သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း


နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး သတ္တိရှိရှိလုပ်ဆောင်ဖို့ အမတ်တွေ တိုက်တွန်း

ဒီကနေ့ အကျဉ်းသားတွေ လွတ်မြောက်လာရာမှာ မျှော်လင့်ထားသလိုဖြစ်မလာဘဲ နိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းပဲ ပါဝင်တာကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်ရေးအတွက် လွှတ်တော်တွင်း တိုက်တွန်းပြောဆိုခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ အပြောင်းအလဲတွေကို သတ္တိရှိရှိနဲ့ ရဲရဲတင်းတင်း ဆောင်ရွက်သွားဖို့လိုမယ်လို့လည်း လွှတ်တော်အမတ်တွေက တိုက်တွန်းပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်တွင်းမှာလည်း တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် အကျဉ်းသားတွေ လွှတ်တဲ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေကို မယ်မယ်ရရ လွှတ်တာ မတွေ့ရတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ တိုက်တွန်းခဲ့ကြတဲ့ လွှတ်တော်အမတ်တွေက အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးအေးမောင်ကတော့ သမ္မတဦးသိန်းစိန်အနေနဲ့ အပြောင်းအလဲတွေကို သတ္တိရှိရှိ ဖော်ဆောင်ဖို့ တိုက်တွန်းပြောဆိုပါတယ်။

“သမ္မတကြီးအနေနဲ့ ဒီတခေါက် သူလွှတ်တာရှုံးတာပေါ့၊ ကျနော်တို့ မြင်တာက- ကျနော်တို့လည်း ပြောပါတယ်။ သမ္မတကြီးဟာပြည်သူ့မေတ္တာကို ယူဖို့လိုတယ်။ အဲဒီလို မစို့မပို့လေး လုပ်ခဲ့တဲ့ အခါကျတော့ ရသင့်တဲ့မေတ္တာ သူမရသွားဘူး။ သတ္တိရှိဖို့ သမ္မတကြီးကို တိုက်တွန်းပါတယ်။ ရဲရဲဝံ့ဝံ့ နိုင်ငံရေးအားဖြင့်၊ ယုံကြည်ချက်အားဖြင့် အကျဉ်းချခံထားရတဲ့ သူတွေကိုလွှတ်ပေးပါ။ ကျောင်းသား ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်သားခေါင်းဆောင်တွေကို လွှတ်ပေးပါ။ ရဲရဲဝံ့ဝံ့လွှတ်ပေးပါ၊ ကျနော်တို့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းအေးအေးချမ်းချမ်းနဲ့ ပြုပြင်တဲ့နေရာမှာ ဒီအကျဉ်းကျခံနေ ရတဲ့ ပုဂ္ဂိုလ်တွေရဲ့အား၊ သူတိုရဲ့အတွေးအခေါ်အယူဆတွေ အများကြီးလိုအပ်ပါတယ်။

ကျနော်တို့ဟာ ပူးပေါင်းလုပ်ဖို့ အချိန်တန်ပါပြီ။ ဒီနေ့ မလွှတ်မိရင်တောင်မှလေ လွတ်လပ်ရေးနေ့မှာ လွှတ်ပေးပါ။ နောက်အကျဆုံးကျနော်တို့ တောင်းဆိုတာကတော့ ပြည်ထောင်စုနေ့ပေါ့ဗျာ၊ ကျနော်တို့က အကုန်လုံး လွတ်လွတ်လပ်လပ် ဖြစ်ပြီးကာမှ တိုင်းပြည်ကို ပြန်တည်ဆောက်ကြတဲ့အခါ သူတို့ရဲ့အား၊ ကျနော်တိုရဲ့အား၊ သမ္မတကြီးတို့ရဲ့အားနဲ့တိုင်းပြည်ကို ပြန်ကယ်တင်ချင်တာ မြင်ချင်ပါတယ်”

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို လွှတ်တော်အတွင်းကနေ ဆက်ပြီး ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဘာပဲပြောပြောပေါ့ဗျာ။ တစုံတရာ ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေပါရင်တော့ အကျဉ်းသားတွေ လွတ်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်။ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အားရစရာအခြေအနေ မရှိသေးတာတော့ အမှန်ပဲ။ ဒါကြောင့် ရှေ့ကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ဒီထက်ကို သင်ပုန်းချေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မျိုး ထွက်လာအောင် ကျနော်တို့ လွှတ်တော်လမ်းကြောင်းကနေ ကြိုးပမ်းရမှာပဲ။

ဒီမိုကရေစီအရေးအတွက် စတင် ပေးဆပ်ခဲ့တဲ့ ဒီကျောင်းသားခေါင်းဆောင်တွေ ပြန်လွတ်လာဖို့ အတွက်တော့ ကျနော်တို့ ဆက်လက် ကြိုးပမ်းရမယ်၊ ဒီအပေါ်မှာတော့ စိုက်လိုက်မတ်တပ် ဆောင်ရွက်ရမှာပါပဲ”

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေဟာ အခု လွတ်လပ်ရေးနေ့နဲ့ လာမယ့် ဖေဖော်ဝါရီ၊ ပြည်ထောင်စုနေ့တွေမှာ ပြန်လည်လွတ်မြောက်လာလိမ့်မယ်လို့ ဒီမတိုင်ခင်ကတည်းက သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ဆန်းပိုင်း နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ဖို့အထိ မျှော်လင့်ခဲ့ကြတာပါ။

အစိုးရအဖွဲ့အတွင်းကရော လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေကပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ မကြာခင် ပြန်လွတ်လာနိုင်တယ်လို့ ပြောတာ ဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန် ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မလာတာဟာ အာဏာပိုင်အဖွဲ့အစည်းအတွင်း သဘောထား မညီမှုတွေရှိနေတာကြောင့်လို့ ယူဆကြပါတယ်။

အထူးသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကို ဆုံးဖြတ်ရမယ့် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအတွင်းမှာ သဘောထားမညီမှု ရှိနေနိုင်တယ်လို့ ယူဆကြပါတယ်။ ဦးအေးမောင်ကတော့ ဒီလို သဘောထားမညီတာတွေရှိပေမယ့် ကာ/လုံ ထဲမှာပါဝင်တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေဟာ နိုင်ငံတကာနဲ့မြန်မာ ပကတိအခြေအနေတွေကို သုံးသပ်နိုင်မယ်လို့ ယူဆပါတယ်။

“ကျနော်ထင်တယ် နိုင်ငံတော်ရဲ့ အကြီးအကဲပဲလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာလည်း ရှိပါတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အဓိက ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့တာဝန်တွေ တိုင်းပြည်ရဲ့ ရှေ့နောက် အကုန်လုံးတာဝန်ရှိတဲ့ အကြီးအကဲပါ။ ကိစ္စရပ်တွေအားလုံးရဲ့ ကောင်းမွေ ဆိုးမွေ ကောင်းသည်ဆိုးသည် အားလုံးဟာ နိုင်ငံတော်သမ္မတကြီးမှာ တာဝန်ရှိပါတယ်။”

မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာကို အခုအချိန်အထိ လက်မခံထားပါဘူး။ ရာဇဝတ်မှု ချိုးဖောက်သူတွေဖြစ်တယ်လို့သာ သုံးပါတယ်။ ဒါကြောင့်လည်း အခု အကျဉ်းသားတွေလွှတ်တိုင်းမှာ နိုင်ငံရေးလုပ်လို့ အကျဉ်းကျခံရသူကနည်းနည်း သာမန်ရာဇဝတ်အကျဉ်းသားက များများဖြစ်နေပါတယ်။ ပြည်ပအခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။

XS
SM
MD
LG