်းလာတဲ့နေ့တုန်းကတောင် ပိတ်မိနေတာ၊ အခုထိလည်း အဲဒီမှာ ပိတ်မိနေတဲ့ကားတွေ ရှိသေးတယ်။ ထွက်လို့ရ မရ မသိဘူး။”

အာရှလမ်းမပိတ်ထားလို့ ထို့ကော်ကိုးမြေနီလမ်းကနေ ကုန်ပစ္စည်းတွေသယ်ပို့နေကြရ Photo - Citizen Journalist
အာရှလမ်းမပိတ်ထားလို့ ထို့ကော်ကိုးမြေနီလမ်းကနေ ကုန်ပစ္စည်းတွေသယ်ပို့နေကြရ Photo - Citizen Journalist

အခုဆိုရင် ထို့ကော်ကိုး လမ်းကပဲ ကုန်တွေသွားလာလို့ရပြီး အဲဒီလမ်းက မြေနီလမ်းဖြစ်တာကြောင့် လမ်းကြမ်းတာတွေ၊ ကြန့်ကြာတာတွေရှိပြီး ကုန်စည်တွေလည်း အလွယ်တကူ စီးဆင်းလို့မရ ဖြစ်နေတာပါ။ အဲဒီလမ်းမှာလည်း စစ်ဆေးစောင့်ကြပ်တဲ့ ဂိတ်ပေါင်း ၃၀ကျော်လောက် ရှိပြီး အခုဆိုရင် ကရင်ပြည်နယ်ထဲမှာ စားသောက်ကုန်တွေက နှစ်ဆ ဈေးတက်သွားတယ်လို့လည်း ဆိုပါတယ်။

“အခုက ပစ္စည်းတခုကို တစ်သောင်းဆို အခုဈေးက နှစ်သောင်းဖြစ်ကုန်ပြီ။ ကုန်ဈေးနှုန်းကတော့ အတော်တက်တယ်။ ပစ္စည်းတွေကတော့ သွားတယ်။ ဈေးတွေက တက်တာ အကုန်တက်တာပဲ။ ကားတွေကတော့ ထိုကော့ကိုး လမ်းကနေ ကိုယ့်ဖာသာသွားရဲတဲ့ သူတွေကတော့ သွားတယ်။ မသွားရဲတဲ့သူတွေကတော့ မသွားကြဘူး။”

မတ်လ (၂၅)ရက်နေ့ကနေစပြီး ကျုံဒိုးမြို့ကနေ မြဝတီမြို့အထိ ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ ကျားဖြူ စစ်ကြောင်းကလည်း သတိပေးထားပါတယ်။ စစ်ကောင်စီကတော့ ကော့ကရိတ် အဝင်အထွက်လမ်းတွေကို သွားလာတာမလုပ်ဖို့ တားမြစ်ထားပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေနဲ့ တနိုင်တပိုင် ရှာဖွေနေရတဲ့ ကုန်သည်တွေအဖို့ကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တရားဝင် ကုန်သွယ်တဲ့လမ်းကြောင်းကတော့ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး ဒေသတွင်းစားသုံးဖို့အတွက် လိုအပ်ချက်တွေအရ တရားမဝင် ကုန်သွယ်မှု အနည်းငယ်လောက်သာ ရှိနေပါတယ်။ အခုသုံးနေတဲ့ ထို့ကော်ကိုး လမ်းကလည်း ကားငယ်တွေနဲ့ အိမ်စီးကားတွေသာ သွားလာနိုင်ပြီး ကုန်ပစ္စည်းတွေ အများအပြား သယ်ဆောင်တဲ့ကားကြီးတွေကတော့ သွားလာလို့ မရပါဘူး ။

ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်မှုတွေ့တော့ မြန်မာဘက်က ထိုင်းဘက်ကို ဒေသတွင်း သီးနှံတချို့ကိုသာ တင်ပို့နေတာဖြစ်ပြီး ထိုင်းဘက်ကတော့ အခြေခံ စားသောက်ကုန်တွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ အလှကုန်တွေနဲ့ တခြား ကုန်ပစ္စည်း အတော်များကို တင်ပို့နေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မူတွေ ရှိနေပြီး စစ်ကောင်စီကတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့တို့ကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG