သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နိုင်ငံရေးပါတီတွေ အင်အား တောင့်တင်းရေးရှေ့ရှု


ဖျက်သိမ်းခံခဲ့ရတဲ့ ရခိုင်အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီနဲ့လည်း ညှိနှိုင်းပြီး ရခိုင်ပြည်နယ်အတွက် အားကောင်းတဲ့ နိုင်ငံရေးအင်အားစုတရပ်ပေါ်လာအောင် ကြိုးပမ်းသွားမယ်လို့လည်း ပါတီနှစ်ရပ်စလုံးက တာဝန်ရှိသူတွေက ပြောကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မကြာခင်က အကျဉ်းထောင်တွေအတွင်းက ပြန်လည် လွတ်မြောက်လာသူတွေအထဲမှာ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတွေ ပါဝင်လာတာကြောင့် ဖျက်သိမ်းခံထားရတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD ကို နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကာလမှာတော့ ဖွဲ့စည်းပုံသစ်ကို လက်မခံနိုင်တာကြောင့်ဆိုပြီး ALD ပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီအဖြစ် မှတ်ပုံတင်လိုက်တဲ့ နိုင်ငံရေးအင်အားစု ရခိုင်ပြည်နယ်မှာ ပေါ်လာပြီး သူတို့ဟာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ အနိုင်ရခဲ့ပါတယ်။ ALD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးရင်တော့ ရခိုင်ပြည်နယ်မှာ စုစည်းညီညွတ်တဲ့ ရခိုင်အင်အားစုတရပ်ပေါ်နိုင်ဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။ ဦးအေးသာအောင်ဟာ ALD ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

“အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ပါတီရဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်လက်ကျန်တွေ၊ စီအီးစီလက်ကျန်၊ နောက် မြို့နယ်မှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်။ အားလုံးလိုလိုက ပါတီမှတ်ပုံတင်ဖို့လိုတယ်၊ မှတ်ပုံတင်ထားမှ ဖြစ်မယ် ဆိုပြီးတော့ တင်ပြတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ဦးခွန်ထွန်းဦးတို့၊ စိုင်းညွန့်လွင်တို့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ မလွတ်သေးဘူး။ အခုတော့ ဒီပုဂ္ဂိုလ်တွေ လွတ်လာတဲ့ အခါကျတော့ ကျနော်တို့က ပါတီကို မှတ်ပုံတင်ဖို့အတွက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်”

-ဟုတ်ကဲ့။ အန်ကယ်လ်တို့ ဘယ်တော့လောက် မှတ်ပုံတင်ဖြစ်မယ်လို့ ထင်ပါသလဲ။

“ကျနော်တို့ နောက်လထဲမှာတော့ မှတ်ပုံတင်ဖြစ်မယ်လို့ ထင်ပါတယ်”

-ကြားဖြတ်ရွေးကောက်ပွဲကလည်း အခု ဧပြီလ ၁ ရက်နေ့ လုပ်မှာဆိုတော့ - ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ရော အန်ကယ်လ်တို့ပါတီက အစီအစဉ်ရှိပါသလား။

“ကျနော်တို့ နောက်လမှတင်မယ်ဆိုရင်တော့ ကြားဖြတ်ရွေးကောက်ပွဲကို မှီဖို့အနေအထား မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလကုန်ရင်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေ သူတို့စာရင်းပိတ်ပြီလေ။ ကျနော်တို့က နောက်လမှတင်မယ်ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ကျနော်တို့မီမှာ မဟုတ်တော့ပါဘူး”

-ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့က ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကာလမှာတော့ ရခိုင်ပြည်နယ်မှာ အဓိကပါတီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ၂၀၁၀ မှာ RNDP တို့ ပေါ်လာတဲ့အခါကျတော့ အန်ကယ်လ်တို့ ၂ ပါတီ ဆက်ဆံရေးဘယ်လို ရှိမလဲ။

“ပါတီမှတ်ပုံတင်ပြီးရင်တော့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ဆွေးနွေးပြီး ဘယ်လိုဆက်ပြီးတော့ အမျိုးသားအကျိုးအတွက်၊ ပြည်နယ်အကျိုးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးပြီးတော့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်”

-အလားအလာက ပါတီပေါင်းစည်းရေးအထိ ဖြစ်နိုင်လား၊ ဒါမှမဟုတ်လို့ရှိရင် မဟာမိတ်ပါတီသဘောမျိုး ဖြစ်နိုင်မလား။

ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ပေါင်းစည်းရေးလည်း ဖြစ်နိုင်သလို အနိမ့်ဆုံးကတော့ ကျနော်တို့ အမျိုးသားအကျိုးအတွက် ဘယ်လိုနည်းနဲ့လက်တွေ့ဆောင်ရွက်နိုင်မလဲဆိုတာကို ဆွေးနွေးသွားမှာပါ”

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ALD မှတ်ပုံတင်မယ့်ကိစ္စကို ကြိုဆိုပါတယ်။ ရခိုင်ပါတီတရပ်တည်းဖြစ်သွားဖို့ကိစ္စကိုလည်း သူတို့ဘက်က ကမ်းလှမ်းထားပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။

“၁၉၈၈ နဲ့အတူ ပေါ်ပေါက်လာတဲ့ ၁၉၉၀ မှာ အနိုင်ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာ လေးစားပြီးသားပါ။ ကာလတခုမှာတော့ဖြင့်လေ-ကျနော်တို့ပါတီရဲ့ဝါဒအတိုင်းပဲ။ ၂ ပါတီ ပူးပေါင်းနိုင်အောင် ကျနော်တို့ဘက်က အစွမ်းကုန်ကြိုးစားဖို့လည်းရှိပါတယ်။ ပါတီမှတ်ပုံတင်တာ ကိုလည်း လေးလေးစားစားပဲ လက်ခံကြိုဆိုပါတယ်။ သီးသန့်ပါတီတခုအဖြစ် ရပ်တည်ပြီး ပေါ်လာမယ်ဆိုရင်လည်း ကျနော်တို့ဘက်ကတော့ ဘယ်လိုမှ ကန့်ကွက်စရာမရှိပါ”

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ALD ဟာ ၁၉၉ဝ ရွေးကောက်ပွဲပြီးတဲ့နောက်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အတော်လေး နီးနီးစပ်စပ် နိုင်ငံရေးမှာ လက်တွဲလှုပ်ရှားခဲ့တာပါ။ NLD အပါအဝင် ၉ဝ ခုနှစ် အနိုင်ရ အခြားတိုင်းရင်းသားပါတီတွေနဲ့ပေါင်းပြီး CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှာလည်း ဦးဆောင်ပါဝင်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ကျင်းပခဲ့ အမျိုးသားညီလာခံကိုရော အဲဒီက ထွက်လာတဲ့ ဖွဲ့စည်းပုံကိုပါ ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအပြောင်းအလဲတွေ မြင်လာရတာကြောင့် အခုလို နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ ပါဝင်ဖို့ထက် ပါတီနဲ့အမျိုးသားနိုင်ငံရေးကို တရားဝင်ရပ်တည်လှုပ်ရှားနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG