သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ထူးခြားမှုတွေ့နိုင်


နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ကြည့်မယ်ဆိုရင် အမေရိကန် မြန်မာဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီ ခရီးစဉ်အပေါ် မေးမြန်းသုံးသပ်ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ အခု အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ သိသာထူးခြားတဲ့ အခြေအနေတွေ တွေ့ရနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ကတော့ အခု ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်အစိုးရအနေနဲ့ ရုပ်သိမ်းဖို့ သင့်လျော်တဲ့အချိန် ဖြစ်တယ် လို့ ပြောပါတယ်။ အထူးသဖြင့် အခုလာမယ့် မေ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုသစ်တွေ ပိတ်ပင်ထားတာ သက်တမ်းပြည့်မှာပါ။

အရင်က တနှစ်တခါ သမ္မတအမိန့်နဲ့ သက်တမ်းတိုးခဲ့တဲ့ ဥပဒေဖြစ်တော့ ဒီတခါမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ အရေးယူမှု ရပ်နားခွင့်ရှိပါတယ်။ ဒါကြောင့်လည်း အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က အခု မြန်မာနိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်ကာလမှာပဲ ဆောင်ရွက်ဖို့ တိုက်တွန်းသွားတာပါ။ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းကလည်း အရေးယူမှုတွေကို ယာယီရပ်ဆိုင်းထားဖို့ပဲ တောင်းဆိုထားပါတယ်။

အရင်ကဆိုရင် မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့် ပိတ်ပင်ထား ရာကနေ အခုလို တရားဝင်ဖိတ်ကြားပြီး နှစ်ဘက်တွေ့ဆုံမှုတွေဖြစ်လာတာဟာ သိသာထင်ရှားတဲ့ ဆက်ဆံရေး တိုးတက်မှုတရပ်အဖြစ် ယူဆလို့ရပါတယ်။ ဒီလို ဆက်ဆံရေးဖြစ်လာ အောင်လည်း လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဘက်က အတော်လေး ကြီးကြီးမားမား စွန့်စားခဲ့ပြီး ဖြစ် လာတာလို့ ဝါရှင်တန် ဒီစီက CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး ဌာနက မြန်မာ့အရေး ကျွမ်းကျင်သူ Micheal Green က ယူဆပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အမေရိကန်-မြန်မာဆက်ဆံရေး ပြုပြင်ပြောင်းလဲဖို့ အတွက် အရင်းအနှီးကြီးကြီးမားမားနဲ့ လုပ်ဆောင်ခဲ့ပေမယ့် အစပထမမှာ ထိရောက်မှုရှိတာကို သိပ် မပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့လအနည်းငယ်က သမ္မတဦးသိန်းစိန်က သိသာတဲ့ ပြောင်းလဲမှုတွေ ဖေါ်ဆောင်ခဲ့ပြီး သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်မှု ရှိလာတဲ့အတွက် အမေရိကန်-မြန်မာဆက်ဆံရေး ပိုလို့ လမ်းပွင့်လာခဲ့ပါတယ်။ ကျနော့်အထင်ကတော့ ဒီ တိုးတက်မှုတွေအတွက် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ မဲခေါင်မြစ် အောက်ပိုင်း စီမံကိန်းမှာ ပါဝင်ခွင့်ရလာနိုင်သလို နိုင်ငံတကာ ဘဏ်ကြီးဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း အကူအညီတွေပေးဖို့ အခွင့်အလမ်း ရှိလာနိုင်ပါတယ်။”

အခုလို ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတာနဲ့အတူ နှစ်ဘက် သံအမတ်ကြီးအဆင့် ခန့်အပ်ရေး ကိစ္စလည်း အခု နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်ကာလအတွင်း အကောင်အထည်ပေါ်လာနိုင်တယ်လို့ ယူဆမှုတွေရှိပါတယ်။ အခု ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေး တိုးတက်မှုတွေ ပိုရှိလာဖို့ အမေရိကန်ဘက်ကလည်း တိုက်တွန်းဖွယ်ရှိတယ်လို့ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“ဆက်ဆံရေးကတော့ တိုးတက်လာတာအမှန်ပဲလေ။ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ပြီးတော့ အပြောင်းအလဲတွေကို အားပေးနေတာကို။ တဘက်မှာလည်း စီးပွားရေးပိတ်ဆို့မှုတွေကို အတိုင်းအတာ တခုအထိ ကိုင်တွယ်ထားတယ်။ တဘက်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ပြီးတော့ မြန်မာအစိုးရရဲ့လက်ရှိ ပြောင်းလဲရေး လမ်းကြောင်းတွေကို မှန်မှန်ကန်ကန်နဲ့ ရှေ့ကို အရှိန်အဟုန်နဲ့တိုးမြှင့်အောင် တွန်းပို့နေတာကို။ ဆိုတော့- မနက်ဖြန်တွေ့ ဆုံကြရင်လည်း အမေရိကန်အစိုးရအနေနဲ့ကတော့ မြန်မာနိုင်ငံအတွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နောက်တခါ လူထုအခြေပြု အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်ပေးရေး စသဖြင့်ပေါ့နော်- နောက်တခါ ကချင် ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲရေးနဲ့ တိုင်းရင်းသား လူမျိုးစုများနဲ့ ပြဿနာတွေကို ညီညွတ်စွာဖြေရှင်းရေး၊ ဒါတွေကိုတော့ အလေးပေးပြီး ပြောဆိုဆွေးနွေးလိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။”

အခုလို အခြေအနေတွေ တိုးတက်လာပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဘက်က စိုးရိမ်ပူပင်နေတဲ့ အချက်တွေ ကတော့ ရှိနေဆဲပါ။ အထူးသဖြင့် အခု ဖြစ်ထွန်းမှုတွေ နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အနေအထားဖြစ်တယ်လို့ M. Green က ပြောပါတယ်။

“အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို သိပ်မကြာတော့တဲ့အနာဂတ်မှာ ရုပ်သိမ်းပေးနိုင်မယ့်အလားအလာတော့ ကျနော် မမြင်ပါဘူး။ အကြောင်းကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေက ရေရှည်ခံပါ့မလားလို့ ဝါရှင်တန်မှာ မေးခွန်းထုတ် နေကြလို့ပါပဲ။ တနည်းအားဖြင့် နောက်ပြန်ဆုတ်မယ့် အလားအလာကို စိုးရိမ်နေကြဆဲ ဖြစ်လို့ပါပဲ။ မြောက် ကိုးရီးယား-မြန်မာ နျူးကလီယားနဲ့ စစ်ရေးဆက်ဆံမှုကြောင့် စိုးရိမ်နေကြတာဖြစ်ပြီးတော့ ဒါက အမေရိကန်အစိုးရအတွက် အဓိကပြဿနာဖြစ်တာကြောင့် ဒါကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

“ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်က ဆက်လက်တိုက်ခိုက်နေတာ တွေ့နေရ ပါတယ်။ တခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခွင့်ရမလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ဒါ့ကြောင့် အခု ဖြစ်ထွန်း တိုးတက်မှုတွေ နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ စိုးရိမ်မကင်းဖြစ်မှုတွေ ဆက်ပြီး ရှိနေတာပါ။

“ဒါပေမယ့်လို့ ခြေတစ်လှမ်းချင်းစီယူပြီး ဒီအပြောင်းအလဲကို ထိန်းသိမ်းသွားရမယ်ဆိုတဲ့ သဘောထားကတော့ ကွန်ဂရက်လွှတ်တော်မှာရော သမ္မတအိုဘားမားအစိုးရထဲမှာရော လက်ခံထားတာကို တွေ့ရပါတယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဝါရှင်တန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ သလို အခြား အစိုးရအဆင့်မြင့် အရာရှိတွေ၊ အမေရိကန်လွှတ်တော်က ခေါင်းဆောင်တွေကို လည်း တွေ့ဆုံဖို့ရှိပါတယ်။ မနက်ဖြန်ကျရင်တော့ နယူးယောက်မြို့က နိုင်ငံခြား ဆက်ဆံရေးကောင်စီမှာ စကားပြောဖို့ ရှိပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ အရင်က အမေရိကန်ပြည်ထောင်စုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် လာရောက်ခဲ့တာ ရှိပေမယ့် ကမ္ဘာ့ကုလသမဂ္ဂ ခရီးစဉ် အနေနဲ့ လာရောက်တာဖြစ်ပါတယ်။ ဒါကြောင့် ဦးဝဏ္ဏမောင်လွင်ရဲ့ အခုခရီးစဉ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တရားဝင် အစိုးရခရီးစဉ် ဖြစ်ပေမယ့်လို့ ဝါရှင်တန် ဒီစီကို လာရောက်တာတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

XS
SM
MD
LG