သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ စွပ်စွဲခံနေရသလို စစ်တပ်ကပြစ်မှုတွေ ကျူးလွန်ကြောင်းတွေ့ရှိရင် စစ်စည်းကမ်းအရ အရေးယူမယ်လို့ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောလိုက်ပါတယ်။

အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ အပါအဝင် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ခုချိန်ထိ မတွေ့ရသေးဘူးလို့ အင်္ဂါနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲနေကြချိန်မှာ စွပ်စွဲမှုတော်တော်များများအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ခဲ့ရဘူးလို့ စစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောကိစ္စနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအကြောင်း ဖေဖော်ဝါရီ ၂၈ ရက်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ကြည်း၊ ရေ၊ လေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ခုလိုပြောခဲ့တာပါ။ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာအပါအဝင် တခြားဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပါတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေရဲ့ စုံစမ်းမှုတွေအတွင်း လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ မတွေ့ခဲ့ရဘူးလို့ သတင်းထောက်တွေကို သူကပြောခဲ့ပါတယ်။ နယ်မြေရှင်းလင်းမှုတွေအတွင်း အိမ်အမြောက်အများကို စစ်တပ်က မီးရှို့ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုလည်း စုံစမ်းစစ်ဆေးနေပြီး တကယ်ဖြစ်ခဲ့တယ်ဆိုရင် စစ်စည်းကမ်းအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“သတင်းမီဒီယာတွေက ဖော်ပြထားတဲ့ ပြစ်မှုတွေကို ကျူးလွန်တယ်လို့ ကျနော်တို့က စစ်ဆေးပေါ်ပေါက်မယ်ဆိုရင် ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရလည်းကောင်း၊ စစ်စည်းကမ်းအရလည်းကောင်း၊ ထိရောက် ပြင်းထန်စွာ ကျနော်တို့က အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မောင်တောခရိုင်ထဲမှာ စစ်တပ်ရဲ့ ဆောင်ရွက်မှုတွေဟာ ရိုဟင်ဂျာတွေကို မျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ရောက်နေပြီလားလို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ခုလို တုံ့ပြန်ပါတယ်။

“ဒီလို စုံစမ်းစစ်ဆေးတဲ့အခါမှာ လူမျိုးတုံးအောင် သတ်ဖြတ်မှုတွေ မတွေ့သလို ဘာသာရေးအရ ဖိနှိပ်ချုပ်ခြယ်မှုတွေ မရှိတာကိုလည်း ဒီဒေသမှာရှိနေတဲ့ ဘင်္ဂါလီ လူဦးရေတွေ၊ ရှိနေတဲ့ ဗလီ ဘာသာရေး အဆောက်အဦးတွေ၊ မော်လ၀ီဦးရေတွေ တိုးတက်များပြားနေခြင်းတို့က သက်သေအဖြစ်နဲ့ ပြနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။”

နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မောင်တောဒေသ နယ်မြေရှင်းလင်းမှုတွေနဲ့ ပတ်သက်လို့ ဓာတ်ပုံတွေနဲ့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အကြောင်း ၁ နာရီလောက်ကြာတဲ့ ရှင်းလင်းမှုအတွင်း မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်လို့ ပြည်ပသတင်းမီဒီယာနဲ့ အဖွဲ့အစည်းတွေက တဘက်သတ် စွပ်စွဲဖော်ပြမှုတွေ ရှိနေတယ်လို့လည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။ တပ်မတော်အနေနဲ့ တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း စုံစမ်းနေဆဲဖြစ်သလို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့ကလည်း စုံစမ်းရေးကော်မရှင်တွေ ဖွဲ့စည်းစုံစမ်းနေကြပြီး လောလောဆယ်အထိတော့ စွပ်စွဲချက်တွေဟာ မှန်ကန်တယ်လို့ ပြောနိုင်တဲ့ အထောက်အထား မရှိသေးဘူးလို့ ဆိုပါတယ်။ သူ့အဆို အရမ်းကာရော စွပ်စွဲမှုတွေ လုပ်နေတာကို စိတ်မကောင်းဘူးလို့လည်း သတင်းစာရှင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံတော်ကနေပြီးတော့ ဆောင်ရွက်ပေးနေတာတွေကို မျက်ကွယ်ပြုနေပြီးတော့ တပ်တွေက ကူညီတာတွေကို မျက်ကွယ်ပြုနေပြီးတော့ အရမ်းကာရော စွပ်စွဲမှုတွေ လုပ်နေတာတွေကလည်း တော်တော်လေး စိတ်မကောင်းစရာ ကောင်းတယ်ဆိုတာ ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။”

ကြည်း၊ ရေ၊ လေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် တပ်မတော်ရဲ့ဆောင်ရွက်ပုံနဲ့ပါတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ တပ်မတော် အကြီးအကဲတယောက်က သတင်းစာရှင်းပွဲကို ပထမဆုံး လုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံရာရောက်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူး Yanghee Lee က လတ်တလောမှာပဲ ပြောခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ထွက်ပြေးခဲ့ရတယ်လို့ဆိုတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ရောက်နေတဲ့ ရိုဟင်ဂျာတွေကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီးနောက်မှာ သူက ခုလိုပြောခဲ့တာပါ။ လူ့အခွင့်အရေး ဆောင်ရွက်သူတချို့ကလည်း အစိုးရကဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်တွေအနေနဲ့ ယုံကြည်လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်နေကြပြီး သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG