သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ် နဲ့ Reuters အပေါ် စွဲဆိုတဲ့ အမှု ပြန်ရုပ်သိမ်းဖို့ APHR တောင်းဆို


ASEAN Parliamentarians for Human Rights (APHR)
ASEAN Parliamentarians for Human Rights (APHR)

(Zawgyi / Unicode)

မြန်မာစစ်တပ်က လွှတ်တော်အမတ်တဦးနဲ့ Reuters သတင်းဌာနအပေါ် တရားစွဲထားတာကို ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ လက်နက်ကြီးကျည် ကျရောက်ရာက ရိုဟင်ဂျာအမျိုးသမီး ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ စစ်တပ်ရဲ့ လက်ချက်အဖြစ် ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တဦးကို ကိုးကားပြီး ရေးသားခဲ့တဲ့အတွက် Reuters သတင်းဌာနနဲ့ လွှတ်တော်အမတ်တို့ကို ဆက်သွယ်ရေးအက်ဥပဒေ ၆၆ (ဃ) နဲ့ စစ်တပ်က ဒီသီတင်းပတ်ထဲမှာပဲ တရားစွဲလိုက်တာပါ။

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ လက်ချက်အဖြစ် စွပ်စွဲထားသလို၊ AA အဖွဲ့ကလည်း စစ်တပ် လက်ချက်အဖြစ်နဲ့ တန်ပြန်စွပ်စွဲထားပါတယ်။ မလေးရှားနိုင်ငံက လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်၊ APHR အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Charles Santiago ကတော့ မြန်မာစစ်တပ် အနေနဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းလိုတယ်ဆိုရင် ရာဇဝတ်ကြောင်းနဲ့ တရားစွဲတာမျိုး မဟုတ်ဘဲ တခြားနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘက်လိုက်မှုကင်းပြီး တိကျမှန်ကန်တဲ့ သတင်းတွေ ဖော်ပြနိုင်ဖို့ စစ်မှန်တဲ့ ဆန္ဒရှိတယ်ဆိုရင် သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပေးဖို့နဲ့ အင်တာနက် အဆက်အသွယ် ဖြတ်တောက်မှုတွေကို အဆုံးသတ်ဖို့လည်း APHR ဘုတ်အဖွဲ့ဝင် အင်ဒိုနီးရှားလွှတ်တော် အမတ်ဟောင်း Eva Sundari ကလည်း တိုက်တွန်းထားပါတယ်။

ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် (IFJ) ကလည်း ဗုဒ္ဓဟူနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြီး မြန်မာစစ်တပ်က တရားစွဲတဲ့ လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့တာပါ။ သတင်းမီဒီယာနဲ့ အငြင်းပွားစရာ ကိစ္စမျိုးမှာ မြန်မာသတင်းမီဒီယာ ကောင်စီလို အဖွဲ့အစည်းက တဆင့်သာ ဖြေရှင်းသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။ အင်္ဂါနေ့မှာတုန်းကလည်း နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က သတင်းမီဒီယာ အဖွဲ့အစည်းတွေအပေါ် ဥပဒေသုံးပြီး ခြိမ်းခြောက် နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG