မြန်မာနိုင်ငံမှာ စစ်တပ်က နေရာယူအုပ်ချုပ်ထားတာ အထူးသဖြင့် လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း စစ်တပ်က ပါဝင်နေတဲ့အပေါ် တဖြည်းဖြည်းနဲ့ လျှော့ချသွားမယ်၊ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ကိုလည်း စစ်တပ်က ၁၀၀% ထောက်ခံပါတယ်လို့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပေ မယ့် နိုင်ငံရေးလေ့လာသူတွေကတော့ ဒီအပေါ်မှာ သံသယရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ လက်ရှိနိုင်ငံရေး အပြောင်းအလဲတွေဟာ ခိုင်ခိုင်မာမာမရှိသေးသလို လူပုဂ္ဂိုလ်တွေအပေါ်မှာ တည်နေ သလိုဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကိုသားညွန့်ဦးက ဆက်ပြီး တင်ဆက်ပေးမှာပါ။
စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ အာရှဒေသ၊ လုံခြုံရေးညီလာခံမှာ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း တက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်ရဲ့ သဘောထားကို တတ်ရောက်လာသူအချို့က မေးခွန်းထုတ်ခဲ့ကြပါ တယ်။ စစ်တပ်အနေနဲ့ လက်ရှိမြန်မာအစိုးရပြုလုပ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ၁၀၀% ထောက်ခံပါတယ်လို့ ပြောခဲ့ သလို လက်ရှိ လွှတ်တော်တွင်း စစ်တပ်က ၂၅ % နေရာယူထားတာကိုလည်း တဖြည်းဖြည်း လျှော့ချ သွားဖွယ်ရှိတယ်လို့လည်း စကားပြန်ကတဆင့် ပြောသွားပါတယ်။
လွှတ်တော်ထဲ ၂၅ % ပါဝင်ပတ်သက်မှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဥပမာ အားဖြင့် ရေချိုထဲကငါးကို ရုတ်တရက် ရေငန်ထဲကို ထည့်လို့မရသလို အသွင်ကူးပြောင်းရေးအတွက် အချိန်တော့ယူရပါမယ်၊ အခုဖွဲ့စည်းပုံပါ ၂၅ % တပ်က နေရယူထားတာဟာ အသေဆုပ်ကိုင်ထားဖို့ မဟုတ်ပါဘူး၊ ဖွဲ့စည်းပုံပါ အချက်အလက်တွေကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊ သင့်လျော်တဲ့အချိန် ကျရင်တော့ ၂၅ % ပါဝင်မှုကို လျှော့ချပြီး အပြောင်းအလဲတွေ ရှိလာမှာပါ ဆိုပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဖြေဆိုသွားတာပါ။
ဒါပေမယ့်လည်း မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေး သုံးသပ်လေ့လာသူ တဦးဖြစ်တဲ့ ဦးဌေးအောင် ကတော့ အခုလို ကတိပေး ပြောဆိုမှုတွေအပေါ်မှာ သံသယရှိပါတယ်။ အထူးသဖြင့်တော့ အပြောင်း အလဲတွေ၊ ဒီလို ပြောဆိုချက်တွေဟာ တစ်ခုလုံးကို တကယ် ကိုယ်စားပြုရဲ့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ တည်သလိုဖြစ်နေသလားဆိုတာ သူက မေးခွန်းထုတ်ပါတယ်။
“ကျနော်တို့ သတိထားပြီးတော့ စောင့်ကြည့်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ် မှူးကြီးစောမောင်ကလည်းပဲ အလားတူပဲ ဦးစီးချုပ်ဖြစ်စဉ်ကာလ န၊ဝ၊တ ဥက္ကဋ္ဌဖြစ်စဉ်ကာလက ဒီရွေးကောက်ပွဲပြီးလို့ရှိရင် စစ်တန်းလျားကိုပြန်ပါမယ်လို့ ကတိတွေပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ သူ့ကို ဖယ်ရှားလိုက်တဲ့အခါကျတော့ ဒီကတိတွေက သူနဲ့အတူ ပျောက်ကွယ်သွားတာမျိုးတွေ ရှိတယ်။ အခုလည်းပဲ ဗိုလ်ချုပ်ကြီးလှမင်းပဲဖြစ်စေ၊ ဒါမှမဟုတ် သမ္မတကြီးဦးသိန်းစိန်ပဲဖြစ်စေ- နောက်ပြီးတော့ ဦးရွှေမန်းပဲဖြစ်စေပေါ့လေ- သူတို့က ခေါင်းဆောင်တွေ ပီပီပေါ့နော် ကတိကဝတ်တွေ ပေးထားပေမဲ့ တချိန်ချိန်ကျလို့ရှိရင် တပ်မတော်က အမျိုးမျိုးကြောင့် အာဏာပြန်သိမ်းဖို့၊ နောက်ကြောင်းပြန် လှည့်ဖို့ ဖြစ်လာမယ်ဆိုလို့ရှိရင် သူတို့ကို ဖယ်ရှားလိုက်တာနဲ့ သူတို့ရဲ့ကတိစကားတွေက သူတို့နဲ့အတူတူ ပါသွားတဲ့ သဘောမျိုးပဲဖြစ်သွားမှာပဲ။”
ရှမ်းတိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်းဦးကတော့ အာဏာပိုင်တွေအတွင်းမှာကို တဦးနဲ့တဦး အပြောအဆိုတွေ မညီညွတ်သေးတာကြောင့် အခု အပြောင်းအလဲဆိုတာဟာလည်း ခိုင်မာပါ့မလား စိုးရိမ်တယ်လို့ ပြောပါတယ်။
“ကျနော့်အထင်ပြောရရင်တော့ စိတ်ချရလောက်တဲ့အနေအထားမျိုးတော့ မရောက်သေးဘူးဗျ။ အထူး သဖြင့် တိုင်းရင်းသားတွေ ဆွေးနွေးတာဟာ တကြောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းဖြစ်နေ တယ်။ ပြောတာဆိုတာတွေက မညီညွတ်သေးဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေးက စိတ်ချရတဲ့ငြိမ်းချမ်းရေး ရမှသာလျှင် ပြီးပြည့်စုံလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီတော့ အခုလို ငြိမ်းချမ်းရေး တည်ဆောက် ယူတဲ့နေရာမှာ စိတ်မချနေရလို့ရှိရင် အမေရိကန်ဆီက လက်နက်တွေယူပြီးတော့ ဒီတိုင်းရင်းသားတွေကို ပြန်တိုက်နေရင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ အဲဒါက စဉ်းစားစရာဖြစ်နေပါတယ်။”
အာရှလုံခြုံရေးညီလာခံကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တာလည်း တက်ရောက်နေ တာပါ။ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေ ကို ဆွေးနွေးသွားဖို့ အမေရိကန်ဘက်က လိုလိုလားလားရှိတယ်လို့ မစ္စတာ Panetta က ပြောခဲ့ပါတယ်။ ဦးဌေးအောင်ကတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုတဲ့ သဘောထား ရှိနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အမေရိကန်က မြန်မာစစ်တပ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်မယ်လို့ပြောပါတယ်။
“သူတို့အနေနဲ့ အစကတည်းကကို မြန်မာစစ်ခေါင်းဆောင်တွေက အနောက်နိုင်ငံတွေမှာသွားပြီးတော့ စစ်ပညာသင်ချင်တာမျိုးတို့၊ အနောက်နိုင်ငံတွေမှာပဲ သွားပြီးတော့ အနောက်နိုင်ငံတွေက စစ်လက်နက် ပစ္စည်းတွေတင်မကဘဲနဲ့ အနောက်နိုင်ငံထုတ် ပစ္စည်းတွေကို ဝယ်ယူချင်တာမျိုးတို့၊ သူတို့ရဲ့ သားသမီးတွေကိုလည်း အနောက်နိုင်ငံတွေမှာပဲ ပညာသင်စေချင်တာမျိုးတို့ ဒါမျိုး အနောက်နိုင်ငံတွေကို သူတို့အနေနဲ့ အထင်ကြီးလေးစားတဲ့စိတ်ဓာတ်တွေလည်း ရှိတယ်။ အဲဒါကြောင့် အခု အမေရိကန်နိုင်ငံက လာပြီး ဗမာအစိုးရခေါင်းဆောင်တွေကို အခုလိုပေါ့ ကမ်းလှမ်းမှုတွေ လုပ်လာမယ်ဆိုရင်တော့ ဒါ အများကြီးကောင်းတယ်လို့ပဲ ကျနော်က ယူဆပါတယ်။”
လက်ရှိ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ စစ်အုပ်စုအတွင်း အပြောင်းအလဲကို လက်မခံတဲ့ သဘောထား တင်းမာသူတွေ ရှိနေဆဲပဲလို့ လေ့လာသူတွေက ယူဆနေကြတာပါ။ ဒါကြောင့်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုပြီးတော့ နိုင်ငံတကာကလည်း စူးစမ်းနေပုံရပါတယ်။ အထူးသဖြင့် ကချင်ဒေသ မှာ အပစ်ရပ်ဖို့ သမ္မတက ညွှန်ကြားချက်ထုတ်ပေမဲ့ စစ်တပ်ကလိုက်နာမှုမရှိဘူးလို့ ယူဆချက်တွေကြောင့် စစ်တပ်ဟာ အပြောင်းအလဲမှာ အဟန့်အတားဖြစ်နိုင်တယ်လို့ မြင်နေကြတာပါ။ ဒါပေမယ့်လည်း ကာကွယ်ရေးဝန်ကြီးကတော့ စစ်တပ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို အပြည့် အဝထောက်ခံပါတယ်၊ မြန်မာ့စစ်တပ်ဟာ ဘယ်တုန်းကမှ အစိုးရကို ပုန်ကန်တာမျိုး မရှိခဲ့ဘူး လို့ ပြောဆိုသွားပါတယ်။