သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီမြို့နယ်တွင်း ရေကြီးရေလွှမ်းမှု ရေဘေးသင့်ဒုက္ခသည်များ အကူအညီလိုအပ်


တနင်္သာရီ ပင်လယ်ကမ်းခြေမြို့
တနင်္သာရီ ပင်လယ်ကမ်းခြေမြို့

တနင်္သာရီမြို့နယ်မှာရေကြီးနေလို့ တချို့နေရာတွေမှာ ရွာလုံးကျွတ်နီးပါး ရေဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးသင့်တဲ့ရွာခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေတယ်လို့လည်း ကူညီနေသူတွေက ပြောပါတယ်။ ရေဘေးကြုံနေရတဲ့ တနင်္သာရီမြို့နယ်က ကျေးရွာတွေအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

တနင်္သာရီမြို့နယ်က ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက သိသိသာသာရေတက်လာပြီး ဒီကနေ့အထိ ရေပြန်မကျသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ရုတ်တရက်ရေတက်လာလို့ ရေဘေးရှောင်ဖို့နေရာ ကြိုတင် ပြင်ဆင်ထားတာမရှိဘဲ ကြုံတဲ့ဘေးလွတ်ရာဆီမှာသာ နေနေကြတယ်လို့ ပြောပါတယ်။

"ရေက ရုတ်တရက်ကြီး အရမ်းတက်လာတာဆိုတော့ ရေဘေးရှောင်နေရာ လုပ်ထားတာတော့မရှိဘူး။ အခုက ရေဘေးသင့် နေသူတွေက ဘေးလွတ်တဲ့နေရာမှာပဲ စုပြီးနေနေရတာ။ ရေမျက်နှာပြင်က တရက်ထက်တရက် အရမ်းကြီးတက်လာတယ်။ တနေ့ကို လက်မ ၅၀ အထိ အဲလိုတက်နေတာ။ ဒီတနှစ်ကကျတော့ ရေကြီးတဲ့နှစ်လေ။ ခါတိုင်းဆိုရင် အစ်မတို့ရွာဘက်ကို ရေမရောက်ဘူး။ အစ်မတို့ဆီကို ရေရောက်လို့ရှိရင် ကျန်တဲ့နေရာတွေမှာ နေလို့မရတော့ဘူး။ အခုက ရွာထဲကိုရေတွေ ဝင်တော့မှာဆိုတော့ ကျန်တဲ့ရွာတွေ အားလုံးမြုပ်ကုန်တာ။ အရင်ကဆိုရင် အစ်မတို့ရွာ ကမ်းနားကြီးရှိတယ်။ ဒီကမ်းနားကိုပဲ ရေရိုက်ပြီးမှ ပြန်ကျသွားတာ။ ဒါဆို အစ်မတို့က ရေကြီးတယ်လို့တောင် ပြောလို့မရဘူး။ ရေကြီးတော့ ကြီးတယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုမျိုး အိမ်စုန ်းစုန်းမြုပ်တဲ့အထိတော့ မဖြစ်ကြဘူးပေါ့ကွယ်။ ဒီတနှစ်ကကျတော့ အိမ်လုံးကျွတ်တောင်မှ စုံးစုံးမြုပ်ကြတယ်ဆိုတော့။"

ရေဘေးသင့်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ တချို့ ခြေတံရှည်အိမ်တွေ အောက်ထပ် မြုပ်သွားလို့ အပေါ်ထပ်မှာ နေနေကြတာရှိပေမယ့် ဒီနေ့အထိ ရေဆက်တိုက်တက်နေတာပါ။ ရွာ ၃ ရွာမှာ လုံးဝရေဘေးသင့်သွားတဲ့ အိမ်ခြေပေါင်းက ၇၀၀ ဝန်းကျင်လောက်ရှိတယ်လို့ နွေဦးမေတ္တာ - စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့တာဝန်ခံ မငြိမ်းက ပြောပါတယ်။

"NUG ဘက်ကတော့ အစ်မတို့ကို လာကမ်းလှမ်းထားတာရှိတယ်။ ဒီရေဘေးသင့်နေတဲ့ ပြည်သူတွေကို သူတို့ ကူညီချင်လို့တဲ့။ သူတို့က လာကမ်းလှမ်းတာဆိုတော့ ကိုယ့်ဘက်က ဘယ်လောက်အတိုင်းအတာအထိ လုပ်ပေးနိုင်မလဲ ဆိုတာကို ကွင်းဆင်းထားတာတော့ရှိတယ်။ ဒါပေမဲ့ မနေ့ကအထိတောင်မှ အိမ်ခြေက ပိုများလာတယ်။ အစ်မတို့ မနေ့က ကွင်းဆင်းတဲ့အချိန်က ၁ နာရီကနေ ကွင်းဆင်းလိုက်တာ ည ၇နာရီမှ ပြန်ရောက်တယ်။ ခြုံထဲ မြောင်းထဲကနေ သွားရတာ။ လမ်းတွေလည်း မမှတ်မိတော့ဘူးဆိုတော့ လမ်းတွေလည်းမှားကြတယ်။"

တနင်္သာရီမြစ်ရေ ဆက်တိုက်တက်နေလို့ စားသောက်ကုန်နဲ့ ဆေးဝါးလည်း ပြတ်လပ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြားမှာ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ ဒေသခံတွေအတွက် အခုလို ရာသီဥတုဘေး ရင်ဆိုင်နေရချိန်မှာ ပိုပြီးခက်ခဲလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

"အခုရေကြီး ရေလျှံနေတယ်ဆိုတော့ ရွာကိုလာနေတဲ့ ကုန်စည်ပို့ဆောင်ရေးတွေလည်း အကုန်လုံး ရပ်တန့်သွားတယ်။ အရင်ကဆို ဟိုရွာ ဒီရွာကနေ နည်းနည်းပါးပါး ဝယ်စားလို့ရသေးတယ်လေ။ အခုက တခြားရွာတွေပါ မြုပ်နေကြတာ ဆိုတော့ သွားလာလို့မရတော့ဘူးပေါ့။ ဆေးဝါးတွေလည်း ပြတ်တောက်တယ်။ ရိက္ခာတွေလည်း ပြတ်တောက်တယ်။ အရင်က စစ်ကောင်စီက ဖြတ်တောက်တာဆိုရင်တောင်မှ တခြားရွာကနေ သွားဝယ်လို့ ရသေးတယ်လေ။ အခုက လုံးလုံးကြီး မရတော့တဲ့အခြေအနေ ဖြစ်နေတာပေါ့။ အခုက ကားတွေလည်း သွားလို့မရတော့ဘူး။ လေယာဉ်တွေလည်း သွားမရဘူးလေ။"

တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ပြီး ဆက်တိုက်တက်နေတယ်လို့ ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ နေရာကွက်ပြီး မိုကြီးနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ အခုဇူလိုင်လထဲမှာ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်နဲ့ သံလွင်မြစ်အပါအဝင် ငဝန်နဲ့ ဘီးလင်းမြစ်ရေလည်း တချို့မြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတယ်လို့ ရေဘေးသင့်နေသူတွေ ရှိတယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေနဲ့ မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG