သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်မယ့် ဥပဒေကြမ်း ကန်အောက်လွှတ်တော်ကော်မတီ အတည်ပြု


အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Eliot Engel (မတ်၊ ၂၇၊ ၂၀၁၉)
အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Eliot Engel (မတ်၊ ၂၇၊ ၂၀၁၉)

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် အခွင့်အရေးချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို အမေရိကန်က စစ်ရေးအရ အကူအညီပေးတာ ရပ်တန့်တာအပါအဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ တခြား ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက မနေ့ ဇွန်လ ၂၀ ရက်နေ့မှာ မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းထဲမှာ ဖော်ပြထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုဆိုတဲ့စကားလုံးကို အစိုးရအနေနဲ့ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ကြာသပတေးနေ့မှာ တခဲနက် မဲခွဲအတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ -

မြန်မာစစ်တပ်မှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်မချင်း အမေရိကန်က စစ်ရေးအကူအညီ တိုး မပေးရေးအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအားလုံးကို အစီရင်ခံပြုစုဖို့၊ ပြည်ဝင်ခွင့် Visa နဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုတွေလုပ်ဖို့၊ အဲဒီလိုပြစ်မှုကျူးလွန်တာတွေနဲ့ ပါတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပံ့ပိုးဖို့နဲ့ တွင်းတွက် ကျောက်မျက်တူးဖော်ရေး ကဏ္ဍအပါအဝင် မြန်မာ့စီးပွားရေးမှာ စစ်တပ် အခိုင်အမာ ထိန်းချုပ်မှု မလုပ်နိုင်အောင် ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အမေရိကန်လွှတ်တော်က သူ့လုပ်ပိုင်ခွင့်အရ အခုလို ဥပဒေကြမ်း ရေးဆွဲ အတည်ပြု လုပ်ဆောင်တာတွေကို ကန့်ကွက်စရာ မရှိပေမယ့် ဒီဥပဒေကြမ်းထဲမှာ “လူမျိုးတုန်း သတ်ဖြတ်မှု” ဆိုတဲ့ စကားလုံးကို ထည့်သွင်း ဖော်ပြထားတဲ့ကိစ္စကို ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံခြားရေးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက တုံ့ပြန် ပြောဆိုပါတယ်။

ဦးချမ်းအေး ။ ။ "Genocide နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီဟာကို သူတို့က စုံစမ်းစစ်ဆေးတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို စွပ်စွဲပြီးတော့ စုံစမ်းစစ်ဆေးထားတဲ့ဟာတွေက ကျနော်တို့ လက်မခံနိုင်ဘူးဆိုတာတော့ ကျနော်တို့ တောက်လျှောက်ပြောထားတဲ့ဟာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ ပြည်တွင်းမှာလည်း စုံစမ်းစစ်ဆေးနေတဲ့ဟာလေးတွေ ရှိပါသေးတယ် ထပ်ပြီးတော့လေ။ ဆိုတော့ အဲဒီဟာလေးတွေကတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး။ အဲ့ဒီ Genocide လို့ သုံးစွဲတာနဲ့ ပတ်သက်ပြီးတော့။"

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို မသိပေမယ့် မြန်မာအစိုးရအနေနဲ့ကတော့ နိုင်ငံတကာက စွပ်စွဲပြောဆိုနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတဲ့ ကိစ္စရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်သင့်ရှိကြောင်း ဦးချမ်းအေးက ဆက်ပြောပါတယ်။

ဦးချမ်းအေး ။ ။ "တပ်မတော်ပိုင်းကိစ္စတွေတော့ ကျနော်သေချာမသိပါဘူး။ အဲ့တော့ ကျနော်တို့ဘက်ကတော့ အစိုးရအပါအဝင် ဒီဘက်က တော်တော်များများကတော့ ကျနော်တို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က ကျနော်တို့က ဝန်မလေးပါဘူး။ လမ်းကြောင်းလည်း ဖွင့်ထားတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ခုနတုန်းကဟာတွေကြောင့် ပိတ်သွားတာတွေ အများကြီးရှိပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်တဲ့ လမ်းကြောင်းကို မရွေးဘဲနဲ့ ဖိအားပေးဖို့ဆိုတဲ့ လမ်းကြောင်းကို ရွေးတဲ့ ကိစ္စတွေကြောင့် ပိတ်သွားတာတွေ တော်တော်များများက သူတို့ဘက်က ပိတ်သွားတာပါ။ ကျနော်တို့ မကြာသေးခင်တုန်းကလည်း ကျနော်တို့ EU နဲ့ ကျနော်တို့ မြန်မာနဲ့ ကျနော်တို့ Human Rights ဆွေးနွေးပွဲတခု လုပ်တယ်။ အဲ့ဒါလည်း ဆရာတို့ တွေ့လိုက်မှာပါ။ EU ဆိုတာ ကျနော်တို့ နိုင်ငံအပေါ်မှာ ဒီလူအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံအပေါ်မှာ Resolution တွေ ချပြီးတော့ ကျနော်တို့ကို ဖိအားပေးနေတဲ့ အဖွဲ့အစည်းတခုပေါ့နော်။ ဆိုတော့ ဒီ ဖိအားပေးနေတဲ့ဟာတွေကိုလည်း ကျနော်တို့က လက်မခံဘူး။

ဒါပေမဲ့လည်း dialogue တွေတော့ လမ်းကြောင်းကိုတော့ ကျနော်တို့က ဖွင့်ထားတယ်။ ဖွင့်ထားတဲ့အတွက် ကျနော်တို့ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အတွက် တယောက်နဲ့ တယောက် ပိုမိုသိရှိအောင်နဲ့ ကျနော်တို့ ဒီဘက်မှာ ဘာတွေ ပိုပြီး ပိုလုပ်နိုင်မလဲဆိုတာရယ်၊ ကျနော်တို့ ဆောင်ရွက်နေတာ ရှင်းပြတယ်။ ကျနော်တို့ capacity တက်လာအောင် ကျနော်တို့ ကြိုးစားနေတဲ့ဟာတွေ ရှင်းပြတဲ့ဟာမျိုးလေးတွေ ရှိတယ်ပေါ့နော်။ ရှိတော့ ခုနတုန်းက ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က လိုလိုလားလားနဲ့ ဆောင်ရွက်နေတယ်။ လမ်းကြောင်းလည်း ဖွင့်နေတယ်။ ခုနတုန်းက ကိုယ့်အပေါ်မှာ resolution နဲ့ ကိုယ့်အပေါ်မှာ ဒီလိုမျိုး ဖိအားပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့တောင် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်မလေးဘူးဆိုတာ ကျနော်တို့ ဆောင်ရွက်နေတဲ့ဟာတွေက သက်သေပြနေပြီးသားပါပဲ။"

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ရဲ့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ တပ်မတော် သတင်းပြန်ကြားရေးဌာနကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဦးမောင်မောင်စိုးဟာ မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူတဦးပါ။ သူက အမေရိကန်အောက်လွှတ်တော်ရဲ့ ဒီလုပ်ဆောင်ချက်ဟာ အာဏာရ NLD အစိုးရအနေနဲ့ လက်ရှိ မြန်မာစစ်တပ်က ကျူးလွန်နေတယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်မရှိဘူးဆိုတာကို ပြသလိုက်ရာရောက်ကြောင်း ပြောပါတယ်။

ဦးမောင်မောင်စိုး ။ ။ "စစ်တပ်အတွက် အကျိုးသက်ရောက်မှု ဘယ်လောက်ရှိမလဲတော့ မသိဘူးဗျ။ အစိုးရတော့ လွတ်သွားလိမ့်မယ်ထင်တယ်။ ဆိုလိုတာကတော့ NLD အစိုးရအနေနဲ့ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုတဲ့ အဖြေမျိုးထွက်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဗမာပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရအနေနဲ့ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူး။ တပ်ကပဲ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ရလဒ်မျိုး ထွက်သွားလိမ့်မယ်ထင်ပါတယ်။ NLD အတွက် အမှန်မှန်တော့ ကောင်းသွားတာဗျ။ ဒီလိုမျိုးဖြစ်လာတဲ့ NLD တွက် ကောင်းသွားတာလို့ မြင်ပါတယ်။"

အခုလို နိုင်ငံတကာရဲ့ ဖိအားပေးလုပ်ဆောင်မှုမျိုးက NLD အစိုးရနဲ့ စစ်တပ်အကြား စေ့စပ် ညှိနှိုင်းမှုတွေ ပိုဖြစ်လာအောင် ဖိအားပေးလိုက်သလို ဖြစ်စေတယ်လို့လဲ သူက ပြောပါတယ်။

ဦးမောင်မောင်စိုး ။ ။ "ဆိုးကျိုးထွက်မှုထက်စာရင်တော့ ကျနော်ထင်တာကတော့ စေ့စပ်ညှိနှိုင်းမှု ပိုလုပ်လာနိုင်တဲ့ဘက်က ပိုများမယ် ထင်ပါတယ်။"

အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပတ်ဘလီကန်အမတ် Steve Chabot တို့ ဇွန်လ ၁၂ ရက်နေ့က ပူးတွဲ အဆိုပြု တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းကို ဇွန်လ ၂၀ ရက်နေ့မှာ အတည်ပြုပေးလိုက်တာပါ။ ဒါပေမယ့် ဒီဥပဒေကြမ်းကို အောက်လွှတ်တော် တခုလုံးက မဲခွဲဆုံးဖြတ်တာ အဲဒီကတဆင့် အထက်လွှတ်တော်မှာ တင်သွင်းပြီး မဲခွဲ အတည်ပြုတာတွေ လုပ်ဆောင်ကြဖို့ လိုပါသေးတယ်။ အဲဒီနောက်မှာမှ သမ္မတက လက်မှတ်ထိုး အတည်ပြုပေးလိုက်မှသာ ဥပဒေအဖြစ် တည်ရှိမှာ ဖြစ်ပါတယ်။

အရင်က အလားတူ ဥပဒေကြမ်းတွေ အောက်လွှတ်တော်က အတည်ပြုပေးခဲ့ဘူးပေမယ့်လည်း အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အတွက် အထက်လွှတ်တော်မှာတင် အဆုံးသတ်သွားခဲ့လေ့ရှိတာကြောင့် ဒီဥပဒေကြမ်းဟာလည်း ရီပတ်ဘလီကန်အများစု ကြီးစိုးထားတဲ့ အထက်လွှတ်တော်မှာတင် ရပ်တန့်သွားမယ့် အလားအလာ ရှိနေပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG