သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၅ ဦးသေဆုံး ၂၉ ဦး ထက်မနည်းဒဏ်ရာရ


ကနီမြို့နယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြင်ရစဉ် (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)
ကနီမြို့နယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် မြင်ရစဉ် (ဒီဇင်ဘာ ၁၆၊ ၂၀၂၄)

ကနီမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ နတ်ကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ မကွေးတိုင်း စလင်းမြို့နယ်ထဲ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း အိမ်ခြေ ၃၀၀ နီးပါး မီးရှို့ခံရပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက အခြေအနေ သတင်းပေးပို့ချက်ကိုပြောပြမှာပါ။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျောက်လှေကား ကျေးရွာကို ဒီဇင်ဘာ ၁၆ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာထဲ ကျရောက်ပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ၅ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးပါဝင်ပြီး နေအိမ်တွေထဲ နေထိုင်ချိန် ဗုံးသီးကျရောက်ပေါက်ကွဲပြီး သေဆုံးတာလို့ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသပေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့က ည ၈ နာရီလောက်က ကျောက်လှေကား ကျေးရွာကို လေယာဉ်နဲ့ ကြဲတာခင်ဗျ။ ပြည်သူ ၅ ဦးသေတယ်။ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ရွာထဲကိုကျတာ သူတို့နေတဲ့ အိမ်တွေအပေါ်ကျတာ။ ၁၂၀ ဗုံးသီးတွေပေါ့။ သူတို့က ရွာထဲနေရင်းနဲ့ လေယာဉ်က သူတို့အပေါ်ဝဲရင်းနဲ့ အပြင်ဘက်ထွက်တဲ့အချိန်တွေမှာကျပြီး ဗုံးစမှန်တာတွေရှိတယ်။ တချို့ကလည်း အိပ်နေတဲ့အတောအတွင်းမှာ ဗုံးသီးက အိမ်ပေါ်တည့်တည့်ကျပြီးတော့ သေဆုံးတာတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ အနီးဆုံးမှာရှိတဲ့ ဆေးရုံတွေမှာ ပို့ထားတယ်။"

ကျောက်လှေကားကျေးရွာကို ဗုံးကြဲပြီး ၈ နာရီ ၄၅ မှာ နတ်ကြီးကျေးရွာကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် အဆောက်အဦအချို့ ထိမှန်ပျက်စီးတယ်လို့ ဒေသခံတွေပြောပါတယ်။

လေကြောင်းက တိုက်ခိုက်ခံရတဲ့ကျောက်လှေကားကျေးရွာနဲ့ နတ်ကြီးကျေးရွာတို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။ နတ်ကြီးကျေးရွာဟာ မကြာခဏဆိုသလို နေအိမ်တွေ မီးရှို့ခံရပြီး လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းမှာလည်း လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

မကွေးတိုင်း စလင်းမြို့နယ် စန်းကလေး မြောက်ရွာမှာလည်း စစ်ကောင်စီ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်စီးခဲ့လို့ နေအိမ် ၃၀၀ နီးပါး မီးလောင်ကျွမ်းဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေမီးရှို့ဖျက်စီးခံရတာကြောင့် ဒေသခံ ၃ ထောင်လောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုအညာသားက ပြောပါတယ်။

"စန်းကလေးရွာ ၂ ရွာရှိတယ်။ မြောက်ရွာကို မီးရှို့ခံလိုက်ရတယ်။ ၁၂ နာရီ ၄၀ လောက်ပေါ့နော် စပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ ၁ နာရီ မိနစ် ၅၀ လောက်မှာ ဝင်ပြီးတော့ မီးရှို့ခံရတယ်။ စန်းကလေး မြောက်ရွာပေါ့နော်။ နေအိမ် ၃၀၀ ဝန်းကျင်လောက် ၂၀၀ ကျော်ကျော်လောက် လောင်မှာပေါ့။ အဲ့ရွာက နေအိမ် ၃၀၀ ပတ်ချာလည်လောက်ရှိတာ တရွာလုံးနီးပါး။ မီးလောင်ပျက်စီးသွားတယ်လို့ ပြောတာကို ဒါပေမယ့် အိမ်ခြေအတိအကျကတော့ စစ်ကြောင်း ပြန်လည် ဆုတ်ခွါခြင်း မရှိသေးတော့ နယ်မြေရှင်းလင်းရေး မလုပ်ရသေးတော့ အိမ်ခြေ အတိအကျကိုတော့ မရသေးဘူးပေါ့နော်။ အရပ်သား ဒေသခံ ၃၀၀၀ ကျော် ၄၀၀၀ နီးပါး စစ်ရှောင်နေရတယ်။"

ဒီဇင်ဘာ ၁၁ ရက်က စစ်ကောင်စီ စစ်ကြောင်းထိုးချိန် စန်းကလေးကျေးရွာနဲ့ ၃ မိုင်ခန့်အကွာမှာရှိတဲ့ စိဇွဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၆ ရက်အကြာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး တကျော့ပြန် နယ်မြေရှင်းလင်းချိန် နေအိမ်တွေမီးရှို့ခံရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကျေးရွာတွေအနီးမှာ ရှိနေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG