သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကျောက်တွင်းတွေပိတ်


မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြပေမဲ့ ကချင်ပြည်နယ်တွင်းမှာတော့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ အခုလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ အခြေအနေတွေမတည်ငြိမ်တာကြောင့် အာဏာပိုင်တွေကနေ ကျောက်တူးတဲ့ လုပ် ငန်းတွေကို ပိတ်ခိုင်းလိုက်တဲ့အတွက် ကျောက်လုပ်သားတွေ အားလုံး နေရပ်ပြန်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမျိုးမှာ မြစ်ကြီးနားဘက်မှာလည်း တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ပွဲရပ်စဲရေး တောင်းဆိုဖို့ ပြင်ဆင်နေကြ ပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတဝိုက်မှာ တိုက်ပွဲငယ်လေးတွေ ဖြစ်ပွားနေပြီး နေ့ စဉ်လိုလို သေနတ်သံ၊ လက်နက်ကြီးသံတွေကို ကြားနေရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းမှာပဲ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းတွင်း ကုမ္ပဏီတွေကလည်း အစိုးရ သတ္ထုတွင်း ဝန်ကြီးဌာနရဲ့ စေခိုင်းချက်အရလို့ပြောပြီး အလုပ်တွေရပ်ဆိုင်းခဲ့တာကြောင့် ကျောက် တွင်း အလုပ်သမားတွေအားလုံး အခုဆိုရင် နေရပ်ဒေသတွေဆီ ပြန်နေကြ တာကြောင့် ကားခတွေလည်း အဆမတန် ဈေးတက်ကုန်တယ်လို့ ဖားကန့် ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခု လောလောဆယ်တော့ ဖားကန့်မှာ အားလုံးသိတဲ့အတိုင်းပဲ။ ကုမ္ပဏီတွေက ပြော တယ်။ နေပြည်တော် သတ္ထုတွင်းဌာနက လုပ်ငန်းတွေ အားလုံး ရပ်ခိုင်းတယ်။ ရပ်ပြီးမှ နေ့တိုင်းလိုလို ဒီကခေါက်စားသမားတွေ၊ ရေမဆေးသမားတွေနဲ့ ကုမ္ပဏီမှာလုပ်တဲ့ အလုပ်သမားတွေ အားလုံးတော့ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန် နေရပ်ရင်းမြို့ကို ပြန်သွားကြတာပေါ့။ အားလုံးကို ပိတ်တာ။ ရေမဆေးသမားတွေ ရေမဆေး ကောက်လို့ မရဘူး။ ရေမဆေးသမားတွေ ရေမဆေးကောက်ရင် ရဲတွေနဲ့ ရပ်ကွက်လူကြီးတွေနဲ့ဖမ်းတယ်။ ဘာကြောင့်လဲဆိုတာတော့ အကြောင်းစုံတော့ အသေးစိတ် ကျနော်တို့ မသိတော့ဘူးဗျာ။ အလုပ်သမားတွေကျတော့ သူတို့ ဈေးပေါပေါနဲ့ သူတို့ ကုမ္ပဏီကားတွေ၊ ကုန်ကားတွေနဲ့ ဆင်းကြတယ်။ ဒါပေမယ့် ဘင်ကားက အများဆုံး ၈ သောင်း၊ ၇ သောင်း၊ အရင်ကတော့ ၂ သောင်း- ၂ သောင်း ၅ ထောင်၊ ၃ သောင်းက အများဆုံးပဲ။ အခု ဈေးတက်တာက လေးငါးရက်လောက် ပဲ ရှိသေးတယ်။”

ဖားကန့်ဒေသခံတဦး ပြောပြခဲ့တာပါ။ ဒါ့အပြင် အခုလို ကျောက်စိမ်းတွင်းမှာ အလုပ်လုပ်ကြတဲ့ အလုပ် သမားတွေ ပြန်ကုန်ကြတဲ့အတွက် ဖားကန့် ဒေသမှာ နေ့စဉ် အရောင်းအဝယ်လုပ်ငန်းတွေလည်း အတော်လေး ပါးသွားသလို တချို့နေရာတွေမှာ လုယက်မှုဖြစ်တာတွေလည်း ရှိလာတယ်လို့ ဖားကန့်ဒေသခံတချို့ကလည်း ပြောပါတယ်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဇွန်လ ၁ ရက်နေ့ကပဲ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးအတွက် နှစ်ဘက် အဆင်မပြေဖြစ်နေတဲ့ တပ်စခန်းချထားရေး၊ တပ်ရုပ်သိမ်းရေးနဲ့ တိုက်ပွဲရပ်ဆိုင်းရေးကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲကြီး မဟုတ်ပေမဲ့ ဒီနေ့အထိ တိုက်ပွဲငယ်လေးတွေကတော့ ကချင်ပြည်နယ် ထဲမှာ ဖြစ်ပွားနေတာပါ။ အခုလို KIO နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်စခဲ့တာ မကြာခင် ရက်ပိုင်းမှာပဲ တနှစ်တင်းတင်း ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကြားမှာ ဒေသခံကချင်ပြည်သူတွေ အတော်လေး ဒုက္ခရောက်ခဲ့ကြပြီး စစ်ပြေး ဒုက္ခသည် ဦးရေဟာဆိုရင်လည်း တစ်သိန်းနီးပါး ရှိနေပြီဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။

ဒီလို အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်ရတဲ့ စစ်ပွဲတွေ ရပ်စဲရေး လာမယ့်တနင်္ဂနွေနေ့မှာ တပြည် နယ်လုံး အတိုင်းအတာအရ ဆန္ဒပြ တောင်းဆိုကြဖို့ မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ပွဲရပ်စဲရေးကော်မတီက လုပ်ဆောင်နေတဲ့အကြောင်း ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးဝင်းဘိုက ပြောပြပါတယ်။

“အခုပဲ စာတင်ပြီးပြန်ခဲ့တာ။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလဂျွန်တန်ဆိုင်းကို အဓိကတင်တယ်ပေါ့။ နောက် ကချင်ပြည်နယ် ရဲမင်းကြီး၊ အဲဒါပြီးတော့ စစ်ဘက်ရေးရာ လုံခြုံရေး ရုံးချုပ်ပေါ့- ကျနော်တို့က စစ်ပြေး ဒုက္ခသည် မဖြစ်တာတမယ်ပဲ၊ စစ်ပြေးဒုက္ခသည် မဖြစ်ဘူးဆိုပေမဲ့ ကျနော်တို့နေရာဒေသမှာ လောလော ဆယ် စစ်မြေပြင်လို ဖြစ်နေရတယ်။ ပြည်သူတွေကတော့ ကျီးလန့် စာစား မဟုတ်ဘူး။ ငတ်ကို ငတ်နေပြီ။ ကျနော်တို့ဘက်က လူတွေက ငတ်ကို ငတ်နေပြီ။ အစိုးရဘက်ကိုလည်း စစ်ပွဲတွေရပ်စဲရေး အမြန်ဆုံး ညှိနှိုင်း အကောင်အထည် ဖော်ပေးဖို့၊ KIA ဘက်ကိုလည်း လိုက်လျောသင့်တာလိုက်လျောပြီး စစ်ပွဲတွေ ရပ်စဲဖို့ အမြန်ဆုံးအဖြေရှာပြီး နေ့ချင်းညချင်း ဒီစစ်ပွဲတွေကို ကျနော်တို့က ရပ်စေချင်တယ်။”

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာ ပျက်သွားခဲ့တာပါ။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့တယ်ဆိုပြီး ကချင်ဒုက္ခသည်အရေး ဆောင်ရွက်သူတွေ နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။ ဒါကြောင့်လည်း အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေတွေကနေ ရပ်တန့်သွားအောင် ဒီစစ်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာကနေ အစိုးရကို ဖိအားပေး တိုက်တွန်းနေ တာလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG