သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ ဧပြီလထဲ အပူချိန်စံချိန်တင် မြင့်တက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အပူဒဏ်လျော့ကျဖို့ ရေဖြန်းပေးနေစဉ် (ဧပြီ ၂၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ အပူဒဏ်လျော့ကျဖို့ ရေဖြန်းပေးနေစဉ် (ဧပြီ ၂၇၊ ၂၀၂၄)

မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှ နိုင်ငံတချို့မှာ အပူလှိုင်းဒဏ်ကို ခံစားခဲ့ကြရာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကတော့ ဧပြီလဟာ စံချိန်တင် အပူဆုံးလဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အပူဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ ကျောင်းတွေကို ပိတ်ခဲ့ရပြီး၊ အပူကို ရှောင်ရှားနိုင်ဖို့အတွက် ခန့်မှန်းခြေ ကျောင်းသား ၃၂ သန်းကို အစိုးရက အိမ်မှာသာ နေကြဖို့ သတိပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ အကြီးတန်း မိုးလေဝသ ခန့်မှန်းသူ Muhammad Abul Kalam Mallik ကတော့ ဒီနှစ်မှာ မကြုံစဖူး အပူဒဏ်ကို ထူးထူးခြားခြား ခံနေရပြီး နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို လွှမ်းခြုံထားကြောင်း AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အပူဒဏ်အောက်တွေ့ရတဲ့ သုံးဘီးသမားများ (ဧပြီ ၃၀၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်အပူဒဏ်အောက်တွေ့ရတဲ့ သုံးဘီးသမားများ (ဧပြီ ၃၀၊ ၂၀၂၄)

ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ Selim Raihan ကလည်း လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း အပူဒဏ်ကြောင့် သေဆုံးမှု ၁၁ ဦးထက်မနည်းရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့မှာဆိုရင်လည်း ဒီလို အပူလှိုင်းဖြတ်မှုကြောင့် အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီယပ် (၁၀၄ ဒီဂရီ ဖာရင်ဟိုက်) အထက်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ၅၆ နှစ်အတွင်း အမြင့်ဆုံး အပူချိန်အဖြစ် ချောက်မြို့နယ်မှာ အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီယပ် အထိရှိခဲ့ပြီး သေဆုံးသူတချို့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဧပြီလ တလတည်းမှာ အပူချိန်ကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့သလို၊ အိန္ဒိယနိုင်ငံမှာလည်း အပူချိန်ကြောင့် လူသေဆုံးမှုအထိ ဖြစ်ခဲ့ပါတယ်။
မိုးရာသီမတိုင်ခင်မှာ အပူချိန်ပြင်းထန်လေ့ရှိပေမဲ့ ဒီနှစ်အပူချိန်ကတော့ ပုံမှန်ထက် ပိုများနေပါတယ်။ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအေဂျင်စီကတော့ အာရှတိုက်ဟာ ကမ္ဘာ့ပျမ်းမျှပူနွေးမှုထက် ပိုမိုပူနွေးလာတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG