သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး


မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး
မြန်မာပြုပြင်ပြောင်းလဲမှု သမ္မတအိုဘားမား ချီးကျူး

မနေ့ညတုန်းက အမေရိကန်ကွန်ဂရက်မှာ သမ္မတ အိုဘားမားက နှစ်စဉ်နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဆိုသွားရာမှာ အမေရိကန်နိုင်ငံ စီးပွားရေး မြန်မြန်ဆန်ဆန် ကောင်းမွန်လာရေးအတွက် စီမံရေးဆွဲထားတဲ့ အစီအစဉ်တွေကိုရှင်းလင်းပြောဆိုသွားပါတယ်။ နိုင်ငံတကာအရေးကိစ္စတွေ ပြောရာမှာတော့ အာရှပစိဖိတ်ဒေသအပေါ်အမေရိကန်ပြည်ထောင်စုရဲ့အလေးပေးစဉ်းစားချက်ကို ဖော်ပြသွားသလို မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေ အပေါ်မှာလည်း မျှော်လင့်သစ်တွေ ဖြစ်လာစေတယ်လို့ မြန်မာ့အရေးကိစ္စကိုပါ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ဆက်ပြောပြပေးပါမယ်။

လွှတ်တော်နှစ်ရပ်စလုံးရှေ့ ပြောဆိုတဲ့ သမ္မတအိုဘားမားရဲ့ မနေ့ညက နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲ နိုင်ငံခြားရေးရာ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လို့ ရှင်းလင်းရာမှာ မြန်မာပြည်ကိုပါ နာမည်တပ်ပြီး ပြောဆိုသွားပါတယ်။ အဓိကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှပစိဖိတ်ဒေသ အပေါ်မှာအရင်ကထက်ပိုမိုအာရုံထားလာတဲ့အချိန်မှာ မြန်မာအပါအဝင်ဒီဒေသတွင်း ဖြစ်ပျက် နေတာတွေကိုလည်း စောင့်ကြည့် အကဲဖြတ်နေတယ်ဆိုတာကို သမတအိုဘားမားက သတိပေးပြောသွားတာပါ။

“အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဒေသရဲ့ အင်အားကြီးတခုဖြစ်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောထားပြီးပါပြီ။ မြန်မာနိုင်ငံတွင်းက စတင်မှု အသစ်တွေဟာ မျှော်လင့်ချက်ရောင်ခြည် အသစ်တွေ သန်းလာစေပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့က ပြီးခဲ့တဲ့နှစ်တွေအတွင်းက စပြီး မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာ အတော်လေး တိုးတက်ကောင်းမွန်လာတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံထဲမှာအပြောင်းအလဲတချို့ မြင်ရပြီးတဲ့နောက်ပိုင်းမှာ သမ္မတအိုဘားမားဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းနဲ့ တိုက်ရိုက် စကားပြောခဲ့သလိုပဲ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကိုလည်း မြန်မာနိုင်ငံကို စေလွှတ်ပြီးတော့ အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ်။

ဒါ့အပြင်နောက်ပိုင်းမှာလည်း အမေရိကန်ထိပ်တန်းအရာရှိကြီးတွေ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတော့ နောက်ပိုင်းမှာ သံအမတ်ကြီးအဆင့် ပြန်ထားရေးကိုလည်း သဘောတူညီခဲ့ကြပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း အမေရိကန်ပြည်ထောင်စုနဲ့ လတ်တလော တင်းမာမှုတွေ ရှိလာနေတဲ့ အီရန်နိုင်ငံ အရေးနဲ့ပတ်သက်လို့လည်း ပြောပါတယ်။ အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းချက်ကို မဖြစ်ဖြစ်တဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်တားဆီးသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပါတယ်။ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ လတ်တလောအားဖြင့် ဟောမုဒ်ရေလက်ကြားပြဿနာက စစ်ရေးသဘောအရပါ အတော်လေး တင်းမာနေတာပါ။ ဒါပေမယ့်လည်း လက်ရှိအားဖြင့် အီရန်ပြဿနာကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေ ရှိနေတုန်းပဲဆိုတာကို ထောက်ပြပါတယ်။

“အီရန်ကို ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး စွမ်းပကားကြောင့် တချိန်က အီရန်ရဲ့ နျူကလီယားပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သဘောထား ကွဲလွဲခဲ့တဲ့ နိုင်ငံတကာအနေနဲ့ အခုတော့ သွေးစည်းညီညွတ်စွာ ရပ်တည်ပြ နေကြပါပြီ။ အီရန် အစိုးရဟာ ဝိုင်းကျဉ်ခံရနေရသလို ဒဏ်ခတ်ပိတ်ဆို့မှုကိုလည်း ရင်ဆိုင်နေရပါပြီ။ နိုင်ငံတကာလိုလားချက်တွေကို သူတို့ မလိုက်နာသရွေ့တော့ ဖိအားဆက်ပေး ခံနေရမှာပါ။ ကျနော် ပြတ်ပြတ်သားသား ပြောပါရစေ။ အီရန်အနေနဲ့ နျူကလီယားလက်နက် မပိုင်ဆိုင်ရစေဖို့ ဘက်စုံ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမှာပါ”

အီရန်အရေးနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား ပြောဆိုသွားတာပါ။

ပြီးခဲ့တဲ့နှစ်ကစလို့ အရှိန်ကောင်းလာခဲ့တဲ့ အရှေ့အလယ်ပိုင်းဒေသ လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပြောရာမှာလည်း အရှေ့အလယ်ပိုင်း ဒေသက ပြည်သူတွေအနေနဲ့ မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီး နိုင်ခွင့် ရှိရမှာဖြစ်သလို မိမိတို့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအတွက် ရပ်တည်လှုပ်ရှားသူတွေ အပေါ် အကြမ်းဖက် ခြိမ်းခြောက်တာမျိုးတွေကိုတော့ အမေရိကန်ပြည်ထာင်စုအနေနဲ့ ဆန်ကျင်သွားမယ်လို့ ပြောပါတယ်။ နိုင်ငံတကာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဦးစီးဦးဆောင်မှုတွေ ပြန်ပြီး အားကောင်းလာတာကိုလည်း သမတအိုဘားမားက အခြေအနေတွေကို ရှင်းလင်း ပြောဆိုသွားပါတယ်။

“အမေရိကန်ရဲ့ ခေါင်းဆောင်မှု ပြန်လည်အားကောင်းလာတာကို တကမ္ဘာလုံးမှာ မြင်တွေ့နေကြ ရပါပြီ။ ဥရောပနဲ့ အာရှမှာရှိတဲ့ နှစ်ရှည် မဟာမိတ်ဆက်ဆံရေးဟာလည်း အားကောင်းလာနေပါပြီ။ အမေရိကတိုက်မှာရှိတဲ့ နိုင်ငံများနဲ့ ဆက်ဆံရေးဟာလည်း ပိုပြီးလေးနက်မှုရှိလာနေပါပြီ။ အစ္စရေး လုံခြုံရေးနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ သံဓိဌာန်ခိုင်မာမှုကြောင့်လည်း သမိုင်းမှာ နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှုဟာ အားအကောင်းဆုံးအချိန်ရောက်နေပါပြီ”

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်ကို အသေရမိတဲ့ကိစ္စ၊ လစ်ဗျားခေါင်းဆောင်ကဒါဖီ ပြုတ်ကျသွားတဲ့ကိစ္စ စတာတွေမှာလည်း နိုင်ငံတကာရဲ့ အောင်မြင်မှုဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မနေ့က ရှင်းလင်းပြောဆိုသွားတဲ့အထဲမှာတော့ အဓိကအားဖြင့် ပြည်တွင်းစီးပွားရေးပိုပြီးတော့ အားကောင်းလာဖို့ကို သမ္မတအိုဘားမားက အဓိကထား ပြောဆိုသွားပါတယ်။ အမေရိကန်နိုင်ငံစီးပွားရေးဟာ ချမ်းသာသူတွေအတွက် သက်သက်မဟုတ်ဘဲ အမေရိကန်နိုင်ငံသားတိုင်းအတွက် ဖြစ်စေရမယ်လို့ သမ္မတအိုဘားမားက ရှင်းလင်းသွားပါတယ်။

“အစဉ်သဖြင့် ရေရှည်တည်တံမယ့် စီးပွားရေးတရပ်ဖြစ်လာမယ့် အစီအစဉ်တရပ် ဘယ်လို စီစဉ် ဆောင်ရွက်ထားသလဲဆိုတာကို ဒီ ည ရှင်းရှင်းလင်းလင်းပြောဆိုသွားပါ့မယ်။ အမေရိကန်တွေရဲ့ ကုန်ထုတ်လုပ်မှုပိုင်း၊ စွမ်းအင်ပိုင်း၊ အမေရိကန်လုပ်သားတွေရဲ့ အတတ်ပညာပိုင်း၊ ပြန်လည်ဆန်းသစ်ထားတဲ့ အမေရိကန်စံနှုန်းတန်ဖိုးတွေ.. စတာတွေအပေါ်မှာ အခြေခံပြီး အရှည်တည်တံ့မယ့် စီးပွားရေးတရပ် ဖြစ်လာစေဖို့ပါ”

အခုလို နိုင်ငံတော်အခြေပြမိန့်ခွန်းဆိုတာဟာ အမေရိကန်သမ္မတရဲ့ ပြည်တွင်းပြည်ပ မူဝါဒ သဘောထားတွေကို ထင်ဟပ်စေတဲ့ လွှတ်တော် ၂ ရပ်ရှေ့ လူထုကို ပြောဆိုတဲ့သဘောဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မကြာခင် သမ္မတရွေးကောက်ပွဲတွေလည်း ကျင်းပတော့မှာမို့လို့ အခု နိုင်ငံတော်အခြေပြမိန့်ခွန်းဟာ အတော်လေး အရေးကြီးတဲ့ မိန့်ခွန်းလို့ ပြောရမှာပါ။ လက်ရှိအားဖြင့်တော့ အမေရိကန်သမ္မတ အိုဘားမားအပေါ်ထောက်ခံမှုဟာ အခုနှစ်မှာ ၄၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ Gallup စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

အခု ဒီမိန့်ခွန်းကြောင့်မိုလို့ သမ္မတအိုဘားမားအပေါ်မှာ လူထုထောက်ခံမှု ဘယ်လောက်အထိ ပိုပြီးတော့ ရှိလာမလဲ၊ နည်းသွားမလဲ ဆိုတာကိုတော့ နိုင်ငံရေး အကဲခတ်တွေက စောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။

XS
SM
MD
LG