အိန္ဒိယနိုင်ငံရဲ့ နှစ်ဆနီးပါးအကျယ်ရှိတဲ့ အမေဇုံသစ်တောကြီးဟာ နိုင်ငံ ၈ နိုင်ငံနဲ့ နယ်မြေတခုမှာ လွှမ်းခြုံပေါက်ရောက်နေပြီး ကမ္ဘာ့ဇီဝဂေဟစနစ်အတွက် အလွန်အရေးပါပါတယ်။ ဒါ့အပြင် ကာဗွန်ဓာတ်တွေကို စုပ်ယူပေးနေတဲ့အတွက် ဥတုရာသီအရေးမှာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတာပါ။ ဥတုရာသီပြောင်းလဲမှုနဲ့ လူသားတွေရဲ့လုပ်ရပ်ကြောင့် ထိခိုက်ပျက်စီးလာနေတဲ့ အမေဇုံတောကြီးကို ပြုပြင်ထိန်းသိမ်းရေးမလုပ်ရင်တော့ လာမယ် ၂၅ နှစ်အတွင်း ပျက်စီးကိန်းဆိုက်လိမ့်မယ်လို့ Nature သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။ အေပီသတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာတဝန်းလုံးအတွက် ရေချို ၂၀ ရာခိုင်နှုန်းရှိတဲ့ အမေဇုံသစ်တောကြီးဟာ ဇီဝမျိုးစုံမျိုးကွဲတွေရှိတဲ့နေရာတခုအဖြစ်လည်း ထင်ရှားသလို သစ်ပင်မျိုးစိတ်ပေါင်း ၁၆,၀၀၀ ကျော်ရှိတဲ့ အမြဲစိမ်းသစ်တောကြီးလည်းဖြစ်ပါတယ်။ ရာသီဥတုပူနွေးလာတဲ့အတွက် မိုးရွာသွန်းမှုပုံစံတွေပြောင်းလဲပြီး သစ်တောပြုန်းတီးမှုတွေကြောင့် အမေဇုံသစ်တောကြီးတခုလုံး၊ ဒါမှမဟုတ်လည်း တစိတ်တပိုင်း ပျက်စီးသွားတော့ မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတယ်လို့ Nature စာစောင်မှာဖော်ပြထားပါတယ်။
၂၀၅၀ ပြည့်လွန်နှစ်မှာ အမေဇုံသစ်တောရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းထိ ထိခိုက် ပျက်စီးနိုင်တဲ့အလားအလားတွေရှိနေတဲ့အတွက်လည်း ဒေသတွင်း ရာသီဥတုအခြေအနေအပေါ် သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ပါတယ်။ အဲဒီလိုဖြစ်လာရင်တော့ အမေဇုံသစ်တောကြီးရဲ့ပျက်စီးမှုက နောက်ပြန်လှည့်လို့မရတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဘရာဇီးလ် Santa Catarina တက္ကသိုလ်နဲ့ ဗြိတိန် Birmingham တက္ကသိုလ်က ပညာရှင်တွေ ပူးတွဲလေ့လာခဲ့ကြတာဖြစ်ပါတယ်။ အမေဇုံဒေသထဲက ကမ္ဘာ့ပူနွေးမှု၊ ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ နွေရာသီတာရှည်လာတာနဲ့ သစ်တောပြုန်းတီးမှု အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။ ဒေသတွင်း ရာသီဥတုအခြေအနေ၊ လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၊ မိုးခေါင်မှုနဲ့ သစ်တောတွေ အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်စွမ်းတို့ကိုပါလေ့လာခဲ့တာပါ။
ဘာမင်ဟမ် သစ်တော သုတေသနဌာန ပါမောက္ခလည်းဖြစ်၊ အစီရင်ခံစာပူးတွဲရေးသားသူ ဒေါက်တာ Adriane Esquivel-Muelbert က ခုလိုရှင်းပြပါတယ်။
"အမေဇုံသစ်တောကြီးရဲ့ ကြံ့ခိုင်မှုအနေအထားကို ကျမတို့ ခန့်မှန်းခဲ့ကြပါတယ်။ ၂၀၅၀ ပြည့်လွန်မှာ အမေဇုံသစ်တော ၁၀ ရာခိုင်နှုန်းကနေ ၄၇ % မှာ အခြေအနေတွေပြောင်းလာနိုင်ပါတယ်။ ဒါသိပ်ကို အရေးကြီးပါတယ်။ သစ်တောကြီးရဲ့စနစ်တခုလုံးကို ပိုမိုနားလည်အောင်လုပ်ဖို့လိုပါတယ်။"
မိုးသစ်တောကြီး အဓိက ထိခိုက်စတဲ့ အကြောင်းရင်းကိုလည်း သုတေသီတွေ လေ့လာခဲ့ကြပါတယ်။
“ကျမတို့ အဓိက ကောက်ချက်ချနိုင်တာကတော့ လာမယ့် ၂၅ နှစ်အတွင်းမှာ အမေဇုံသစ်တော ထိခိုက်ပျက်စီးလာနိုင်တယ်ဆိုတာပါ။ အဲဒီလိုပျက်စီးလာမယ်ဆိုတာ တပ်အပ်မပြောနိုင်ပေမဲ့ အမေဇုံသစ်တောရဲ့စနစ်ကို ပိုမိုနားလည်တဲ့အခါ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်ပါတယ်။ အမေဇုံတောကြီး ပျက်စီးလာနိုင်တယ်ဆိုတာကို ဖြစ်နိုင်ခြေရှိတဲ့ အယူအဆတခုအနေနဲ့ နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီလိုတကယ်ပဲ ပျက်စီးသွားမလားဆိုတာ စမ်းသပ်ကြည့်လို့တော့မဖြစ်ပါဘူး၊ အမေဇုံသစ်တောဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲပေါင်းစုံရှိတဲ့နေရာဖြစ်သလို လူသားမျိုးနွယ်ထုအတွက်လည်း အရေးပါလှတဲ့ သစ်တောကြီးဖြစ်ပါတယ်။ ဒါကြောင့် အမေဇုံသစ်တောပျက်စီးမှုဟာ လူသားထုအတွက်လည်း ထိခိုက်ပျက်စီးမှုဖြစ်ပါတယ်။"
အမေဇုံသစ်တောရဲ့ ခံနိုင်ရည်ရှိမှုအပေါ် ဇီဝဂေဟစနစ်နဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းက ဘယ်လိုအခန်းကဏ္ဍကနေ ပုံဖော်နေသလဲဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
"အမေဇုံမိုးသစ်တောဟာ ခံနိုင်ရည်အားကောင်းပြီး ဇီဝမျိုးစုံမျိုးကွဲတွေလည်း အတော်ကို စုံပါတယ်။ ကြီးကြီးမားမား ထိခိုက်ပျက်စီးလာတာမျိုး မတွေ့ရသေးပါဘူး။ ကွဲပြားတဲ့ အပူပိုင်းဇုံစနစ်တွေရှိနေတာကြောင့်လို့ ထင်ပါတယ်။ အဲဒီလို ကွဲပြားတဲ့စနစ်မျိုးစုံကြောင့် သစ်တောရဲ့ ကြံ့ခိုင်မှုစွမ်းရည်တွေကို အထောက်အကူပြုပါတယ်။ ရာသီဥတုဒဏ်ကိုလည်း ပိုပြီးခံနိုင်ရည်ရှိလာတာကိုတွေ့ရပါတယ်။ အမေဇုံသစ်တောဟာ ကျမတို့ထင်ထားတာထက် ပိုပြီး ခံနိုင်ရည်ရှိပုံရပါတယ်။"
၂၀၂၃ ခုနှစ်တုန်းကတော့ အမေဇုံတောထဲမှာ အတော့်ကို မိုးခေါင်ခဲ့ပါသေးတယ်။ El Niño အပူလှိုင်းကြောင့် မိုးခေါင်ရေရှားမှုပိုပြီး တာရှည်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။
မနှစ်တုန်းကတော့ အယ်လ်နီညိုအပူလှိုင်းဒဏ်ကြောင့် အတော့်ကိုပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ကြုံခဲ့ရပါတယ်။ အဲဒီလိုအဖြစ်မျိုး မကြာခဏဖြစ်လာပြီး ပိုဆိုးလာတာကိုလည်း တွေ့ရပါတယ်။ အပူချိန်တွေလည်း ရုတ်တရက်တက်လာတာမျိုးလည်းရှိပါတယ်။ ခုချက်ချင်း ထလုပ်မယ်ဆိုရင်တော့ အဲဒီလို သဘာဝဘေးတွေကို ရှောင်ရှားနိုင်ပါသေးတယ်။ နောက်ထပ် ၁ နှစ် ၂ နှစ်စောင့်လို့တော့မဖြစ်ပါဘူး။ အမေဇုံတောကြီးရဲ့စနစ်နဲ့ ကမ္ဘာမှာလည်ပတ်နေတဲ့ သဘာဝစနစ်တွေ ဒီအတိုင်း မပျက်မစီး ဆက်ထိန်းထားဖို့တော့လိုပါတယ်။
အမေဇုံသစ်တောကို ကြံ့ခိုင်မှုကိုဆက်လက် ထိန်းသိမ်းနိုင်ရေးဟာ ကြိုးပမ်းမှုနဲ့ ဆုံးရှုံးသွားတဲ့နေရာတွေမှာ သစ်ပင်တွေပြန်စိုက်တာနဲ့ သစ်တောပြုန်းတီးမှုအဆုံးသတ်သွားအောင် ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအပေါ်မူတည်လိမ့်မယ်လို့လည်း သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ရပ်တန့်သွားအောင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်းလိုအပ်လိမ့်မယ်လို့လည်း သုတေသီတွေက ပြောဆိုထားကြပါတယ်။
Forum