သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်သောင်းချီရှိတဲ့ တနင်္သာရီဘက် ကုန်စည်သယ်ယူပို့ဆောင်ခွင့် စစ်ကောင်စီကန့်သတ်


တနင်္သာရီတိုင်း
တနင်္သာရီတိုင်း

စစ်ရှောင်ပြည်သူ သောင်းဂဏန်းလောက်ရှိနေတဲ့ တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ်မှာ စစ် ကောင်စီဘက်ကကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ကုန်စည်ပြတ်လပ်လို့ စားနပ်ရိက္ခာနဲ့ ဆေးဝါး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေကြရပြီးရာသီတုပ်ကွေး၊ ယားနာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ တွေလည်း အဖြစ်များကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ဗွီအိုအေကို ပြောပါတယ်။ တနင်္သာရီမြို့နယ်က စစ်ရှောင်တွေရဲ့ ရင်ဆိုင်နေရတဲ့အခက်အခဲအခြေအနေ ရန်ကုန်ကနေသတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် စစ်ရှောင်သူဦးရေ၆၀,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ FE5 က ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်က အောက်တိုဘာတလထဲမှာ နေရပ်စွန့်ထွက်ပြေးသူ ဦးရေဖြစ်ပြီး အခုချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်သူတွေလည်း ဆက်ရှိနေပါတယ်။

စစ်ရှောင်သူဦးရေ အများဆုံးရှိနေတဲ့ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က ကုန်စည်သယ်ယူခွင့် ကန့်သတ်တာနဲ့ပိတ်ပင်တာ တလှည့်စီလုပ်နေပြီး ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ကုန်ဈေးနှုန်းတက် တာနဲ့ ဆေးဝါးပြတ်လပ်တဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ နွေဦးမေတ္တာအဖွဲ့ တာဝန်ခံက VOA ကို ပြောပါတယ်။ဒေသခံတွေနဲ့ စစ်ရှောင်သူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့ဒဏ်ကိုလည်း မကြာခဏဆိုသလို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

"ဟိုတနေ့ကဆိုရင် စစ်ဘေးရှောင်ထဲမှာပါတဲ့ သူတွေရော၊ ရွာသားတွေရောပေါ့။ ဒီရွာမှာက ဆန်ဈေး တအားကြီးတယ်။အဆင့်ဆင့်ဖြတ်ရတော့ ခိုးကြောင်ခိုးဝှက်နဲ့ ဖြတ်ပြီးမှလာရတော့ အမတို့ရွာ ရောက်ရင် ဆန်ဈေးကကြီးပြီ။ ကြီးတဲ့ဆန်ဈေးကို သူတို့မှာအလုပ်မရှိတော့ အမီမလိုက်နိုင်ဘူး။ သူတို့အရောင်းအဝယ်ရော၊ အိမ်မှာစားဖို့အတွက်ပါ အလုပ်လုပ်ကြတယ်။ အလုပ်သွားလုပ်တော့ စစ်တပ်က အရပ်သားပြည်သူမှန်း သိရက်နဲ့ ဒီဘက်ကို ဒရုန်းနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ပါ တခါ ထပ်ပစ်တော့ အရပ်သားထဲက ကလေးတယောက် ဆုံးသွားတယ်။ တယောက်က ဆေးရုံရောက် သွားတယ်။နှစ်ယောက်ကကျတော့ အမတို့နယ်မှာပဲ ဆေးကုနေတယ်။"

ပြီးခဲ့တဲ့လက ဆန်တအိတ်ကို ၁၇၀,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး အခုလမှာတော့ ၁၄၀,၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူနေရပါတယ်။စစ်ဘေးရှောင်တွေအတွက် ဆောင်းရာသီကာလ အနွေးထည်နဲ့ ဆေးဝါး လိုအပ်ချက်တွေ ရှိနေပါတယ်။ စစ်ရှောင်တွေအထဲမှာ နာတာရှည်လူနာတွေလည်း ရှိနေပြီး အခုတလောမှာ ရာသီတုပ်ကွေး၊ ယားနာနဲ့ ဝမ်းပျက်ဝမ်းလျှော အဖြစ်များကြတယ်လို့ လည်း စစ်ရှောင်တွေကို ကူညီပေးနေသူက ဆက်ပြောပါတယ်။

"ဆောင်းရာသီရောက်တော့ အသားပတ်တယ်လေ။ အသားပတ်ပြီးတော့ ယားနာတွေဖြစ်တယ်။ ရာသီတုပ်ကွေးဖြစ်တယ်။ အခု ဝမ်းလည်းလျှောကြတယ်။ အဖြစ်များတာက ရာသီတုပ်ကွေး။ နှာစေး၊ ချောင်းဆိုးပြီးတော့မှ လည်ချောင်းနာ ကျန်ခဲ့တာမျိုး။ ဝမ်းလျှောကြတယ်။ တကိုယ်လုံး ယားနာတွေ အရမ်းပေါက်တယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတော့ အမတို့က အခြောက်အခြမ်းတွေပဲ ပံ့ပိုးနိုင်တယ်။ အားရှိတဲ့ အသား၊ ငါးတွေကျတော့ အစ်မတို့က မပံ့ပိုးနိုင်ဘူး။အဲဒီအတွက်ကိုလည်း အမတို့မှာ အလှူရှင်က မရှိဘူးလေ။ စစ်ရှောင်တွေအတွက် အာဟာရရှိတဲ့ အသား၊ ငါးတွေများကျွေးနိုင်မယ်ဆိုရင် ခန္ဓာကိုယ်က အားကောင်းတော့ တချို့ပြင်ပရောဂါတွေ မလာနိုင်ဘူးလို့ ထင်တာပေါ့နော်။"

တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးရတာလည်း ရှိပါတယ်။ အချိန်ကာလ ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နိုင်ဖို့က မလွယ်ကူသေးပါဘူး။ ဒါ့အပြင် အလုပ်အကိုင်ရှားပါးမှု လမ်းပမ်းဆက်သွယ်ရေးကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုပါ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ ရင်ဆိုင်နေကြရတာပါလို့ ဆက်ပြောပြပါတယ်။

"စစ်ဘေးရှောင်တွေမှာလည်း အလုပ်ကလည်းရှားတယ်။ ကုန်ဈေးနှုန်းကလည်း ကြီးတဲ့အနေအထားမှာ ရပ်တည်ဖို့ကအလုပ်လက်မဲ့တွေလည်း ရှိတယ်။ အလုပ်က ရှိလိုက် မရှိလိုက်။ စစ်ဘေးရှောင်အတွက် အလုပ်ခန့်အပ်ပေးနိုင်ဖို့အနေအထားကလည်း မရှိဘူးဖြစ်နေတယ်။ ပင်ပန်းကြတာတော့ တအားပဲ။ ပြည်သူတွေလည်း ပင်ပန်းတယ်။ စစ်ဘေးရှောင်တွေလည်း ပင်ပန်းတယ်။"

စစ်ကောင်စီဘက်က ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်မှာ ဆန်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားပါတယ်။ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်တာ၊ တိုက်ပွဲနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒေသခံ ၁၄,၀၀၀ ဝန်းကျင်ဟာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလောနဲ့ မြိတ် အပါအဝင်ကော့သောင်းမှာလည်း နေရပ်စွန့် ထွက်ပြေးရသူတွေ ရှိနေပါတယ်။ ကုန်းလမ်းပိတ်ဆိုတားမြစ်မှုတွေရှိခဲ့တဲ့အတွက်ရေလမ်းကနေ လမ်းကြောင်းပြောင်း ခရီးသွားလာကြရင်း စက်လှေတိမ်းမှောက်လို့ သေဆုံးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG