သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲ ရှမ်းပြည်နယ်မှာ ပိတ်ပင်


(1/1)ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးတွင်း လူထုတွေ့ဆုံပွဲကို တပ်ဘက်က လာရောက်ဟန့်တားစဉ် ( ဒီဇင်ဘာ ၂၄-၂၀၁၇)(ဓါတ်ပုံ-SNLD- J Leo Fari FB )

ဇန်န၀ါရီလအကုန်မှာကျင်းပမဲ့ ၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံမှာတင်ပြဆွေးနွေးနိုင်ဖို့အတွက် ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပနေမှုကို ရှမ်းပြည်နယ်အစိုးရနဲ့တပ်မတော်တို့ ကနေတားဆီးပိတ်ပင်နေတာကြောင့် ကျင်းပဖို့ရပ်ဆိုင်းလိုက်ပြီးလို့ ရှမ်းနိုင်ငံရေးပါတီခေါင်းဆောင်တွေကပြောပါတယ်။ ရှမ်းပြည်နယ်အစိုးရအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို အရင်ကခွင့်ပြုထားပေမယ့် တပ်မတော် ကနေ တားဆီးမှုတွေပြုလာပြီးနောက်ပိုင်း အရင်ထုတ်ပြီးတာစာကို လွှမ်းမိုး ပယ်ဖျက်တဲ့အနေနဲ့ ခွင့်မပြုကြောင်းစာ ကိုထပ်မံထုတ်လာတဲ့အတွက်ကြောင့်လို့လဲဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ထားပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားခဲ့တာမှာ တပ်မတော်နဲ့ ရှမ်းပြည်နယ်အစိုးရဘက်က တားမြစ်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် လူထုတွေ့ဆုံပွဲတွေကျင်းပဖို့ စီစဉ်ထားတာကို ရပ်ဆိုင်းလိုက်ပြီးလို့ SNLD တွဲဘက်အတွင်းရေးမှူး စိုင်းကျော် ညွန့်ကပြောပါတယ်။

"မန္တလေးရယ်၊ ကျောက်မဲရယ် ၊ကာလိရယ်ပေါ့ဗျာ ကျွန်တော်တို့လုပ်ဖို့ကျန်တဲ့နေရာတွေကိုတားတာပေါ့ဗျာ။ ဒီတခေါက် တားတာကတော့ တပ်မတော်တင်မဟုတ်တော့ပါဘူး။ အစိုးရကလဲ သူတို့ခွင့်ပြုပါတယ်ဆိုတဲ့ ထုတ်ပြီးတာစာကို ပြန်ပြီး တော့ လွှမ်းမိုးပယ်ဖျက်တယ်ဆိုတဲ့ပုံစံနဲ့နောက်စာတစောင်ထုတ်တယ်ပေါ့ဗျာ။"

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကျင်းပရာမှာ ၀ိုင်းဝန်းအကူညီိပေးဆောင်ဖို့ ရှမ်း ပြည်နယ်အစိုးရအနေနဲ့ ဒီဇင်ဘာ(၁၉)ရက်နေ့မှာစာထုတ်ဝေခဲ့ပြီးပေမယ့် တပ်မတော်ဘက်ကနေ တားဆီးပိတ်ပင်ခဲ့ပြီး နောက်ပိုင်း ထုတ်ပြီးတာစာကို လွှမ်းမိုးပယ်ဖျက်တဲ့အနေနဲ့ သတ်မှတ်ထားတဲ့ လင်းခေးမြို့မှာသာ ကျင်းပဖို့ နဲ့ လင်းခေး မြို့ကလွဲပြီး ကျန်တဲ့နေရာမှာ ကျင်းပတာကို ခွင့်မပြုကြောင်း ပြည်နယ်အစိုးရက ဒီဇင်ဘာ (၂၂) ရက်နေ့မှာ စာထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် လူထုဆွေးနွေးပွဲ ကျင်းပဖို့ကျန်နေတဲ့ ကာလိ၊ တောင်ကြီး၊ ကျောက်မဲနဲ့ မန္တလေးပွဲတွေကိုCSSUရှမ်းပြည်ညီညွတ်ရေးကော်မတီဘက်က ဖျက်လိုက်တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုပြီးသားအနေအထားကနေ ပြန်လည်ပိတ်ပင်လာတဲ့ အကြောင်းအရင်းကို နားမလည်နိုင်ဘူးလို့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးကပြောပါတယ်။

"အကြောင်းအရင်းက ကျွန်တော်တို့မသိရပါဘူးဗျ။ ကျွန်တော်တို့ကျန်တဲ့မြို့တွေကိုလာပိတ်တယ်။ ကျောက်မဲမှာ စီစဉ် နေတုန်းဘဲ ဆက်မလုပ်ဖို့လာပိတ်တာရှိတယ်။ကျွန်တော်တို့အကြိုကိုတော့ ရပ်လိုက်ပါပြီ။ ကျန်တဲ့မြို့(၄)မြို့လောက် (၄)နေရာလောက်ကျန်သေးတယ်။"

တနင်္ဂနွေနေ့ကလဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာနိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲလုပ်ဆောင်ဖို့ တပ်မတော်ကနေ တားဆီးလာတဲ့အတွက် ရှမ်းနိုင်ငံရေးပါတီတွေကနေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုတွေ့ ဆုံပွဲ အဖြစ် ပြောင်းလဲလုပ်ကိုင်ရတယ်လို့ SNLDတွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန့်ကပြောပါတယ်။

"မနေ့ကတော့ ဖိတ်ထားတဲ့ပြည်သူတွေက ကြိုဖိတ်ထားတယ်ဆိုတော့ ကျောက်မဲမှာကျတော့ နောင်ချို သီပေါ မိုးမိတ် မိုးကုတ်တို့ကလဲလာကြတာကိုး။ မထူးဘူးဆိုပြီးတော့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေက SNLDရုံးကို ခေါ်ပြီးတော့ လူထုကိုရှင်းပြတာပေါ့ဗျာ။ လူထုနဲ့တွေ့ဆုံပွဲပေါ့။"

ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူထုတွေ့ဆုံပွဲအဖြစ်ကျင်းပလိုက်တဲ့ကိုတော့ တပ်မတော်ဘက်က တားဆီး နှောက်ယှက်တာမျိုး မရှိဘူးလို့သူကဆိုပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို အခုလ ၁၇ ရက်နေ့က ပင်လုံမြို့မှာ စတင်ကျင်းပခဲ့ရာမှာ တပ်မတော်ဘက်က စတင်တားမြစ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာ(၂၁)ရက်နေ့မှာလဲ လားရှိုး တာချီလိတ် မြို့နယ်တွေမှာ ကျင်းပခဲ့တဲ့ အကြိုဆွေးနွေး ပွဲမှာတော့ နယ်မြေခံတပ်မတော်ကနေ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

နိုဝင်ဘာ(၂၇)ရက်နေ့ နေပြည်တော်မှာကျင်းပခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICMမှာ ရှမ်းလူမျိုးအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမဲ့နေရာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနေ ၀င်ရောက်ညှိနှိုင်းမှုကြောင့် လင်းခေးမြို့မှာကျင်းပ သွားဖို့ သဘောတူညီခဲ့ကြတာပါ။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးပါတီတွေပူးပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီ ညွတ်ရေးကော်မတီတွေအနေနဲ့ မြို့တော်တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာကျင်းပဖို့ဆန္ဒရှိပေမဲ့ တပ်မတော်က သဘောမတူခဲ့ပါဘူး။

အကြိုဆွေးနွေးပွဲတွေ တားဆီးခံနေရတာဟာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကို မလိုလားတဲ့ သဘောဆောင်နေတာကြောင့် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ စိုင်းကျော်ညွန့်ကပြောပါတယ်။

ဇန်န၀ါရီလအကုန်မှာကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ ရာစုပင်လုံတတိယအကြိမ်ညီလာခံမှာ ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်ရှိလာမဲ့ဆုံးဖြတ်ချက်တွေကို တင်ပြဆွေးနွေးရမှာဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG