သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဖွား ပင်ဒါလေး ပြည်ကြီးပြန်ရတော့မည်


ဝါရှင်တန် တိရိစ္ဆာန်ရုံမှာ ဆော့ကစားနေကြတဲ့ အမေရိကန်ဖွား ပင်ဒါလေး Bao Bao နဲ့ သူ့မိခင် Mei Xiang။
ဝါရှင်တန် တိရိစ္ဆာန်ရုံမှာ ဆော့ကစားနေကြတဲ့ အမေရိကန်ဖွား ပင်ဒါလေး Bao Bao နဲ့ သူ့မိခင် Mei Xiang။

အမေရိကန်ပြည်ထောင်စုမှာ မွေးခဲ့တဲ့ ပန်ဒါ ဝက်ဝံလေး Bao Bao ကို သူ့ရဲ့အမျိုးအနွယ်တွေရှိရာ တရုတ်နိုင်ငံကို ရှေ့နှစ် အစောပိုင်းကျရင် ပြန်ပို့တော့မှာပါ။ Bao Bao ရဲ့ မိဘနှစ်ပါးဖြစ်တဲ့ Mei Xiang နဲ့ Tian Tian တို့ကို အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံဆီကနေ ခဏ ငှားရမ်းထားတာပါ။ ဒီလိုငှားရမ်းတဲ့ သဘောတူညီချက်ထဲမှာ - အမေရိကန်တိရိစ္ဆာန်ရုံတွေ ထဲမှာမွေးတဲ့ ပန်ဒါ ဝက်ဝံတွေကို အသက် လေးနှစ် မပြည့်ခင်မှာ တရုတ်နိုင်ငံကို ပြန်ပို့ရမယ်လို့ သဘောတူထားတာဖြစ်ပါတယ်။

ဒါကြောင့် Bao Bao ရဲ့ အစ်ကို Tai Shan ကို ၂၀၁၀ ခုနှစ်က တရုတ်နိုင်ငံ ကို ပြန်ပို့ပေးခဲ့ပြီးဖြစ်သလို၊ အခု Bao Bao ရဲ့အလှည့် ရောက်လာတော့မှာပါ။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း Atlanta မြို့က တိရိစ္ဆာန်ရုံထဲမှာ မွေးခဲ့တဲ့ အသက် သုံးနှစ်ရှိပြီဖြစ်တဲ့ ပန်ဒါ အမွှာ နှစ်ကောင်ကိုလည်း ရှေ့လ ၃ ရက်နေ့ကျရင် တရုတ်နိုင်ငံကို ပြန်ပို့မယ့်အကြောင်း အဲဒီတိရစ္ဆာန်ရုံက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်နိုင်ငံကနေ ပန်ဒါ ဝက်ဝံ ငှားထားတဲ့ တိရစ္ဆာန်ရုံ လေးခု ရှိပါတယ်။ ရှေ့လထဲ ပြန်ပို့တော့မယ့် Mei Lun နဲ့ Mei Huan ပန်ဒါ အမွှာဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ မွေးခဲ့တဲ့ ပန်ဒါလေးတွေ ဖြစ်ပြီး သူတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ မွေးပြီးတော့ အသက်ရှင်လျက်ရှိနေတဲ့ ပထမဆုံး ပန်ဒါအမွှာပဲ ဖြစ်ပါတယ်။

ဒီပန်ဒါအမွှာနဲ့ Bao Baoတို့ သုံးကောင်ကို တရုတ်ပြည်ကို ပြန်ပို့ပြီးရင်တော့ အမေရိကန်ပြည်ထောင်စုက တိရစ္ဆာန်ရုံတွေထဲမှာ ပန်ဒါ ၁၂ ကောင်ပဲ ကျန်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG