သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG စစ်ကိုင်းရုံးဖွင့်မယ့်အပေါ် ဒေသခံအင်အားစုတွေမျှော်လင့်


NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့အတွင်း တွေ့ရစဉ် (အောက်တိုဘာ ၁၅၊ ၂၀၂၄)
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အား စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့အတွင်း တွေ့ရစဉ် (အောက်တိုဘာ ၁၅၊ ၂၀၂၄)

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က စစ်ကိုင်းတိုင်းမှာ ရုံးဖွင့်တော့မယ်လို့ ကြေညာထားပြီး ဒီလို ရုံးဖွင့်လိုက်တဲ့အတွက် လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ဒေသခံတွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေက မျှော်လင့်နေကြပါတယ်။ တချိန်တည်းမှာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ သတင်းကိုပြောပြမှာပါ။

နိုင်ငံအလယ်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် အပြင်းအထန် ဆန့်ကျင်နေနေတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ အခု ဇန်နဝါရီလထဲ ရုံးဖွင့်တော့မယ့်အကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့တွေ ဒီလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရုံးဖွင့်မှာကို ကြိုဆိုပြီး လက်တွေ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို NUG အနေနဲ့ ပိုပြီး သိရှိလာနိုင်မယ်လို့ မျှော်လင့်ထားသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုမိုလုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက သူ့အမြင်ကို VOA ကို အခုလို ပြောပါတယ်။

"မြေပြင်မှာ ရင်ဆိုင်နေရတဲ့ ပြသာနာတွေကို သူတို့ထဲထဲဝင်ဝင်ပိုပြီး သိမယ်။ ကျွန်တော်တို့ဘက်ကလည်း ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာ ပိုပြီးတော့ မြန်ဆန်မယ်။ ပိုပြီးထိရောက်မယ်။ ကောင်းတဲ့ဘက်ကို အများကြီး ဦးတည်မှာပါ။ တကယ်လာ(ရုံး) စိုက်ရင်တော့။ (ရုံး) စိုက်ဖို့လည်း တိုက်တွန်းပါတယ်။"

၂၀၂၄ နိုဝင်ဘာလထဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မဖြစ်သူ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝန်ကြီးတွေအနေနဲ့ ပြည်တွင်းမှာ လာစုကြဖို့ တိုက်တွန်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ရုံးဖွင့်မယ်ဆိုတဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

လက်နက်ကိုင်အဖွဲ့ ပေါင်းစုံ ရှိတဲ့ စစ်ကိုင်းတိုင်းမှာ ပ သုံးလုံးလို့ လူသိများတဲ့ ပြည်သူ့အုပ်ချုပ်ရေး ၊ ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့လုံခြုံရေးဆိုတဲ့ အဖွဲ့တွေ ရှိပါတယ်။ ဒီလို ပ သုံးလုံး အဖွဲ့ အနေနဲ့ ပြည်သူ့ကို ဗဟိုပြုတဲ့ အဖွဲ့အစည်း ဖြစ်ဖို့လိုလားတယ်လို့ VOA ကို ပြောပါတယ်။

"ရပ်ကျေးအုပ်ချုပ်ရေးတွေမှာ ပြည်သူကို ဗဟိုပြုတဲ့ အနေအထားမျိုးလိုချင်တယ်။ ပလဖ ကိုလည်း ပြည်သူကို ဗဟိုပြုတဲ့ အနေအထားမြင်ချင်တယ်။ ပကဖ ကိုလည်း ပြည်သူကို ဗဟိုပြုတဲ့ အနေအထားမြင်ချင်တယ်။ အခုက ပြည်သူကို ဗဟိုမပြုဘူးလားဆိုတော့ ဒေသခံတွေကို အများကြီး မေးကြည့်ပါ။ ဒါကိုယ့်စကား မဟုတ်ပါဘူး။ လေ့လာကြည့်ပါ။ အခုက ပြည်သူကို ဗဟိုပြုမှု အားနည်းနေတယ်လို့ ထင်တယ်။ တကယ်လည်း အားနည်းနေပါတယ်။ မြေပြင်မှာ လာကြည့်ပါ။ အခုက အစိုးရတရပ်ဖြစ်တဲ့အတွက် နေရာတိုင်းမှာ သူတို့အဖွဲ့အစည်းတွေရှိတဲ့အတွက် အရေးကြီးတယ်။ ဒါကြောင့်သူတို့ကို အဓိက ထားပြောရတာ။ NUG ရုံးစိုက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ဝမ်းသာတယ်ခင်ဗျ။ ဘာလို့လည်းဆိုတော့ ပြေလည်သွားမယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် ခုနကပြောတဲ့ ပအဖ အုပ်ချုပ်ရေး ပုံစံမျိုးတွေပေါ့နော်။ အဲ့လိုမျိုးတွေမှာ ပ သုံးလုံး ယန္တယားတွေမှာ စနစ်တကျဖြစ်သွားမယ်လို့တော့ မျှော်လင့်တာပေါ့။"

စစ်ကောင်စီ အာဏာသိမ်းတာ ၄ နှစ်ပြည့်တော့မယ့် အချိန်ထိ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးတွေနဲ့ ပ သုံးလုံး ခေါင်းဆောင်တွေဟာ အွန်လိုင်းကနေသာ တွေ့ဆုံကြတာများပြီး ရုံးဖွင့်မယ်ဆိုရင် လူချင်းတွေ့ဆုံခွင့် ရလာနိုင်တာကြောင့် ကောင်းတဲ့ အလားအလာတွေ ဖြစ်လာနိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေး အဖွဲ့က တာဝန်ရှိသူ ကိုနွေဦးကလည်း ပြောပါတယ်။

"တော်လှန်ရေးကလည်း ၃ နှစ်ကျော် ၄ နှစ်အတွင်းမှာ ဝန်ကြီးဌာနတွေအနေနဲ့ မြေပြင်မှာ တယောက်မှ မရှိဘူး။ မြေပြင်မှာ တယောက်မှ မရှိဘဲ အဝေးကနေ အမိန့်ပေးနေရတော့ ထိရောက်တဲ့ အမိန့်ပေးမှု မရှိဘူး။ အောက်ကလူတွေကလည်း အဝေးကနေ အမိန့်ပေးနေရတဲ့အခါမှာ သူတို့နဲ့ထိတွေ့ဆက်ဆံရတာ အွန်လိုင်းကပဲ ထိတွေ့ဆက်ဆံရတာဖြစ်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် ရနိုင်စွမ်း ပြည့်ပြည့်စုံစုံမရှိဘူး။ ဆိုးတဲ့ဟာက ဘာလည်းဆိုရင် အွန်လိုင်းမီတင်လုပ်ရင်လည်း သူတို့တာဝန်ပေးထားတဲ့ တာဝန်ခံတွေနဲ့ပဲ စကားပြောရတာ။ မှန်တာပဲဖြစ်ဖြစ် မှားတာပဲဖြစ်ဖြစ် ဒီတာဝန်ခံတွေရဲ့ စကားကို အတည်ပြုရတာဆိုတော့ အဲ့ဒါက မြေပြင်မှာ မရှိတဲ့ အားနည်းချက်ပေါ့။ မြေပြင်မှာရှိလာရင် တာဝန်ခံတွေ ပြောတာပဲ နားထောင်နေလို့မရတော့ဘူး။ သေချာကွင်းဆင်းရမယ် လူတွေနဲ့ ထိတွေ့ရတော့မယ်။ ကြားနေကြ ပြောနေကြ စကားတွေက ကိုယ်တိုင်ကိုယ်တွေ့ ထိတွေ့ဆက်ဆံရတော့မှာဖြစ်လို့ ဒါတွေက ကောင်းတဲ့ ရလဒ်တွေ။"

မန္တလေးတိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကလည်း စစ်ကိုင်းတိုင်းမှာတပ်မဟာ အသစ်တခုဖွဲ့စည်းပြီး စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရုံးစိုက်တာအပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MPDF ကပါ တပ်မဟာ အသစ်တခုဖွဲ့စည်းလိုက်တဲ့အတွက် အခု ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ MPDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က မျှော်လင့်ထားပါတယ်။

"စစ်ကိုင်းကလည်း စုဖွဲ့မှုအားကောင်းတယ်။ တော်လှန်ရေးအင်အား ကောင်းတဲ့ ဒေသတခုဖြစ်တယ်။ လက်ရှိအထိ သတင်းအချက်အလက်တွေအရဆိုရင် တခြားမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကိုင်းမှာ အခြေစိုက်ပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ ကြေငြာထားတာတွေရှိတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မန္တလေး အနေနဲ့လည်း ၂၀၂၅ မှာ စစ်ကိုင်းကို စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ ဆုံးဖြတ်ထားတာရှိပါတယ်။ စစ်ကိုင်းဟာ ၂၀၂၅ မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ပြောရင်ရပါတယ်။"

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ ရုံးဖွင့်မယ်ဆိုရင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုတိုးလာနိုင်တယ်ဆိုပြီး သတိပေးပြောဆိုတာတွေလည်း ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ ၃၇ မြို့နယ်ထဲမှာ မြို့ကြီးအချို့ကလွဲပြီး မြို့တော်တော်များများနဲ့ ကျေးရွာတွေကို စစ်တပ်အုပ်ချုပ်ရေး သက်ရောက်မှု မရှိတော့သလောက် ဖြစ်နေပြီး နေရာအများစုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကပဲ ထိန်းချုပ်ထားတဲ့အကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG