သုံးရလွယ်ကူစေသည့် Link များ

အာရှတလွှား လေကြောင်းလုပ်ငန်းက စိန်ခေါ်မှုများ


အာရှတိုက်က လေကြောင်းလုပ်ငန်းတွေမှာ ဒီနှစ်ကုန်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို တွေ့မြင်ကြရပါတယ်။

ဒီဇင်ဘာ ၁၃၊ ၂၀၁၀-အာရှတိုက်က လေကြောင်းလိုင်း လုပ်ငန်းတွေမှာ တိုးတက်မှုတွေနဲ့အတူ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အ၀န်း စီးပွားရေး အကျပ်အတည်းတွေ ကြုံခဲ့ရပြီးတဲ့နောက် ကျဆင်းနေခဲ့တဲ့ လေကြောင်းလိုင်း လုပ်ငန်းတွေဟာ ၂ နှစ်လောက်အကြာ အခုအခါမှာတော့ ပြန်လည်ဖွံ့ဖြိုးလာနေပြီး အထူးသဖြင့် အာရှတိုက်က လေကြောင်းလိုင်းတွေမှာ လုပ်ငန်းတွေ ကြီးထွားလာနေတာကို တွေ့မြင်လာနေရပါတယ်။ ဒါပေမဲ့လည်း ပြန်လည်ဦးမော့လာနေတဲ့ လေကြောင်းလိုင်း လုပ်ငန်းအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေးမှာတော့ အခက်အခဲတွေ ရှိနေဆဲပါ။ အာရှလေကြောင်းလုပ်ငန်းရဲ့ ရှေ့အလားအလာတွေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ လေကြောင်းနဲ့ ခရီးသွားသူတွေ၊ ကုန်တင်ပို့မှုတွေ တိုးလာသလို၊ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေ အရင်တနှစ်ကထက်စာရင် ပိုပြီး တိုးချဲ့လာတဲ့အကြောင်း နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း IATA က ပြောပါတယ်။ အောက်တိုဘာလထဲက ကိန်းဂဏန်းတွေအရဆိုရင် တနှစ်အတွင်း ခရီးသွားအရေအတွက်ဟာ ၁၀ ဒဿမ ၁ ရာခိုင်နှုန်း၊ နိုင်ငံတကာ လေကြောင်းတွေဟာလည်း ၁၄ ဒဿမ ၄ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ IATA ကဆိုပါတယ်။ ဒါဟာဆိုရင် ၂၀၀၈ ခုနှစ် အစောပိုင်း စီးပွားရေးပြဿနာတွေ မကြုံရမီ အခြေအနေထက် ခရီးသွား အရေအတွက်မှာ ၅ ရာခိုင်နှုန်း၊ လေကြောင်းခရီးစဉ်တွေမှာ ၁ ရာခိုင်နှုန်း တိုးလာတာလို့လည်း ပြောခဲ့တာပါ။ ဒီလို အခြေအနေတွေကြောင့် ၂၀၁၀ ပြည့်နှစ်ကို လွန်ခဲ့တဲ့ ၁ နှစ်ကထက်စာရင် ပိုပြီးကောင်းမွန်တဲ့ အခြေအနေတွေနဲ့ ကုန်ဆုံးမယ့်ပုံရှိတယ်လို့လည်း IATA ရဲ့ ညွှန်ကြားရေးမှူးချုပ် လည်းဖြစ် အမှုဆောင်အရာရှိလည်းဖြစ်တဲ့ Giovanni Bisignani က ပြောပါတယ်။

အာရှ-ပစိဖိတ် ဒေသထဲမှာတော့ ခရီးသွား အရေအတွက် ၇ ဒဿမ ၃ ရာခိုင်နှုန်း တိုးလာတာမို့ ဒါဟာ လက်ရှိဝန်ဆောင်မှု ပမာဏထက် ၅ ဒဿမ ၃ ရာခိုင်နှုန်း ရှိနေတာပါ။ နိုင်ငံတကာ လေကြောင်းလိုင်း ၁၇ ခုကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ အာရှ-ပစိဖိတ် လေကြောင်း အသင်း AAPA ရဲ့ ညွှန်ကြားရေးမှူးချုပ် Andrew Herdman ကတော့ ဒီလိုလုပ်ငန်းတွေ ကြီးထွားလာတာနဲ့အမျှ လိုအပ်ချက်တွေလည်း သိသိသာသာ တိုးလာနေတယ်လို့ ဆိုပါတယ်။
“တချို့လေကြောင်းလိုင်းတွေဟာ ၁၀ ရာခိုင်နှုန်းလောက်အထိ ကြီးထွားလာနေပါတယ်။ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံနဲ့ တခြားနေရာတွေမှာပါ။ သူတို့တွေပဲ လူတွေကို ငှားရမ်းနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလားတူပဲ လေယာဉ်တွေ ၀ယ်ယူဖို့ အမှာတွေ အကြီးအကျယ်ပို့နေပြီး လေယာဉ်မှူးတွေကိုလည်း ဈေးကွက်ထဲမှာ စုဆောင်းနေတဲ့ အရှေ့အလယ်ပိုင်း ဒေသက လေကြောင်းလိုင်းတွေဟာလည်း အလျှင်အမြန်ကြီးထွားလာနေတာပါ။”

နိုင်ငံတကာ အရပ်ဘက် လေကြောင်းပျံသန်းရေးအဖွဲ့ ICAO ကတော့ အာရှ-ပစိဖိတ် ဒေသမှာ နှစ်စဉ်လိုအပ်နေတဲ့ လေယာဉ်မှူး အရေအတွက်ရဲ့ ၃၅ ရာခိုင်နှုန်းလောက်ကိုသာ လေ့ကျင့်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ တနိုင်ငံထဲမှာကိုပဲ လာမယ့် နှစ်အနည်းငယ်အတွင်း လေယာဉ်မှူးပေါင်း ထောင်ဂဏန်းအထိ လိုအပ်နေတာပါ။ ဒီလို အခြေအနေအောက်မှာ နိုဝင်ဘာလထဲတုန်းကတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ China Southern Airlines က အရင်တုန်းကလို လေယာဉ်မှူးတွေကို ၄ နှစ်ကြာ သင်တန်းတွေ ပေးမယ့်အစား ၂ နှစ်ခွဲနဲ့ အမြန်သင်တန်းတွေ ပေးသွားမယ်လို့ ပြောပါတယ်။

ဒီလိုပဲ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး လေကြောင်းဈေးကွက်တခုအဖြစ် နှစ်ပေါင်း ၂၀ အတွင်း ပေါ်ထွန်းလာဖွယ် ရှိနေတာကတော့ အိန္ဒိယနိုင်ငံပါ။ ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာပဲ Air India နဲ့ Jet Airways တို့က Airbus ကုမ္ပဏီကနေ လေယာဉ်သစ် ၃၅ စင်း ငှားမယ်လို့ ကြေညာခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာလည်း ဈေးချိုတဲ့ လေကြောင်းလိုင်းတခုဖြစ်တဲ့ SpiceJet က 737-800 ဘိုးအင်း ဂျက်လေယာဉ် အစင်း ၃၀ ကိုလည်း မှာယူခဲ့တာပါ။ ဒါပေမဲ့လည်း အိန္ဒိယရဲ့ လေကြောင်းလုပ်ငန်းမှာလည်း လေယာဉ်မှူးတွေ ရှားပါးတဲ့ ပြဿနာကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။ နိုင်ငံပိုင်လေကြောင်းလိုင်းရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ ဈေးချိုတဲ့ လေကြောင်းတခုဖြစ်တဲ့ Air India Express ဟာဆိုရင် လေယာဉ်မှူးတွေ အပြည့်အ၀မရှိတဲ့အတွက် စက်တင်ဘာလထဲမှာ အရှေ့အလယ်ပိုင်းကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို ဖျက်ခဲ့ရတာပါ။

လေကြောင်းပျံသန်းမှု ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ လေယာဉ်မှူးတွေ ပြတ်လပ်တဲ့ ပြဿနာကြောင့် ခရီးစဉ်တွေကို ပိုပြီးမောင်းနှင်ပျံသန်းရတာ၊ တချို့ဆိုရင်လည်း လိုအပ်သလောက် အတွေ့အကြုံမရှိတဲ့ လေယာဉ်မှူးသစ်တွေ ရှိလာနိုင်တာကြောင့် အန္တာရာယ်ရှိနိုင်တယ်လို့ သတိပေးကြပါတယ်။ နိုဝင်ဘာလထဲတုန်းက Air India ခရီးသည်တင် ဂျက်လေယာဉ် မတော်တဆမှု ဖြစ်ခဲ့တာကို စုံစမ်းစစ်ဆေးရာမှာ ဆိုရင်တော့ တွဲဘက်လေယာဉ်မှူးက အထိတ်တလန့်ဖြစ်ပြီး မတော်တဆခလုတ်တွေကို တိုက်မိရာက ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။ အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဒီလေယာဉ်မှူးရဲ့ လေယာဉ်ပျံသန်းချိန်မှတ်တမ်းဟာ နာရီ ၁,၀၀၀ တောင် မပြည့်သေးဘူးလို့လည်း ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံက အဓိက လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်ကြတဲ့ လေယာဉ်မှူးအသစ်တွေဟာ ပုံမှန်အားဖြင့် ပျံသန်းချိန်မှတ်တမ်း ၄,၀၀၀ လောက် ရှိတတ်ကြပါတယ်။

တကယ်တော့ လေကြောင်းလုပ်ငန်းတွေမှာ ကျွမ်းကျင်သူ လေယာဉ်မှူးတွေကို မွေးထုတ်ဖို့အတွက်ကတော့ အချိန်ယူရတယ်လို့ အာရှ-ပစိဖိတ် လေကြောင်း အသင်း AAPA ရဲ့ ညွှန်ကြားရေးမှူးချုပ် Herdman က ဆိုပါတယ်။
“လအနည်းငယ်အတွင်း ပုဂ္ဂလိက လေယာဉ်မှူးအဖြစ် လိုင်စဉ်ရဖို့ အမောင်းသင်လို့ ရပါတယ်။ ဒါပေမဲ့လည်း စီးပွားဖြစ် လေကြောင်းလိုင်းတွေ၊ လေယာဉ်ကြီးတွေကို မောင်းဖို့အတွက် လေယာဉ်မှူးလိုင်စင် ရဖို့အတွက်ကတော့ နှစ်နဲ့ချီပြီး အချိန်ယူရတယ် ဆိုတာကတော့ ရှင်းပါတယ်။ စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်တွေကို မောင်းနှင်နိုင်တဲ့ အဆင့်အထိ အရည်အချင်းမှီတဲ့ လူတွေရဖို့ ယေဘုယျ သင်တန်းကာလကတော့ နှစ်အတော်ကြာကြာအတွင်းမှာ လုပ်ယူရတာပါ။”

လွန်ခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၀၉ ခုနှစ်အတွင်း လေယာဉ်မှူးပေါင်း ၂၀၀ ဟာ သူတို့ရဲ့ အလုပ်အကိုင် ရာဇ၀င်တွေမှာ မမှန်မကန် လိမ်လည်ဖော်ပြတာတွေ တွေ့ခဲ့ရတယ်လို့ စက်တင်ဘာလထဲမှာ တရုတ်အာဏာပိုင်တွေက ပြောဖူးပါတယ်။ ဒေသတွင်းက Cathay Pacific, Singapore Airline တို့လို နာမည်ကျော် လေကြောင်းလိုင်းတွေကတော့ သူတို့ရဲ့ လေယာဉ်မှူးတွေကို ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးပြီး၊ လေယာဉ်မှူးတွေဟာလည်း ဒီကုမ္ပဏီတွေမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်သွားကြလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း အခုအခါ မြန်မြန်ဆန်ဆန် ကြီးထွားလာနေတဲ့ လေကြောင်းလိုင်း အသစ်တွေ ပေါ်ပေါက်လာတာနဲ့အမျှ တခြားကုမ္ပဏီတွေက လူတွေကို ပြန်လည်ငှားရမ်းတာလို ဖြတ်လမ်းနည်းတွေကို သုံးတဲ့ပုံစံမျိုးတွေက ပိုပြီးတွေ့လာနေရတာပါ။ ဇူလိုင်လထဲမှာဆိုရင် Philippines Airlines က လေယာဉ်မှူး ၂၀ ကျော်လောက်က ပြည်ပမှာ လစာပိုရမယ့် အလုပ်တွေရဖို့ ကုမ္ပဏီက အလုပ်တွေထွက်ကြတဲ့အတွက် ဖိလစ်ပိုင် လေကြောင်း လုပ်ငန်းမှာ ပြဿနာတွေနဲ့ ကြုံခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်း လေကြောင်းလိုင်း လုပ်ငန်းတွေမှာ ပမာဏအားဖြင့် မကြီးမားလှပေမဲ့၊ အဆုံးအရှုံးတွေက အမြတ်အစွန်း ထွက်လာနေပြီလို့ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်း IATA က ပြောပါတယ်။ ၂၀၁၀ ပြည့်နှစ်ရဲ့ ပထမ ၁၀ လအတွင်း ခရီးသွားအရေအတွက် ၈ ဒဿမ ၅ ရာခိုင်နှုန်း တိုးလာတာနဲ့အမျှ လုပ်ငန်းတိုးချဲ့မှုဟာ ၄ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ဒီလိုပဲ ကုန်တင်ပို့မှု ၂၄ ရာခိုင်နှုန်း တိုးလာတဲ့အတွက် လုပ်ငန်းတွေကိုလည်း ၉ ဒဿမ ၂ ရာခိုင်နှုန်း ချဲ့ထွင် နိုင်ခဲ့တယ်လို့ IATA ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG