တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတချို့ နေရပ်ပြန်တာရှိပေမယ့်၊ စစ်ကောင်စီ စစ်ကြောင်း ထပ်ဝင်လာမှာကို နားစွင့်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကုန်စည်သွားလာမှု ကန့်သတ်ထားလို့လည်း တနိုင်စားသောက်ဖို့ ဆန်ဝယ်ယူဖို့ပါ အခက်တွေ့နေတယ်လို့ဆိုပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြားက တိုက်ပွဲတွေအပြင် လက်နက်ကြီးဒဏ်၊ နေအိမ်မီးရှို့တာနဲ့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်တာတွေကြောင့် စစ်ရှောင်နေရသူတွေဟာ လစဉ်ရှိနေပါတယ်။ နေရပ်စွန့်ထွက်ပြေးရသူ ဦးရေဟာ တလအတွင်းကို ၆ သောင်းဝန်းကျင်မှာ ရှိနေတယ်လို့ ဒေသတွင်းအချက်အလက် စုဆောင်းနေသူတွေဆီက သိရပါတယ်။
တောတောင်ထဲမှာ ကာလရှည်ကြာ စစ်ရှောင်နေရသူတွေ ရှိသလို၊ တချို့ကလည်း သူတို့ရဲ့ရွာထဲ စစ်ကြောင်းထိုးဝင်လာချိန်မှ ယာယီစစ်ရှောင်ကြတာပါ။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲမှာ နေထိုင်တဲ့ မကြာခဏစစ်ရှောင်နေရသူ ရွာခံတဦးကလည်း သူတို့ဆီကို ဒီဇင်ဘာလထဲမှာ စစ်ကြောင်းထိုးဝင်ရောက်တာ မရှိသေးပေမယ့် စစ်ကြောင်းရန် နားစွင့်နေရတယ်လို့ ပြောပါတယ်။
"ဒီဇင်ဘာလထဲမှာတော့ စစ်ကြောင်းမထိုးသေးဘူး။ သူတို့အထိုင်ချထားတဲ့ ရွာတွေမှာတော့ ဖမ်းဆီးတာမရှိသေးဘူး။ ရွာခံတွေ ဒီအတိုင်းပဲနေ နေကြတာပဲ။ အင်အားက ဟိုတပတ်တုန်းက ဆင်းလာတုန်းကတော့ ၃၀၀ လောက်ရှိတယ်။ အခုတော့ မလာသေးဘူး။ ရွာထဲမှာတော့ မဟုတ်ဘူး။ သူတို့နေရာတွေမှာပဲ အထိုင်ချထားတယ်။"
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီဘက်က ဆန်၊ စက်သုံးဆီအပါအဝင် ဆေးဝါးနဲ့ ကုန်စည်သယ်ယူခွင့်တွေကို ကန့်သတ်ထားပါတယ်။ မဖြစ်မနေစားသောက်ဖို့ ဆန်တနိုင်တပိုင် ဝယ်ယူလာပြီးရင် စစ်ကောင်စီအဖွဲ့တွေရှိတဲ့ နေရာကနေ ဖြတ်သန်းသွားလာလို့ မရဘူးလို့ ပြောပါတယ်။
"ဝယ်လို့ရတယ်ဆိုရင် ဟိုကပတ်ပြေး၊ ဒီကပတ်ပြေးပြီး ပြန်လာရတယ်။ ဝယ်လို့ကရတယ်။ ဝယ်ပြီးရင်တော့ သူတို့တပ်ရင်းနားက လာလို့မရတော့ဘူး။ တခြားလမ်းကနေ ပတ်ပြေးရတယ်။ ဆန်မြင်ရတယ်ဆို သူတို့ဖမ်းတယ်လေ။ ထားဝယ်မှာလည်း ရတော့ရတယ်၊ အခုရနေပြီ။ သူတို့တပ်ရင်းနားက မလာဘဲနဲ့ တခြားလမ်းကနေ ပတ်ပြီးတော့ သူတို့ကိုရှောင်တာပေါ့။"
တနင်္သာရီတိုင်းထဲက ပဋိပက္ခတွေကြောင့် စစ်ရှောင်နေချိန်မှာပဲ စစ်ကောင်စီအတည်ပြု ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူတချို့ဟာလည်း စစ်သားစုဆောင်းတဲ့အထဲ ပါဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်တို့ဘက်မှာလည်း တခါတလေ ပါတဲ့သူလည်း ပါသွားတာပဲ။ မသင်္ကာတဲ့သူဆိုရင်တော့ ခေါ်သွားတာပဲ။ စစ်မှုထမ်းဖို့ ခေါ်သွားတဲ့ပုံစံပဲ။ ပြီးရင် ကျနော်တို့ဘက်မှာ စစ်ကြောင်းထွက်တော့မယ်ဟေ့ အခြေအနေသိရင် အကုန်လုံးပြေးတာပဲ။ ရှောင်လွှဲလို့မရတဲ့သူပဲ သူတို့ဖမ်းမိတယ်။ အိမ်မှာတောင် မနေရတော့ဘူး။ တခါတခါ ပြေးရတယ်ဆိုရင် ၄၊ ၅၊ ၁၀ ရက်လောက် ပြေးရတယ်။ အိမ်ကပ်လို့ မရတော့ဘူးလေ။ သူတို့ကလာပြီဆိုရင် ရွာထဲမှာပဲနေတာကို။ အခုကတော့ မလာဘူးဆိုတော့ နည်းနည်းအေးတော့ အေးနေပါပြီ၊ ရွာထဲမှာပဲရှိတယ်။"
စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်တာရှိပေမယ့် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကလည်း ဆက်ပြီးရှိနေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ စစ်ရှောင်ရတဲ့ အခြေအနေတွေကြား အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရတာလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ အချက်အလက်စုဆောင်းသူတွေက ပြောပါတယ်။
Forum