သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေ ရောက်ရှိ


မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို ရောက်နေပါပြီ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့အတွက် ဒေါက်တာ Mely Anthony ဦးဆောင်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးကတော့ ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ကို ရောက်လာပါပြီ။ အခြား နိုင်ငံအသီးသီးက လေ့လာရေးအဖွဲ့အချို့လည်း ရန်ကုန်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာရွေးကောက်ပွဲတွေကို လေ့လာ စောင့်ကြည့်နေတဲ့ NDI (National Democratic Institute) နဲ့ IRI (International Republican Institue) က ကိုယ်စားလှယ်နှစ်ဦး သွားရောက်မှာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ NDI ရဲ့ အာရှဒေသဆိုင်ရာညွန်ကြားရေးမှုး Peter Manikas နဲ့ IRI ရဲ့ အာရှအစီအစဉ် ညွန်ကြားရေးမှူး Johanna Kao တို့ နှစ်ဦးဟာ အခု မတ်လ ၂၈ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း မဲရုံတွေကို လေ့လာစောင့်ကြည့်သွားမယ်လို့ NDI ပြောခွင့် ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်တုန်းက ကုလသမဂ္ဂက ရေးဆွဲသတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းအတိုင်း ရွေးကောက်ပွဲစောင့်ကြပ်မှုမျိုးတော့ လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အဲဒီ စံနှုန်းအရဆိုရင်တော့ ရွေးကောက်ပွဲမတိုင်ခင် လနဲ့ချီပြီး အခြေအနေတွေကို စောင့်ကြည့်ရတာမျိုး၊ နိုင်ငံအနှံ့က ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်ဖို့ လုံလောက်တဲ့ လူအင်အား သုံးသပ်မှုထားရှိတာမျိုး စတဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာစောင့်ကြည့်မှု သတ်မှတ်ချက်တွေ လိုအပ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ၂၀၁၅ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲအတွက် အခုလုပ်မယ့် ရွေးကောက်ပွဲ အတွေ့အကြုံတွေကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့ NDI ပြောခွင့်ရသူ Rob Runyan က ပြောပါတယ်။

“NDI ရော IRI ပါ ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် NDI ရော IRI နှစ်ခုစလုံးက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကျင်းပရာမှာ ဘယ်လို အထောက်အကူပေးနိုင်မယ်ဆိုတာကို အထူး စိတ်ဝင်စားပြီး မြန်မာနိုင်ငံမှာ ပိုပြီးကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ဦးတည်စေမယ်ဆိုတာ မျှော်လင့်ပါတယ်။”

မနက်ဖြန် မတ်လ ၂၉ ရက်နေ့မှာတော့ အဲဒီ သံတမန်အားလုံးကို မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။ အဲဒီမှာ ရွေးကောက်ပွဲလေ့လာရေး စီစဉ်မှုနဲ့ပတ်သက်လို့ ရှင်းပြဖို့ရှိပြီး အဲဒီကျမှ လေ့လာရေးအဖွဲ့တွေအနေနဲ့ ဘယ်နေရာကို ဘယ်လို သွားရောက်မလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိပါတယ်။ နိုင်ငံအများစု ရွေးကောက်ပွဲကို လေ့လာဖို့ သီးခြားကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာရှိသလို အချို့နိုင်ငံတွေကတော့ သက်ဆိုင်ရာသံရုံးကနေ တာဝန်ယူပြီး လေ့လာစောင့်ကြည့်မှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖိလစ်ပိုင်သံရုံးကနေ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် သွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez က ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို ရွေးကောက်ပွဲစောင့်ကြည့်ရေး နိုင်ငံတကာကို ဖိတ်ကြားရာမှာ သံတမန်တွေတင်မဟုတ်ဘဲ နိုင်ငံလွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားခဲ့ပါ တယ်။ ဖိလစ်ပိုင်ကို ကိုယ်စားပြုပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟယ်လန် ဒလာဘေးကား ဦးဆောင်တဲ့ လေးဦးပါ အဖွဲ့က ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမှာပါ။ ဖိလစ်ပိုင်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး ပါလီမန်ကိုယ်စားလှယ် အဖွဲ့ကလည်း မြန်မာရွေးကောက်ပွဲစောင့်ကြည့်ဖို့ သွားရောက်ပါလိမ့်မယ်။ ဒီ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ အတူ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံးရုပ်သံဌာနကလည်း သတင်းသမားတွေ သွားရောက်ပါလိမ့်မယ်။”

ဂျပန်နိုင်ငံဘက်ကတော့ ဂျပန်နိုင်ငံခြားရေးရုံးနဲ့ ဂျပန်သံရုံးက ကိုယ်စားလှယ် သုံးဦးကို စေလွှတ် စောင့်ကြည့်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှုဖြစ်စေလိမ့်မယ်လို့ ဂျပန်နိုင်ငံအနေနဲ့ မျှော်လင့်တဲ့အကြောင်းလည်း ပါရှိပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ မဏိပူရ်နဲ့ အာသံဒေသ ရွေးကောက်ပွဲကြီးကြပ်ရေးအရာရှိနှစ်ဦးကို အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး စေလွှတ်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ အလားတူလိုပဲ ကုလသမဂ္ဂ လေ့လာရေးကိုယ်စားလှယ်အဖွဲ့တွေလည်း မနက်ဖြန် မနက်ပိုင်း မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ သူတို့လေ့လာတွေ့ရှိချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ပြန်လည် အစီရင်ခံရမှာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Eri Kaneko က ပြောပါတယ်။

“မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်က ကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချုပ် သုံးသပ်ချက်ကို အတွင်းရေးမှူးချုပ်ကို ပြန်လည် အစီရင်ခံမှာဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုဘက်မှာတော့ အမေရိကန်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်မယ်လို့ သံတမန်တွေက ယူဆပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr.Raul Hernandez ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ခေါ်တာဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမှုဖြစ်တယ်လို့ ပြောပါတယ်။

“ဧပြီ ၁ ရက်နေ့လုပ်မယ့် ပါလီမန်ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာသမိုင်းရဲ့ နောက်ထပ် မှတ်တိုင်တခုဖြစ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးပါတီတွေ ပါဝင်လာတာကြောင့်ပါ။ အခုလို ရွေးကောက်ပွဲကျင်းပနေစဉ်မှာ အခြားနိုင်ငံတကာကို လေ့လာ စောင့်ကြည့်နိုင်ဖို့ ဖိတ်ကြားတဲ့အတွက်လည်း အားတက်ကျေနပ်မိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ရဖို့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တာပါ။”

ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် နိုင်ငံတကာသံတမန်တွေ၊ သတင်းမီဒီယာတွေအနေနဲ့ ဘယ်လို ပုံစံနဲ့ ဘယ်နေရာကို သွားရောက်ကြမလဲဆိုတာ မနက်ဖြန် မြန်မာနိုင်ငံခြားရေးဌာနနဲ့ တွေ့ဆုံပြီးမှ ရှင်းရှင်းလင်းလင်း ဖြစ်လာမယ့် သဘောရှိပါတယ်။ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားရောက်နိုင်ဖို့တော့ မျှော်လင့်ထားကြပါတယ်။ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကအခြေအနေကို ပိုပြီး အာရုံစိုက်ကြဖွယ်ရှိပါတယ်။ အခု ဒီရွေးကောက်ပွဲကလည်း အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတာကြောင့်လည်း နိုင်ငံတကာက ပိုပြီးတော့ စိတ်ဝင်စားနေကြပါတယ်ခင်ဗျား။

XS
SM
MD
LG