တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာရှိတဲ့ တပိုရွာနဲ့ စက်တော်ရာရွာကြားက ဒေသခံနေအိမ်တွေ မီးရှို့ခံရပြီး ၄ ရက်ကြာမှ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅လုံးနဲ့ ရာဘာခြံဧက ၇၀ ဝန်းကျင် ဆုံးရှုံးသွားတယ်လို့ ဒေသတွင်းတော်လှန်ရေးဘက်က ပြောပါတယ်။ ပုလောမြို့နယ်က အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကိုပြောပြမှာပါ။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာရှိတဲ့ တပိုဆယ်အိမ်စုကျေးရွာဆီ အခုလ ၁၁ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းရောက်လာပြီး၊ အဲဒီစစ်ကြောင်းကို PDF ပြည်သူ့ကာကွယ်ရေးတပ် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ဒရုန်းဗုံးသီး ၂၀ ကြဲချခဲ့တယ်လို့ ပြောပါတယ်။ ဒရုန်းနဲ့တိုက်ခိုက် ခံရပြီးချိန်မှာ စစ်ကြောင်းဟာ တပိုရွာကနေတဆင့် ပါဒ စက်တော်ရာဘုရားဆီ ပြန်ဆုတ်ခွာခဲ့ပြီး လမ်းတလျှောက်မှာရှိတဲ့ ဒေသခံနေအိမ်နဲ့ ရာဘာခြံတွေကို မီးရှို့သွားတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ်။
"တပိုရွာမှာ လောင်ကျွမ်းခဲ့တဲ့မီးကြောင့် တပိုရွာနဲ့ စက်တော်ရာရွာကြားက နေအိမ် ၅ဆောင်ရယ်၊ ရာဘာဝင်းခြံ စုစုပေါင်းဧက ၇၀ နီးပါးလောက် မီးလောင်သွားတယ်ခင်ဗျ။ စစ်ကောင်စီတပ်တွေကတော့ ပါဒစက်တော်ရာ ဘုရားဝင်းအတွင်းမှာပဲ ဆက်ပြီးတော့ တပ်စွဲထားတယ်ဗျ။"
ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ဒီကနေ့ ၁၄ ရက်နေ့အထိ ၄ရက်ကြာ လောင်ကျွမ်းပြီးမှ မီးငြိမ်းသွားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့တုန်းကလည်း စက်တော်ရာရွာအနီးက ကြဲရွာမှာရှိတဲ့ နေအိမ်တလုံးနဲ့ အုန်းခြံတခြံကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
"၉ ရက်နေ့တုန်းက ခလရ ၁၇ နဲ့ စက်တော်ရာဘုရားဝင်း အတွင်းမှာတော့ ထိတွေ့မှုရှိပြီးနောက်ပိုင်း မြေပြင်ထိတွေ့မှုတော့ မရှိဘူးဗျ။ ၁၁ ရက်နေ့မှ တပိုနဲ့ စက်တော်ရာကိုလာတဲ့ စစ်ကြောင်းကိုပဲ ကျနော်တို့ပြန်နင်းပြီးတော့ ဒရုန်းနဲ့ တိုက်ခိုက်တာပဲရှိတယ်ဗျ။ မြေပြင်မှာတော့ ပစ်ခတ်မှု မဖြစ်သွားခဲ့ဘူးဗျ။"
မြေပြင်ထိတွေ့မှု တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီစစ်ကြောင်းဟာ ပါဒစက်တော်ရာ ဘုရားဝင်းထဲမှာ တပ်စွဲထားပါတယ်။ တပိုဆယ်အိမ်စု ကျေးရွာက ဒေသခံ အမျိုးသား ၂ ဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ ရဲဘော်အာနိုးက ပြောပါတယ်။
"ဒေသခံတွေကျတော့ ပြီးခဲ့တဲ့နှစ် ၉လပိုင်းမှာ ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ပွဲဖြစ်တာရှိတဲ့အတွက် အဲဒီကတည်းက အကုန်စစ်ဘေးရှောင်နေရတယ်ဗျ။ နောက်ပိုင်း ရွာထဲပြန်နေတာရှိပေမယ့် အဲလောက်တော့မများဘူးဗျ။ စစ်ကြောင်းထိုးတဲ့ ဒီလ ၁၁ ရက်နေ့မှာပဲ ရွာသား ၂ဦးကို သူတို့ဖမ်းသွားတာ ရှိတယ်ဗျ။ နောက်ပိုင်း သိရသလောက်ဆိုရင် ဒီ ၂ယောက်ကို ခလရ ၁၇ ကနေပြီးတော့ မြိတ်ကိုပို့လိုက်တယ်လို့ သိလိုက်ရတယ်ဗျ။"
စစ်ကောင်စီဘက်ကတော့ ပုလောမြို့နယ်ထဲမှာ တပ်စွဲထားတဲ့စစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဟာ ပုလောမြို့နယ်အတွင်းမှာ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်နေတာလို့ သိရပါတယ်။
Forum