သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း


ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း
ကုလ စုံစမ်းကော်မရှင်ဖွဲ့ရေး အမေရိကန်ဦးဆောင်ဖို့ AI တိုက်တွန်း

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ရေးကိစ္စကို အမေရိကန် ပြည်ထောင်စုက ဦးစီး ဦးဆောင်ပြုလုပ်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ဘယ်လို နည်းနဲ့ ဆောင်ရွက်မယ်ဆိုတာ အဆုံးအဖြတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ (Amnesty International) က တိုက်တွန်းနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေ ရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် အရေးတကြီး ဖွဲ့စည်းရေး မကြာခင် ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ ဆုံးဖြတ်ပေးဖို့ လန်ဒန်အခြေစိုက်
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က တောင်းဆိုလိုက်တာပါ။ စုံစမ်းစစ်ဆေးတဲ့နေရာမှာ အစိုးရလုံခြုံရေး တပ်တွေက အရပ်သား လူထု အပေါ်မှာ စံနစ်တကျ ညှင်းပမ်း သတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို အလေးပေး စုံစမ်းဖို့ AI အဖွဲ့က တိုက်တွန်းပါတယ်။ အထူးသဖြင့်ဆိုရင်တော့ ရခိုင်ပြည်နယ်အတွင်း မူစလင်တွေ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းသား လူမျိုးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့လိုတယ်လို့ ထောက်ပြပါတယ်။

ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းမှာ လက်နက်ကိုင် အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ နိုင်ငံတကာ
လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုရှိမရှိ စုံစမ်းဖို့လိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး ကိစ္စကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ သြစတေးလျ၊ ချက်သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားကြပါတယ်။ ဥရောပနိုင်ငံအချို့လည်း မကြာခင် ပူးပေါင်း ပါဝင်လာကြလိမ့်မယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ရာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဦးစီး ဦးဆောင်လုပ်ဖို့ လိုမယ်လို့ AI အဖွဲ့ရဲ့ ဝါရှင်တန်ရုံး ဒါရိုက်တာ T. Kumar က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု နိုင်ငံတကာ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက ဦးစီး ဦးဆောင်လုပ်ပြီး ဆောင်ရွက်ဖို့ ကျနော်တို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။”

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက် ကောင်းမွန်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံ အများစုက မကြာမကြာ အဆိုတင်သွင်းတာတွေ ရှိပေမဲ့ မြန်မာ စစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်၊ ရုရှား စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ တတိယ နိုင်ငံအချို့က ဒီအဆိုတွေကို ကန့်ကွက် ပယ်ချ တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတခေါက်မှာရော မြန်မာလူ့အခွင့်အရေးကိစ္စ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ဖြစ်နိုင်ပါ့မလား တွေးစရာပါ။ မစ္စတာ T.Kumar ကတော့ ဖြစ်နိုင်ချေလမ်းတွေ ရှိတယ်လို့ ယူဆပါတယ်။

“ဒါတွေက လုံခြုံရေးကောင်စီအတွင်းမှာ ဖြစ်ခဲ့တာပါ။ အခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို အခြားနည်းလမ်းတွေနဲ့ ဆောင်ရွက်လို့ရပါတယ်။ အထွေထွေ ညီလာခံကြီးကတဆင့် ဆောင်ရွက်လို့ရတဲ့နည်း ရှိသလို လူ့အခွင့်အရေး ကောင်စီကတဆင့်
ဆုံးဖြတ်လို့ရတဲ့ နည်းလည်း ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဆုံးဖြတ်ရမှာပါ။”

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရှိမရှိ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ကိစ္စကို ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား က အခုနှစ်ဆန်း မတ်လ လူ့အခွင့်အရေး ကောင်စီကို အဆိုပြု တင်ပြပြီးကတည်းက ဒီကိစ္စက အတော်လေး ကျယ်ပြန့်လာပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရော နိုင်ငံကြီးအချို့ ကပါ ထောက်ခံလာကြပေမဲ့လို့ အဆုံးအဖြတ် ပေးပါလို့ တိုက်တွန်းခံနေရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ဆီကတော့ တုံ့ပြန်သံ ဘာမှ မကြားရသေးပါဘူး။

၂၀၀၈ ခုနှစ် AI အစီရင်ခံစာထဲမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ကရင်ပြည်နယ် မြောက်ပိုင်း ပဲခူးတိုင်း အရှေ့ဘက်ခြမ်းတွေက အရပ်သား ပြည်သူလူထုအပေါ် စံနစ်တကျ လူ့အခွင့်အရေးချိုးဖောက်တွေကို မှတ်တမ်းပြုထားပြီး မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက် ၁၉ ခု ရှိထားပေမဲ့ မြန်မာအစိုးရဟာ ဒီအကြံပြုချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတယ် ဆိုတာကို AI အဖွဲ့ကြီးက ထောက်ပြထားပါတယ်။

XS
SM
MD
LG