သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် အကူအညီ အရေးပါမှု USAID ရှင်းလင်း


ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)
ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးနေတဲ့ အကူအညီတွေဟာ တောင်အာရှဒေသ တည်ငြိမ်ရေးအတွက် အရေးကြီးသလို ရိုဟင်ဂျာဒုက္ခသည်တွေအတွက်လည်း အရေးကြီးတယ်လို့ USAID က ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၀ ခုနှစ် ဘတ်ဂျက်အသုံးစရိတ်ထဲမှာ တောင်အာရှဒေသ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် တောင်းဆိုတာနဲ့ ပတ်သက်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီခွဲမှာ ကြာသပတေးနေ့က ကျင်းပတဲ့ တောင်အာရှဒေသ အမေရိကန် အကျိုးစီးပွားနဲ့ ၂၀၂၀ ဘဏ္ဍာရေးအသုံးစရိတ်ကြားနာပွဲမှာ USAID ရဲ့ အာရှဒေသဆိုင်ရာ ယာယီ လက်ထောက်တာဝန်ခံ Gloria Steele က ပြောကြားသွားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးနေတဲ့ အကူအညီတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ အသက်ရှင်ရပ်တည်နိုင်ဖို့ အတွက် အထောက်အပံ့တွေပါဝင်နေသလို ဒုက္ခသည်တွေကြောင့် သက်ရောက်မှုရှိတဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေအတွက်လည်း ပါဝင်တယ်လို့ USAID တာဝန်ရှိသူ Gloria Steele က လွှတ်တော်ကြားနာပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် USAID က ထောက်ပံ့ခဲ့တဲ့ အကူအညီက ဒေါ်လာ သန်း ၄၉၀ ကျော်ရှိပြီး အားလုံးနီးပါးဟာ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

USIAD က ပေးတဲ့ ထောက်ပံ့မှုတွေထဲမှာ ဒုက္ခသည် ကူညီရေးအပြင် ဒေသတွင်း တည်ငြိမ်ရေး၊ ဒီမိုကရေစီ စနစ်ရှင်သန်ရေး၊ အုပ်ချုပ်တဲ့ အစိုးရတွေ ခိုင်မာအားကောင်းရေးအတွက် စွမ်းရည်မြှင့်တင်နိုင်ဖို့ ပေးအပ်တဲ့ အကူအညီတွေ ပါဝင်တယ်လို့ USAID တာဝန်ရှိသူ Gloria Steele ကပြောခဲ့ပါတယ်။

တချိန်တည်းမှာ ဘင်္ဂလားပင်လယ်အော် ဒေသလုံခြုံရေး အမေရိကန်အစိုးရ အစပျိုးဆောင်ရွက်မှု အတွက် ဒေါ်လာသန်း ၃၀ ပေးဖို့ USAID က တောင်းဆိုပါတယ်။ တောင်အာရှမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးလာမှုကို ချိန်ခွင်လျှာညှိနိုင်ဖို့ B’desh၊ သီရိလင်္ကာနဲ့ Maldives နိုင်ငံ သုံး နိုင်ငံမှာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်သွားဖို့ ဖြစ်တယ်လို့ တောင်အာရှဒေသ အမေရိကန် အကျိုးစီးပွားနဲ့ ၂၀၂၀ ဘဏ္ဍာရေးအသုံးစရိတ် ကြားနာပွဲမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ပြောကြားသွားခဲ့ကြပါတယ်။

အစပြုဆောင်ရွက်မယ့် အကူအညီတွေထဲမှာ ဒေသတွင်းနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံ ကောင်းမွန်အောင်ပြုပြင်ဖို့၊ ဆိုက်ဘာ လုံခြုံရေးနဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေး အားကောင်းဖို့နဲ့ စွမ်းအင်လုံခြုံမှုအတွက် အထောက်အပံ့တွေ ပါဝင်ပါတယ်။

တောင်အာရှဒေသ နိုင်ငံအားလုံးအတွက် ၂၀၂၀ ခုနှစ် ဘဏ္ဍာရေးအသုံးစရိတ် အမေရိကန်အစိုးရက သုံးစွဲဖို့ ရထားတဲ့ ပမာဏဟာ ဒေါ်လာ ၃၃၂ သန်း ရှိတယ်လို့ USAID က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG