သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကုမ္ပဏီတွေ တာဝန်သိသိ လုပ်ကိုင်ကြမည်


အမေရိကန် စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Robert Hormats)
အမေရိကန် စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Robert Hormats)
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှကြမယ့် အမေရိကန် ကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှု ရှိရေး အမေရိကန် အစိုးရကို အစီရင်ခံကြရမယ့် ကိစ္စဟာ အမေရိကန် ကုမ္ပဏီတွေအတွက် အဟန့်အတားမဟုတ်ဘဲ အပြုသဘောဆောင် အပေါင်းလက္ခဏာ ဖြစ်တယ်လို့ အမေရိကန် စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင် နဲ့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဟောမက်တ်စ် (Robert Hormats) က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ ထိပ်တိုက်တွေ့စရာ အကြောင်းမရှိဘူးလို့လည်း မစ္စတာဟောမက်(စ်)က ဆိုပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဟောမတ်စ်က နိုင်ငံခြားသတင်းထောက်များနဲ့ တွေ့ဆုံပြီး မကြာသေးခင်က မြန်မာနိုင်ငံကို သွာေးရာက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကို သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရောဘတ်ဟောမတ်စ်က မကြာသေးခင်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ သူနဲ့တွေ့ဆုံခဲ့သူတွေရဲ့ အမြင်တွေကို အကျဉ်းရုံးပြောကြားပြီးတဲ့နောက် အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့နေရာမှာ ဘယ်လိုနေရာတွေမှာ ထင်သာ မြင်သာရှိဖို့ အရေးအကြီးဆုံး ဖြစ်တယ်လို့ သူယူဆထားတဲ့အကြောင်း အခုလို ရှင်းလင်းပြပါတယ်။

“ကျနော်တို့ အမေရိကန်အစိုးရရဲ့ မူဝါဒက မြန်မာအစိုးရရဲ့ ကိစ္စတစ်ခုချင်း ဆောင်ရွက်မှုအပေါ်မှာ အမေရိကန်အစိုးရကလည်း တစ်ခုချင်း ပြန်ပြီး တုံ့ပြန် ဆောင်ရွက်ဖို့ပါပဲ။ နေပြည်တော် က မြန်မာအစိုးရက ကျနော်တို့မျှော်မှန်းထားတဲ့ အခြေအနေတွေကို လုပ်ဆောင်လာခဲ့ရင် ကျနော်တို့ကလည်း ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေကို နောက်ထပ် ထပ်လျှော့ပေးသွားမယ်။ ကျနော်တို့က အရေးကြီးတယ်လို့ နံပါတ် (၁) မျှော်မှန်းထားတာက ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပါ။ နံပါတ်(၂)က နိုင်ငံခြားက ရင်းနှီးမြှုပ်နံှနေတဲ့ လုပ်ငန်းတွေမှာ ထင်သာမြင်သာရှိမှု ချဲ့ထွင်ရေးပါ၊ အတိအကျအားဖြင့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) နဲ့ သွားပြီး ရင်းနှီးမြှုပ်နံှမှုလုပ်ကြမယ့် အမေရိကန်ကုမ္ပဏီတွေဟာ ရက်ပေါင်း (၆၀) အတွင်းမှာ အမေရိကန်အစိုးရကို အစီရင်ခံရမယ်။”

မြန်မာနိုင်ငံထဲမှာ အမေရိကန်ကုမ္ပဏီတွေ သွားရောက် ရင်းနှီးမြှုပ်နှံမှုပြုရတဲ့ အဓိကအကြောင်းက သူများနိုင်ငံက ကုမ္ပဏီတွေ လာရောက် ရင်းနှီးခွင့်ရနေပြီး အမေရိကန်တွေက မြန်မာနိုင်ငံမှာ ဒီ အခွင့်အရေး ဆုံးရှုံးနေလို့ မဟုတ်ဘဲနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေ ကို ထောက်ခံပံ့ပိုး အားပေးတာကို ပြသတဲ့အနေနဲ့ အမေရိကန် ကုမ္ပဏီတွေကို သွားပြီး ရင်းနှီးမြှုပ်နှံ ခွင့် ပေးလိုက်တာလို့လည်း ဝန်ကြီး ဟောမတ်စ်က ပြောပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း နိုင်ငံ တကာမှာ ထင်သာ မြင်သာ ရှိဖို့အတွက် ဘယ်လိုလုပ်သင့်တယ်လို့ သူထင်မိကြောင်း ဝန်ကြီး ဟောမတ်စ်က အခုလို ပြောပါတယ်။

“အခုလို အတွင်းကျကျ ထင်သာမြင်သာရှိမှုအပြင် နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ “ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ စံချိန်စံညွှန်းများ ထင်သာမြင်သာရှိမှု” (EITI) အဖွဲ့ကြီးမှာ မြန်မာအစိုးရက ပါဝင်ထားဖို့ ကျနော်တို့က အတော်ကြီးကို အားပေးတိုက်တွန်းနေတာပါ။ ကျနော်တို့က ဒါကို မြန်မာ အစိုးရ ဝန်ကြီးတွေနဲ့ တွေ့တဲ့ အချိန်မှာ တိုက်တွန်းခဲ့သလို ပြီးခဲ့တဲ့ ကမ္ဘောဒီးယားက အာရှဒေသ ညီလာခံ (ARF) မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ကလည်း ဒါကိုပဲ တိုက်တွန်းခဲ့တာပါ။”

တခြားသော နိုင်ငံတွေက ကုမ္ပဏီတွေနဲ့ အပြိုင်အဆိုင် မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ကိုင်တဲ့နေ ရာမှာ ထင်သာမြင်သာရှိမှု အစီရင်ခံစာအကြောင်းက အမေရိကန် ကုမ္ပဏီတွေအတွက် အဟန့် အတား မဖြစ်စေဘူးလို့ ထင်ကြောင်း ဝန်ကြီးဟောမက်စ်က အခုလို ရှင်းပြပါတယ်။

“ကျနော်တို့က ဒါဟာ အမေရိကန်ကုမ္ပဏီတွေအတွက် အဟန့်အတားလို့ မထင်ပါဘူး။ တကယ်တန်း မှာ အချက်တစ်ချက်အနေနဲ့ ဒါက အပြုသဘောဆောင် အပေါင်း လက္ခဏာ ဖြစ်ပါတယ်။ ဒါကို ရှင်းပြပါမယ်။ အစပိုင်းမှာ လူတွေက အဲဒီလိုပဲ ပြောကြပါတယ်။ နှစ်ပိုင်းခွဲပြီး ကျနော်ပြောပါမယ်။ ပထမတစ်ပိုင်းက ကျနော်နဲ့ အတူပါသွားခဲ့တဲ့ အမေရိကန်ကုမ္ပဏီ (၄၀) လောက်က အမှုဆောင် အရာရှိတွေရဲ့ အမြင်ပါ။ သူတို့ထဲက နည်းနည်းလေးလောက်ကပဲ ဒီလို အစီရင်ခံစာ တင်ရမှာကို သိပ်မကြိုက်တဲ့သဘော ရှိပေမယ့် အများစုက ဒါဟာ လိုအပ်တယ်လို့ မြင်ကြပါတယ်။

မြန်မာနိုင်ငံ လို နိုင်ငံရေး ရှုပ်ထွေးနေတဲ့ နိုင်ငံမှာ သူတို့ရဲ့ အစုရှယ်ယာတွေနဲ့ ဘာတွေကို ဘယ်လို သွားပြီး လုပ်ကိုင်နေကြသလဲလို့ ဒီကုမ္ပဏီတွေရဲ့ အစုရှယ်ယာရှင်တွေက သိချင်ကြပါတယ်။
နောက် တစ်ချက်က ဒီအမေရိကန် ကုမ္ပဏီတွေက မြန်မာနိုင်ငံထဲမှာ ဂုဏ်သိက္ခာရှိစွာ လုပ်ကိုင်နေကြ တယ်ဆိုတဲ့ မြန်မာပြည်သူလူထုရဲ့ အမြင်ကို ရရှိဖို့ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဂရုစိုက်တယ်၊ ဒေသခံ တိုင်းရင်း သားတွေရဲ့ ဓလေ့ထုံးစံတွေ ကို အကာအကွယ်ပေးတယ်၊ အလုပ်သမားအခွင့်အရေးကို ခံစားမှုရှိစေတယ်၊ အမြတ်အစွန်းရရေးအတွက် လုပ်တာမှန်ပေမယ့် ဒါတွေကို အလေးထားပြီး တာဝန်သိသိနဲ့ လုပ်ကြရဲ့လားဆိုတာကို မြန်မာလူထုက စောင့်ကြည့်နေမှာ ဖြစ်တယ်။

ဒီလို အစီရင်ခံမှုလုပ်တာက အပြုသဘောဆောင် အပေါင်းလက္ခဏာ ဖြစ်တယ်လို့ ကျနော်က ပြောတာပါ။”

အခုလို သွားရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြမှာဟာ တရုတ်နိုင်ငံ ကုမ္ပဏီတွေနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ သူ ထင်မြင်ကြောင်း ဝန်ကြီး ဟောမက်စ်က အခုလို ဖြေပါတယ်။
“မြန်မာနိုင်ငံထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားမှုတွေ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ နိုင်ငံအမျိုးမျိုး ကနေ အတတ်ပညာ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နံှမှု အမျိုးမျိုးနဲ့၊ ကွဲပြားခြားနားမှုတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အရေအတွက်များစွာ လာရောက် စီးပွးာရေးလုပ်ကိုင်ကြတာကို သူတို့က လိုချင်နေကြ ပါတယ်။ သူတို့က ဒီလို ကွဲပြားမှုတွေကို ရှုမြင်နေကြသလို ကျနော်တို့ကလည်း ဒါကို ကြည့်နေပါတယ်။

တခြားနိုင်ငံတွေနဲ့ မတူကွဲပြားတဲ့ ကုန်သွယ်ရေးတွေ ရင်းနှီးမြှုပ်နံှမှုတွေဆိုင်ရာ ဆက်ဆံရေးရှိဖို့၊ အရင်းအနှီးတွေ ပံ့ပိုးပေးဖို့၊ နည်းပညာတွေ ပံ့ပိုးပေးဖို့ ဆိုတာတွေကို နောက်ထပ် နိုင်ငံကြီး တစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုဆီကနေလည်း သူတို့က လိုချင်နေကြပါတယ်။ ဒီ့အတွက်နဲ့ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံနဲ့ ရှိနှင့်ပြီးသား ကုန်သွယ်ရေးတွေ ရင်းနှီးမြှုပ်နံှမှု ဆိုင်ရာ ဆက်ဆံရေးတွေကို လျှော့ချဖို့၊ ရုပ်သိမ်းဖို့ သူတို့က မလိုလားကြသလို ကျနော်တို့ကလည်း မလိုလားပါဘူး။

ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ စရင်းနှီးမြှုပ်နံှကြမှာက တရုတ်နဲ့ ပြိုင်ဆိုင် ထိပ်တိုက်တွေ့ဖို့ မဟုတ်ဘဲ မတူကွဲပြားတဲ့ ကုန်သွယ်ရေးတွေ ရင်းနှီးမြှုပ်နံှမှုတွေ အသစ်တိုးလာဖို့ သာ ဖြစ်ပါတယ်။”

ဒါ့အပြင် (EITI) အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေ၊ အစိုးရတွေနဲ့ အဲဒီနိုင်ငံတွေမှာရှိတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ ထင်သာမြင်သာရှိမှုကို ဝိုင်းဝန်း ဆောင်ရွက်ကြတာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဟောမတ်စ်က ရှင်းလင်း ပြောဆို သွားခဲ့ပါတယ်ခင်ဗျား။
XS
SM
MD
LG