သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ILO ရဲ့ ကန့်သတ်ချက်များ ရုပ်သိမ်း


မြန်မာနိုင်ငံအပေါ်မှာ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ကြီးက မြန်မာအပေါ် နည်းပညာပိုင်းနဲ့ အခြားအကူအညီပေးမှု ကန့်သတ်ချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေဘက်က ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) ကို မြန်မာနိုင်ငံထဲ တရားဝင်မှတ်ပုံတင်ခွင့်ပြုပြီး ရပ်တည်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ တော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။

မနေ့က ကျင်းပတဲ့ ၁၀၁ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံအတွင်းမှာပဲ မြန်မာနိုင်ငံ အပေါ် ILO ရဲ့ အကူအညီ ကန့်သတ်မှု တွေကို ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ILO လုပ်ပိုင်ခွင့်အတွင်းမှာ မြန်မာနိုင်ငံက အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တွေကို အလုပ်သမားရေး ကိစ္စရပ်တွေမှာ နည်းပညာအကူအညီနဲ့ အခြားအထောက်အပံ့တွေကို လွတ်လွတ် လပ်လပ် ပေးနိုင်တော့မှာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ ILO အလုပ်သမား ညီလာခံ မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး ဒီမတိုင်ခင် တရက်မှာပဲ အခုလို မြန်မာပြည်အရေး အလုပ်သမား ညီလာခံ မှာ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါ့အပြင် ILO အစည်းအဝေးတွေ လုပ်ငန်း အချို့မှာ ပါဝင် ဆောင် ရွက်ခွင့် မြန်မာအာဏာပိုင်တွေကို ကန့်သတ်ထားချက်တွေကိုလည်း ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ အာဏာပိုင်တွေဘက်ကလည်း ရန်ကုန်မှာ ILO အရာရှိတွေ၊ ဝန်ထမ်းတွေ ပိုထားခွင့် ပြုပေးလိုက်ပါတယ်။ ဒါကြောင့် ILO အနေနဲ့ မကြာ ခင်မှာ သူတို့လုပ်နိုင်ခြေတွေကို တိုးမြှင့် ဆောင်ရွက်သွားတော့မှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးတဦးဖြစ်သူ Kari Tapiola က ဗွီအိုအေကို ပြောပါတယ်။

“သိပ်မကြာတော့တဲ့အချိန်မှာပဲ ရန်ကုန်ရုံးမှာ ကျနော်တို့ လူတွေ ပိုထားရှိမှာပါ။ အထူးသဖြင့်တော့ အသင်းအပင်း လွတ်လပ်စွာဖွဲ့စည်းခွင့် ကိစ္စတွေမှာ ဆောင်ရွက်နေသူတွေ၊ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းဖို့ အလုပ်သမားရေးကိစ္စဆောင်ရွက်နေသူတွေကို လိုအပ်လာသလို အကူအညီပေးသွားဖို့ပါ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား အစိုးရအနေနဲ့ ဘယ်လို ကြားဝင်စေ့စပ်ပေးနိုင်မလဲဆိုတာ သဘောပေါက် နားလည်လာအောင် အကူအညီပေးသွားမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျနော်တို့ လုပ်နိုင်ခြေတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်။”

မြန်မာနိုင်ငံအတွင်း အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နည်းပညာပိုင်း ဆိုင်ရာ အကူအညီတွေပေးမှုတွေ ရုပ်သိမ်းဖို့ ၁၉၉၉ အလုပ်သမားညီလာခံက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ILO အစည်းအဝေးနဲ့ အခြားလုပ်ငန်းစဉ် အတော် များများ မှာလည်း မြန်မာဘက်က ပါဝင်ခွင့်ကို ပိတ်ပင်ခံထားရတာပါ။ ILO အနေနဲ့ မြန်မာအပေါ် အကြံပြု တိုက်တွန်းချက်တွေကို မြန်မာဘက်က လိုက်နာမှုမရှိတာကြောင့် ILO နဲ့ မြန်မာအကြား ဆက်ဆံရေး က အတော်လေး တင်းမာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အရင်လို ဆက်ဆံရေးတင်မဟုတ်တော့ဘဲ အတော်လေး တိုးတက်လာပါပြီလို့ ညီလာခံကို တက်ရောက်နေတဲ့ မြန်မာအလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်က ပြောခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ် တခု၊ နှစ်ခုလောက်ကထက်စာရင် အခု အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တွေက အတော်လေး ကောင်းမွန် လာပါတယ်။ ၂၀၀၂ ကတည်းကဆိုရင် ILO နဲ့ မြန်မာအစိုးရအကြား ဆက်သွယ်ရေးကောင်းမွန်လာပါတယ်။ ၂၀၀၇ မှာ နှစ်ဘက်အပြန်အလှန် နားလည်မှု သဘောတူညီချက်တရပ် လက်မှတ်ထိုးပြီးနောက် ဆက်ဆံမှုသစ်ဖြစ်လာခဲ့ပါတယ်။

အဲဒီ ဆက်ဆံမှုကနေ အပြန်အလှည်ယုံကြည်မှုရလာပါတယ်။ အဲဒီနောက် ILO အုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အခုဆိုရင် နှစ်ဘက်ဆက်ဆံရေးက အတော်လေးကို တိုးတက်လာပါတယ်။ ကျနော်တို့ဘက်က ကိုယ့်ဖာသာကိုယ် ပြောင်းလဲမှုတွေ လုပ်လာတာကို ဘယ်သူမဆို အသိအမှတ်ပြုလက်ခံကြပါတယ်။”

မနေ့က ညီလာခံအတွင်းမှာတော့ တက်ရောက်လာတဲ့ နိုင်ငံတွေအတော် များများက မြန်မာနိုင်ငံ တွင်း ပြောင်းလဲမှုတွေ၊ အထူးသဖြင့် အလုပ်သမားအခွင့်အရေးကိစ္စတွေမှာ တိုးတက်မှုတွေရှိလာတာကို ချီးကျူး ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB အဖွဲ့ဝင်တွေ လုံလုံခြုံခြုံ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့နဲ့ FTUB ကို တရားဝင် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရပ်တည်ခွင့်ပြုမယ်လို့ ကတိကဝတ် ပေးခဲ့ပါတယ်။

ဒီမတိုင်ခင်က မြန်မာအစိုးရနဲ့ ILO အလုပ်သမားအဖွဲ့ ITUC နိုင်ငံတကာအလုပ်သမား သမဂ္ဂအဖွဲ့ချုပ် တို့နဲ့ ဆွေးနွေးခဲ့တဲ့ ရလဒ်တွေ ဖြစ်ပါတယ်။ ILO အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေဟာ FTUB အဖွဲ့ဝင်တွေ လွတ်လွတ်လပ်လပ် မြန်မာပြည်ပြန်နိုင်ရေး၊ FTUB အနေနဲ့ အလုပ်သမားအဖွဲ့အစည်း တရပ်လို ရပ်တည် လှုပ်ရှားနိုင်ရေး၊ လက်ရှိဥပဒေသစ်အရ FTUB တရားဝင်မှတ်ပုံတင်နိုင်ရေး ကိစ္စရပ်တွေကို မြန်မာအစိုးရနဲ့ဆွေးနွေးခဲ့ပြီး မြန်မာဘက်က ဒီအပေါ်မှာ အပြုသဘော တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ILO တာဝန်ရှိသူတဦး ကလည်း မနေ့က ညီလာခံမှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံထဲ အတင်းအဓမ္မလုပ်အားပေးခိုင်စေမှုတွေ လုံးဝပပျောက်ရေးအတွက် ပူးတွဲ မဟာဗျူဟာ တရပ်ကိုလည်း ILO နဲ့ မြန်မာအစိုးရ အကြား သဘောတူညီမှုရခဲ့ပါတယ်။

XS
SM
MD
LG