သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။)
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစုဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နံှဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ ဒီ အခြေအနေကိုတော့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာပါတယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြားခရီးသည်အများစုဟာလည်း စီးပွားရေးလုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေများပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖံ့ွဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာပြည်မကြီးမှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးချင်သူတွေ ဒါမှမဟုတ် ရင်းနှီးမြုှပ်နှံမှုတွေ လုပ်ချင်တယ် ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ဒေသတွေမှာတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်မယ့် အစီအစဉ်တွေကိုလည်း စဉ်းစားသင့်ပါတယ်။ ပြည်မကြီး ဒေသက ကျမတို့ ပြည်သူတွေကလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုဒေသ ပြည်သူတွေက ပိုပြီး ဆင်းရဲပါတယ်။ ပိုပြီးတော့ လည်း အကူအညီတွေ လိုအပ်နေပါတယ်။”

မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရပါတယ်။ အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွဲှအပြောင်း ကိစ္စတွေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံထဲ ဖံ့ွဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိပါတယ်။ ပိုလန်နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံလိုက်ခြင်းကြောင့် သက်ရောက်မှုတွေအားလုံးကို ကျနော်တို့ ဖယ်ရှား လိုက်ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးဟာ ဒီလို အရေးယူဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက် ကျနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေက အခု မရှိတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ သတိပေးနေတာက အခု ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန် လှည့်မသွားဖို့ပါ။ တနှစ်အတွင်းမှာ သေချာအောင် စောင့်ကြည့်သွားမှာပါ။ ဒါပြီးရင်တော့ မူဝါဒကို ပြန် လည် သုံးသပ်သွားမှာပါ။”

နိုင်ငံ့ခေါင်းဆောင်တွေအတော်များများ အခုရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သက်ဆိုင် ရာနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်လာ ကြပါတယ်။ အခု ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလည်း ပိုလန်နိုင်ငံ အကြီးစား စက်မှု လုပ်ငန်း နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ပါလာတာကြောင့် မြန်မာနိုင်ငံထဲ စီးပွားရေး အခွင့်အလမ်းတွေကို လာရောက် ကြည့်ရှုတယ်လို့လည်း ယူဆနိုင်ပါ တယ်။

နှစ်နိုင်ငံအကြား သတ္ထုတွင်းလုပ်ငန်းနဲ့ ဘူမိဗေဒဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တရပ်ကို လည်း မြန်မာအာဏာပိုင်တွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ဘက် အပြန်အလှန် အကျိုးရှိမယ့် ကိစ္စရပ်တွေ ဖြစ်စေရမယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ တကယ်ကို လက်တွဲဘက်နိုင်ငံ သဘောမျိုးဖြစ်ချင်တာပါ။ ဒါကြောင့် အပြန်အလှန် အကျိုး စီးပွားအတွက် နည်းပညာတွေ လွဲှပြောင်းကူညီဖို့ရှိသလို ရင်းနှီးမြုှပ်နှံဖို့လည်း ရှိပါတယ်။ ဒါကြောင့် ပထမ ဆုံးတော့ ပညာတော်သင် ခေါ်ယူတာတွေ လုပ်ပါမယ်။”

မြန်မာနိုင်ငံတွင်း အခုလို အနောက်နိုင်ငံတွေဘက်က စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ ဟာ အရင် အာရှဘက် ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုပြီး မြန်မာလူထုအတွက် အကျိုး ရှိစေမယ်လို့ ယူဆမှုတွေရှိပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုကြောင့် ဘေးထွက်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ ကို အနောက်နိုင်ငံဘက်က ကုမ္ပဏီမျိုးတွေကပဲ ပြန်ပြီး ကုစားပေးနိုင်မယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမိုးမြင့်က သြစတေးလျ ABC ရုပ်/သံ ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“ဒီလို ကုမ္ပဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေအပေါ် ဒီကုမ္ပဏီတွေကပဲ အပြု သဘော ပြန်လည် ဆောင်ရွက်ပေးနိုင်တာကြောင့်ပါ။ ပြီးတော့ လူလတ်တန်းစား အရေအတွက်လည်း များလာနိုင်ပါတယ်။”

အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ တဘက်က လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူမှု အစီ အစဉ်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အားဖြင့် မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ အာရှက ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ကပါ။ အဲဒီ ရင်းနှီးမြုပ်နှံ မှုတွေ စီမံကိန်းတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်မှုရှိပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်တာ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြောနေပါ တယ်။

အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့တဆက်တည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်း လာတာ ကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နံှံမှုတွေ ဝင်လာမယ့် အလား အလာကောင်းတွေ ရှိလာပါတယ်။ တချိန်တည်းမှာလည်း အာဏာပိုင်တွေဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ်ကို ရေးဆွဲအတည်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ဖိတ်ခေါ် ကြိုးစားနေ တာ တွေ့ရပါတယ်။

XS
SM
MD
LG