တနိုင်ငံလုံးအတိုင်းအတာနဲ့ သဘာဝဘေးအန္တရာယ် ရေဘေး ကြုံနေရပေမဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာပြီဖြစ်တဲ့ အတွက် နိုင်ငံအပြောင်းအလဲ မှာ ရွေးကောက်ပွဲဟာ အရေးကြီးတာကြောင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ကြိုတင် ပြင်ဆင်ထားကြဖို့ လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကို ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးမှုတွေ၊ စောင့်ကြည့်လေ့လာမှုတွေကို ကြိုတင်ပြင်ဆင် လုပ်ဆောင်နေပါတယ်လို့ လည်း ဆိုပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီးလေးခုကို သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ အရေးပေါ်အခြေအနေအဖြစ် သမ္မတက ကြေညာထားရသလို အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လူပေါင်းသိန်းနဲ့ချီ ရေဘေးဒဏ်သင့်နေပါတယ်။ အိုးအိမ်တွေနစ်မြုပ်ပြီးတော့ ရေဘေးဒုက္ခသည်စခန်းတွေနဲ့ ရေဘေးလွတ်ရာတွေမှာ ခိုလှုံနေရသလို ကျွဲနွားတိရစ္ဆာန်တွေပါ နေရေးထိုင်ရေး စားသောက်ရေး အခက်အခဲတွေဖြစ်နေကြရတာပါ။
ဒီလိုမျိုး တနိုင်ငံလုံးရေဘေးသင့်နေတဲ့ အခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ကို သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ထပ်ပြီးတော့ တိုးပေးလိုက်ပေမဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ အပြောင်းအလဲဖြစ်မယ်လို့တော့ တရားဝင် မကြေညာထားပါဘူး။
ဒီလိုအခြေအနေဖြစ်နေပေမဲ့လို့ နိုင်ငံအတွက် အရေးကြီး အပြောင်းအလဲဖြစ်တဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ လိုတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းဇေယျက အခုလိုပြောပါတယ်။
“ရေဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေအဖို့ကတော့ သူတို့ရဲ့စားဝတ်နေရေး၊ ပြည်သူအရေး၊ နေရေးထိုင်ရေးအတွက် ပူပင်သောက ရောက်နေမှာပဲ။ ရေဘေးသင့်နေတဲ့ဒေသမှာရှိတဲ့ပြည်သူ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၂ လောက်က ဖြစ်နေတာကိုး။ ရွေးကောက်ပွဲမဲထည့်ဖို့ ကိစ္စရော၊ မဲစာရင်းကြည့်ဖို့ကိစ္စရော ဘယ်လိုမှ သူတို့ခေါင်းထဲမထည့်နိုင်ဘူး။ ဒါကိုလည်း အရှိတရားအရ ကျနော်တို့ကလက်ခံရမှာပဲ။ သို့သော် ….. ရက်ပေါင်း ၉၀ လောက်ကျန်တဲ့အချိန်မှာ ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ တာဝန်ယူကျင်းပနိုင်ဖို့၊ ပြည်သူတွေလည်း ရွေးကောက်ပွဲမှာ စိတ်ဝင်တစားနဲ့ပါဝင်လာဖို့အတွက်ကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမယ်လို့ ယူဆတယ်လေ။ ဒါကြောင့်လည်း တတ်နိုင်သလောက် ကျနော်တို့ နိုင်တဲ့ဘက်ကနေ ဝိုင်းလုပ်တဲ့သဘောပါ။”
အခုလက်ရှိအခြေအနေမှာ မဲဆန္ဒရှင်မှားယွင်းမှုတွေနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အားနည်းနေတာတွေအတွက်လည်း အသိပညာပေးဖို့ စောင့်ကြည့်လေ့လာမှုတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက လုပ်ဆောင်နေပါတယ်လို့လည်း ဦးမင်းဇေယျကပြောပါတယ်။
“စောင့်ကြည့်လေ့လာရေးနဲ့ စည်းရုံးလှုံ့ဆော်ရေးပေါ့နော်၊ အဲဒီလုပ်ငန်းစဉ်တွေလုပ်ဖို့အတွက်ကို အသိပညာပေးတဲ့ဟောပြောပွဲတွေ၊ အသိပညာပေးတဲ့သင်တန်းတွေကို စဉ်ဆက်မပြတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေရဲ့ မဲစာရင်းမှာပါဝင်ရေး၊ တကယ်လို့ မပါဝင်ခဲ့ရင်လည်း ပါဝင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ ဗဟုသုတတွေပေါ့နော်၊ နောက်တခုက ရွေးကောက်ပွဲနေ့ကျရင် မဲဆန္ဒရှင်ပြည်သူတွေ အားလုံး မဲရုံမှာလာပြီးတော့ ကိုယ်တိုင်ကိုယ်ကျ မဲလာထည့်ဖို့အတွက် စည်းရုံးမယ်၊ လှုံ့ဆော်မယ်၊ ဥပမာ-ဆိုပါစို့၊ ကျနော်တို့ကော်မရှင်က ထုတ်ခဲ့တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စောင့်ကြည့်လေ့လာရေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို publid awareness ဖြစ်အောင် ဆောင်ရွက်နေတဲ့သဘောပါ။ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့၊ သန့်ရှင်းတဲ့ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့ဆန္ဒ ကျနော်တို့မှာရှိပါတယ်။ သို့သော် တကယ်တန်းဖြစ်မဖြစ် ဆိုတဲ့အပိုင်းမှာကျတော့ ရွေးကောက်ပွဲကိုဖေးမပေးမယ့် ကော်မရှင်နဲ့ လက်ရှိအာဏာရပါတီနဲ့အစိုးရအဖွဲ့မှာလည်း တဘက်မှာ တာဝန်ရှိသလို တဘက်မှာကလည်း မဲဆန္ဒရှင်ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ကျနော်တို့မြင်တယ်လေ။ သို့သော် အဲဒီတာဝန်တွေက ဘာတွေလဲ။ အခွင့်အရေးဆိုတာ ဘာတွေလဲဆိုတာကို ပြည်သူအများစုက မသိဘူး။ ပြည်သူတွေ များများသိလာအောင် တိုက်တွန်းနှိုးဆော်နေတာပါ။”
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ ဦးဆောင်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် လေးမြို့နယ်ဖြစ်တဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့တွေမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုတွေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေနဲ့ သင်တန်းတွေ စတင် ပို့ချပေးနေပါတယ်လို့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုသန်းမြင့်အောင်က ပြောပါတယ်။
“ကျနော်တို့လုပ်ခွင့်ရသလောက် လုပ်ပါတယ်။ တကယ်လို့လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ မဖြစ်ဘူးဆိုလည်း ကျနော်တို့ ကတော့ ဒီဟာတွေကို ဘယ်အပိုင်းတွေမှာ တရားမျှတမှုမရှိလဲ။ ဘယ်အပိုင်းတွေမှာတော့ ကန့်သတ်မှုတွေရှိတယ်၊ ဘယ်အပိုင်းတွေမှာတော့ လိမ်ညာမှုတွေရှိတယ်ဆိုတာကို မကြောက်တမ်း၊ မရွံ့တမ်း ထုတ်ဖော်ပြောသွားမှာဖြစ်တယ်။ ဒီအပေါ်တွေမှာတော့ ကန့်သတ်ချက်၊ ပိတ်ပင်ချက်တွေရှိလာရင်လည်း ဒါတွေအပေါ်မှာ ရင်ဆိုင်ဖို့အသင့်ပဲ။ အခုလက်ရှိ မြန်မာပြည်ရဲ့ရွေးကောက်ပွဲဟာ ထောင်ခြောက်တွေက အများကြီးပဲ။ စောင့်ကြည့်ခွင့်အရေအတွက်ရော၊ မီဒီယာအတွက်ကောက အမျိုးမျိုး ကန့်သတ်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့တွေက တွေးထားတယ်။ အဲဒီအတွက်ကိုလည်း စောင့်ကြည့်မယ့်သူတွေနဲ့ မဲပေးမယ့်သူတွေအတွက်ကိုကော ကျနော်တို့က သင်တန်းတွေ လုပ်နေပါတယ်။”
၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းဘက်က သြဂုတ်လ (၈) ရက်နေ့ကကျရောက်တဲ့(၂၇) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ကြေညာတဲ့ကြေညာချက်ထဲမှာ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူတွေ၊ တရားရင်ဆိုင်နေရတဲ့ ကျောင်းသူ ကျောင်းသား ပြည်သူလူထုတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရေး ဝန်းရံကြဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။