သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးအခြေအနေ အောက်လွှတ်တော်မှာ AI အစီရင်ခံမည်


အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ မနက်ဖြန် ကြာသပတေးနေ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ကြားနာပွဲပြုလုပ်ဖို့ ရှိနေပါတယ်။ အဲဒီမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုကိုပါ အမေရိကန်လွှတ်တော်က ချမှတ်အရေးယူဖို့ အကြံပြုတင်ပြဖို့ရှိနေကြောင်း ကိုယ်တိုင် ထွက်ဆိုမယ့်သူဖြစ်တဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ အခုလို စပြောပါတယ်။

“အရေးကြီးဆုံး မှတ်သားရမယ့်အချက်က အမေရိကန်-မြန်မာဆက်ဆံရေးမှာ အမေရိကန် လွှတ်တော်ဟာ သမိုင်းကြောင်းအရ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ မြန်မာအပေါ် အမေရိကန်လွှတ်တော်က အထူးစိတ်ဝင်စားမှုပေးတာ၊ နောက် ပါတီနှစ်ရပ်လုံး ကလည်း စိတ်ဝင်စားမှုရှိတာ၊ အထူးသဖြင့် ဆပ်ကော်မတီအဖွဲ့ဝင်တွေဘက်က စိတ်ဝင်စားမှုတွေ၊ နောက် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ တခုလုံးက စိတ်ဝင်စားမှုတွေ ဒါတွေအားလုံးဟာ သက်သေတွေပါ။ ဒါကြောင့် အခုလာမယ့် ကြားနာပွဲမှာလည်း မြန်မာကိစ္စနဲ့ ပတ်သက်လို့ မေးခွန်းအများအပြားထုတ်ခံရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ထွက်ဆိုတဲ့အခါမှာလည်း မြန်မာနိုင်ငံအကြောင်းကို အတော်လေး ထည့်သွင်းပြောဆိုဖို့ရှိပါတယ်။ အခြားသူတွေလည်း ပြောကြမှာပါ။”

အင်ကြင်းနိုင်။ ။ လွှတ်တော်ကို ဘယ်လို အကြံပြုချက်တွေ တင်ပြဖို့ရှိလဲ။

Francisco Bencosme ။ ။ စီးပွားရေးအရ ပိတ်ဆို့မှု ချမှတ်ရေးနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး အာရုံစိုက်လုပ်ဆောင်ဖို့ ကျနော် အကြံပြုတင်ပြဖို့ရှိပါတယ်။ အမေရိကန်စစ်တပ်အနေနဲ့ မြန်မာတပ်မတော်ကို လက်နက်ပစ္စည်းထောက်ပံတာ မျိုးတော့ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုတွေ မလုပ်အောင် တားမြစ်ဖို့ ကုလသမဂ္ဂကနေ တဆင့် ဆောင်ရွက်တာမျိုး ထောက်ပြဖို့ရှိပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ တာဝန်ခံမှု၊ တာဝန်ယူမှု အပိုင်းနဲ့ ပတ်သက်လို့ ပြောဆိုဖို့ အရေးကြီးတယ်လို့လည်း ကျနော်တို့ ခံယူထားပါတယ်။ ရာဇဝတ်မှုတွေအရေးယူ အပြစ်ပေးရေးအတွက် နိုင်ငံတကာပါဝင်တဲ့ ခုံရုံးအဖွဲ့လိုမျိုးကို အမေရိကန် ပြည်ထောင်စုအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။

အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ သတင်းပတ်တွေကပဲ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်မယ့် ဥပဒေကြမ်းကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက တင်သွင်းထားသလို၊ မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီရေး ဥပဒေကြမ်းကို အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်လုံးမှာ တင်သွင်းထားပြီးပြီဆိုတော့ အခုလာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်လွှတ်တော်ဘက် မြန်မာနဲ့ ပတ်သက်လို့ ဘယ်လို အရေးယူမှုတွေရှိလာလိမ့်မယ်လို့ မျှော်လင့်ထားလဲရှင့်။

Francisco Bencosme ။ ။ သိထားတဲ့အတိုင်းပဲ မကြာသေးခင်ကပဲ အောက်လွှတ်တော်မှာ အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေထဲမှာ ထည့်သွင်းထားတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အရေးယူမယ့်အချက်၊ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လူသားချင်းစာနာမှုအကူအညီပေးဖို့ ခွင့်ပြုထားတဲ့အချက်၊ AI အပါအဝင် အခြားအဖွဲ့အစည်းအများအပြားက စုံစမ်းပြုစုထားတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းနဲ့အညီ သတ်မှတ်ခေါ်ဝေါ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုအပ်နေတဲ့အချက် စတာတွေပါဝင်တဲ့ Burma Act ကို အတည်ပြုလိုက်တာကို ကျနော်တို့ ထောက်ခံပါတယ်။ အခုဒါကို အထက်လွှတ်တော်အနေနဲ့ ဆုံးဖြတ်အတည်ပြုရတော့မှာ ဖြစ်ပါတယ်။ ဒီကာကွယ်ရေးဥပဒေမှာ ပါဝင်နေတဲ့ Burma Act နဲ့ပတ်သက်လို့ ညှိုနှိုင်းဖို့ အထက်လွှတ်တော်က စဉ်းစားနေပါတယ်။ ဒါကြောင့် အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ဒီဥပဒေကို သဘောတူပြဌာန်းဖို့ ကျနော်တို့ တိုက်တွန်းနေပါတယ်။

အင်ကြင်းနိုင်။ ။ တဖက်မှာလည်း အမေရိကန်သမ္မတ Trump အစိုးရကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်မှာဖြစ်ခဲတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်ကနေ လူမျိုးစုအလိုက်ရှင်းလင်း ဖယ်ရှားမှုဆိုတဲ့ ကျူးလွန်မှုမှာ အဓိကတာဝန်ရှိသူတွေလို ခေါင်းစဉ်တပ်ပြီး မြန်မာထိပ်ပိုင်း ခေါင်းဆောင်လေးဦးကို အရေးယူမှုဟာ ထိရောက်မှု ရှိမရှိ ဘယ်လို မြင်လဲ။

Francisco Bencosme ။ ။ ကြီးမားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်မှုနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင် သုံးဦးကို တိုက်ရိုက်နာမည်တပ်ပြီး Trump အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ အရေးယူမှုဟာ အလွန်ကို အရေးပါ ထိရောက်ပါတယ်။ တချိန်တည်းမှာပဲ လုံလောက်မှုမရှိသေးဘူးလို့ ကျနော်တို့ မြင်ပါတယ်။ သူတို့အားလုံးကို ဗီဇာ ပိတ်ပင်ထားပြီးသာပါ။ ၂၀၀၈ခုနှစ်က မြန်မာစစ်အစိုးရအပေါ် အမေရိကန် လွှတ်တော်က ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့တဲ့ JADE Act က သက်ရောက်မှုတွေရှိနေတုန်းပါ။ အဲတော့ အခု အမေရိကန်အစိုးရရဲ့ အရေးယူမှုက သူတို့ရဲ့ မူဝါဒကို ပြောင်းလဲမှုကိုပြသတာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရက်စက်ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်အားလုံးအတွက် မြန်မာစစ်တပ် ခေါင်းဆောင်တွေမှာပဲ တာဝန်ရှိတယ်ဆိုတာကို ပုံချလိုက်တာဖြစ်ပါတယ်။ ဒါဟာ သိပ်ကို ထိရောက်အရေးပါတယ်လို့ ကျနော်မြင်ပါတယ်။ ဒါပေမဲ့ သူတို့ကို လက်တွေ့ ကျကျ အရေးယူနိုင်ရေး၊ တရားမျှတမှုရရှိရေးအတွက် ကျနော်တို့ တစိုက်မတ်မတ် တောင်းဆိုနေတာက ဘက်ပေါင်းစုံပါဝင်တဲ့ စီးပွားရေးအရပိတ်ဆို့အရေးယူရေးနဲ့၊ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွဲှဲပြောင်းရေး ပဲဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် မြန်မာတပ်မတော်ဘက်က တုံ့ပြန်ချက်တွေမှာဆိုရင် ဒီလို နိုင်ငံတကာ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးနေတာ၊ သူတို့ကို ဒေသခံတွေကိုယ်တိုင် တိုင်ကြားနိုင်တာ၊ ကျူးလွန်မှုတွေ တွေ့ရင်လည်း အရေးယူမှာဖြစ်တယ်လို့ ပြောဆိုတာတွေရှိပါတယ်။ ဒီအပေါ်မှာရော AI ဘယ်လို မြင်ပါလဲရှင့်။

Francisco Bencosme ။ ။ အခုမေးသွားတဲ့ မေးခွန်းအရဆိုရင်လည်း နိုင်ငံတကာရဲ့ ဖိအား ထိရောက်မှုရှိတယ်ဆိုတာ ပြနေပါတယ်။ ဒါပေမယ့် လုံလောက်မှု မရှိသေးပါဘူး။ အဓိက အချက်ကတော့ မြန်မာစစ်တပ်အနေနဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်ဆိုတဲ့နေရာမှာ ရှင်းရှင်းလင်းလင်းမြင်ရတာကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စုံစမ်းစစ်ဆေးမှုတွေကို ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ လွတ်လပ်ပြီး၊ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာ တွေ့ရပါတယ်။ အင်းဒင်ရွာမှာ ဖြစ်ခဲ့တဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့လူ့အခွင့်အရေးချိူးဖောက်မှု တွေကို စုံစမ်း ရေးသားဖေါ်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ဖမ်းဆီး ထောင်ချခဲ့တဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။ ဒါကိုကြည့်ရင် မဖြစ်မရှိလိုအပ်တဲ့ တရားမျှတရေးအတွက် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်မှု မြန်မာစစ်တပ်က မလုပ်နိုင်ဘူးဆိုတဲ့ သက်သေလည်းဖြစ်ပါတယ်။ ဒါအပြင် မြန်မာအစိုးရက ဖွဲထားတဲ့ နိုင်ငံခြားသံတမန်နှစ်ဦးပါတဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပတ်သက်လို့လည်း ကျနော်တို့ဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ ပြုလုပ်မယ့် အရှေ့တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း ကြားနာပွဲမှာ Francisco Bencosme နဲ့အတူ ထွက်ဆိုမယ့် သူတွေကတော့ ဗီယက်နမ်မှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား Mr. Michael Nguyen ရဲ့ဇနီး Ms. Helen Nguyen နဲ့ နိုင်ငံတကာ ဒုက္ခသည်အဖွဲ့က မဟာဗျူဟာဆိုင်ရာ ဒုဥက္ကဌ ဒေါက်တာ Cindy Huang တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG