သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းဒ် တို့အား ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့ရှိ Elysee Palace အတွင်း တွေ့ရစဉ်။ (ဂျွန်လ ၂၆ ရက်၊ ၂၀၁၂။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းဒ် တို့အား ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့ရှိ Elysee Palace အတွင်း တွေ့ရစဉ်။ (ဂျွန်လ ၂၆ ရက်၊ ၂၀၁၂။)

ပြင်သစ်နိုင်ငံကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ကို အထောက်အကူဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို လန်ဒန်ကနေ အဝေးပြေးရထားနဲ့ ရောက်ရှိလာတာဖြစ်ပြီး အဲဒီမှာတော့ ပြင်သစ်တာဝန်ရှိသူတွေ က ကြိုဆိုခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံရေး အခြေအနေတွေအပြင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာတွေနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကျဉ်းချုပ် တင်ဆက်ပေးပါလိမ့်မယ်။

“တကယ့် ဒီမိုကရေစီအခြေခံဆိုတာလူထုပါ၊ ဒါကြောင့် လူထုကို စွမ်းရည် မြှင့်တင်ပေးမယ့် အကူအညီ မျိုးတွေ လိုအပ်ပါတယ်။ ပြည်သူ လူထုရဲ့ လုပ်နိုင်စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးမယ့် အကူအညီမျိုးတွေ၊ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမယ့် အကူအညီမျိုးတွေ လိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ သက်ဆိုင်သူအားလုံး ပါဝင်ဖို့လိုသလို စစ်မှန်တဲ့ အပြောင်းအလဲတွေပေါ်ဖို့ ဆိုရင် လူသစ်တွေနဲ့ လမ်းသစ်ဖောက်ဖို့ လိုမယ်လို့ လည်း မြန်မာ့ ဒီမို ကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဖွံဖြိုးရေး အလေးပေးမလာ၊ ဒီမို ကရေစီ အလေးပေးမလားဆိုတဲ့ ကိစ္စမှာတော့ နှစ်ခုစလုံးဟာ တနွယ်ငယ်တစင်ပါ ဆက်နွယ်နေတယ် ဆိုတာကို ရှင်းလင်းသွားပါတယ်။

“မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလိုအပ်နေတဲ့ တချိန်တည်းမှာ စီးပွားရေးအရ ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ လိုအပ်နေတာကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစားထိုးခိုင်းလို့ မရပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဒီမို ကရေစီ အုတ်မြစ်ကို ခိုင်မာအောင် အသုံးပြုရပါလိမ့်မယ်။ ကောင်းမွန်ကြံ့ခိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ တည်ထောင်နိုင်ဖို့ ဆိုရင် ကျမတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ တခုနဲ့တခု အပြန်အလှန် ဆက်နွယ်နေရပါလိမ့်မယ်။ ဒါဟာ သိပ်လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရလိုပါ။ ဒီလို နှစ်တွေ အကြာကြီးနေခဲ့ရပေမယ့် အဲဒီနှစ်တွေမှာ ကျမတို့ရဲ့ လူငယ်တွေ နိုးထပြီး အနာဂတ်ကို တာဝန်ယူဖို့ ပြင်ဆင်ခဲ့ကြတာတွေကတော့ သိပ်ကို အားရစရာကောင်းတဲ့ အချက်ပါ။”

လူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း ပြောသွားရာမှာ အနာဂတ်အတွက် လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ဖို့ လိုအပ်ချက်နဲ့ အထူးသဖြင့် လတ်တလောမှာ လူငယ်တွေအတွက် သက်မွေး ဝမ်းကျောင်းပညာရပ်တွေလို အကူအညီမျိုးတွေ လိုအပ်ချက်ကိုလည်း ထည့်သွင်း ပြောသွားပါတယ်။

လူကြီးတွေက ဒီမိုကရေစီအခြေခံအုပ်မြစ်ကို ချပေးနေချိန်မှာ ဒီအုတ်မြစ်ကို ခိုင်ခန့်အောင် လူငယ်တွေ ဘက်က ထိမ်းသိမ်းရမယ်လို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်း အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆက်ဆံရာမှာတော့ ကိုယ်လိုချင်တာကို ရအောင်လုပ်တာထက် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် အဖြေကို ရှာဖွေ ဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။ အပေးအယူ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့ လက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ရွေးချယ်ဆောင်ရွက်နေတယ်လို့ ပြော ပါတယ်။

“ပြုပြင်ပြောင်းလဲရေးမှာ ပါတဲ့သူတွေကို ကျမ ယုံကြည်မှု ရှိပါသလားဆိုတော့ ဒီအချိန်မှာ ယုံကြည်မှုဆိုတဲ့ အသုံးအနှုန်းကို ပြောမနေသင့်ဘူးလို့ ကျမမြင်ပါတယ်။ အလုပ်ဘယ်လောက် လုပ်ကြမလဲ၊ ဒီလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လမ်းကြောင်းမှန်ပေါ် ရှိနေဖို့အတွက် ကျမတို့တော်တော်လေး ခက်ခက်ခဲခဲ အလုပ်လုပ်ကြရပါလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့သူတွေ ဘယ်လောက်အထိ ရိုးသားမှုရှိတယ်ဆိုတာတော့ ကျမ မသိပါဘူး။

သမ္မတ အနေနဲ့ ရိုးသားမှု ရှိတယ်ဆိုတာတော့ ကျမယုံပါတယ်။ တခြားအစိုးရအဖွဲ့ထဲမှာ ပါတဲ့သူတွေ ကိုယ်စားတော့ ကျမ ဘယ်သူအတွက်မှ မပြောနိုင်ပါဘူး။ အရေးကြီးတာကတော့ ဒီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် လမ်းကြောင်း လွဲမသွားအောင်၊ နောက်ပြန်လှည့်မသွားအောင်ဘဲ ကျမတို့ ဝိုင်းပြီး ပံ့ပိုးဖို့ပါ။ စစ်တပ်အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ဒီမိုကရေစီလိုလားတဲ့ သူတွေ အတွက်တင် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတခုထဲက လူတစုအတွက်တင်မဟုတ်ဘဲ တတိုင်းပြည်လုံးအတွက်ဆိုတာ လက်ခံလာဖို့ လိုပါတယ်။”

နိုင်ငံတကာကူညီမှုတွေနဲ့ပတ်သက်လို့ကတော့ အခု ဥရောပခရီးစဉ်အတွင်းမှာ အာမခံချက်ပေးတဲ့နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်လိုတဲ့ နိုင်ငံတွေ တွေ့ခဲ့ရတယ်လို့ ပြောဆိုသွားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဆိုတဲ့နေရာမှာတော့ ဒီမိုကရေစီစနစ်ကို အားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်တယ်ဆိုတာကို အဓိက ထောက်ပြပြောသွားပါတယ်။

“ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကျမ လက်ခံတယ်လို့တော့ မပြောနိုင်ပါဘူး။ ကျမတို့ လိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီကို အထောက်အကူပြုရမယ်၊ လူ့အခွင့်အရေးကို အထောက်အကူပြုရမယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို ထိမ်းသိမ်းကာကွယ်မယ့် ကျင့်ဝတ် အပြည့်အ၀ စောင့်စည်းမယ့် အခြေခံပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ပါ။”

မကြာသေးခင်က မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းဖြစ်ခဲ့တဲ့ အဓိကရုန်းတွေနဲ့ပတ်သက်လို့ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကိုလည်း မေးမြန်းကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ တရားဥပဒေ စိုးမိုးမှုအားနည်းတာနဲ့ ဝန်ထမ်းအချို့ အကျင့်ပျက်မှု လာဘ်စားမှုတွေကို ဖြေရှင်းဖို့လိုမယ်လို့ ဖြေဆိုသွားပါတယ်။

“အခု လတ်တလော အရင်ဆုံးဆောင်ရွက်ရမှာက တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့ပါ။ ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ ကိစ္စမှာ စဉ်းစားစရာ အချက် နှစ်ချက်ရှိပါတယ်။ တခုကတော့ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေကိစ္စပါ။ ဒီ နိုင်ငံသားဖြစ်မှု ဥပဒေဟာ နိုင်ငံတကာ စံနှုန်းစံထားနဲ့လည်း ကိုက်ညီရပါလိမ့်မယ်။ မျှမျှတတနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း ဥပဒေစိုးမိုးရေးကိစ္စကို ပြောနေတာပါ။ ကြီးကြီးမားမား ပြဿနာဖြစ်နေတာ တချက်က ဘယ်သူက နိုင်ငံသားလဲ ဘယ်သူက နိုင်ငံသား မဟုတ်ဘူးလဲဆိုတာ အငြင်းပွားနေတဲ့ကိစ္စပါ။ ဒါကို နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေအချက်အလက် အကောင်အထည်ဖော်ရေးအပိုင်းတွေနဲ့ပဲ ဆုံးဖြတ်ရပါမယ်။

ဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုကလည်း ကြီးမားတဲ့ ပြဿနာပါ။ လူဝင်မှုကြီးကြပ်ရေးဌာနက နယ်စပ်ဖြတ်ကျော်ကိစ္စရပ်တွေမှာ အကျင့်ပျက်လာဘ်စားမှုတွေရှိတယ်ဆိုပြီးတော့လည်း လူပြောများ ပါတယ်။ ဝန်ထမ်းတွေ ထိထိရောက်ရောက်ကိုင်တွယ်ဆောင်ရွက်နိုင်မယ်၊ ဥပဒေကိုလည်း ထိထိရောက်ရောက် လိုက်နာကျင့်သုံးမယ်ဆိုရင် ပြဿနာအချို့ကို ချက်ခြင်းကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒီလို ကိစ္စမျိုးဆိုတာ နေချင်းညချင်းတော့ ကိုင်တွယ်လို့မရပါဘူး။ အချိန်ယူရပါမယ်။”

ပူးတွဲသတင်းစာရှင်းလင်းပွဲမှာရှိနေတဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်ကတော့ မြန်မာနိုင်ငံရဲ့ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်း တွေကို ပြင်သစ်အနေနဲ့ အတတ်နိုင်ဆုံးကူညီအားပေးသွားမယ် လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင် ပတ်သက်နေသူတွေ အားလုံးကို ထောက်ခံ သွားမှာဖြစ်ပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်နိုင်ငံကို အလည် လာရောက်ဖို့ ဖိတ်ကြား လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် တိုတယ်ရေနံကုမ္ပဏီအနေ နဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံရာမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို လေးစား လိုက်နာနေပြီး အကယ်လို့ ဒီအပေါ် မကျေမနပ် တိုင်ကြားမှု ရှိရင်လည်း သူသိလိုတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသွားတာတွေကို အနှစ်ချုပ် တင်ဆက်ပေးသွား တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ ဥရောပခရီးစဉ်အတွင်း အခု ပြင်သစ်နိုင်ငံကို နောက်ဆုံးဝင်ရောက်လာခြင်းဖြစ်ပါတယ်။ အရင် ဆွစ်ဇာလန်၊ အိုင်ယာ လန်၊ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံအကြီးအကဲတဦးလို နိုင်ငံတွေက ဆက်ဆံ ကြိုဆိုသလိုပဲ အခု ပြင်သစ်ခရီးစဉ်မှာလည်း နိုင်ငံအကြီးအကဲတဦး လာရောက်သလို ပြင်သစ် သမ္မတနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို မနေ့ညပိုင်းမှာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း က ဒေါ်အောင်ဆန်းစုကြည်ကို ညစာ သမ္မတရဲ့ Elysee နန်းတော်မှာ ညစာ တည်းခင်း ဧည့်ခံပါတယ်။

လူ့အခွင့်အရေးအတွက် သူမတူအောင် ရုန်းကန်ကြိုးပမ်း တိုက်ပွဲဝင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကို ပြင်သစ်နိုင်ငံအနေနဲ့ ဂုဏ်ပြု ကြိုဆိုမှာ ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဌာနကလည်း ကြေညာခဲ့ ပါတယ်။ ဒီကနေ့မှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius နဲ့ တွေ့ဆုံပြီး နိုင်ငံခြားရေး အဆောက်အအုံဝန်းထဲမှာ လွတ်မြောက်ရေး အမှတ်တရ သစ်ပင်ကိုလည်း စိုက်ပျိုးဖို့အစီအစဉ်ရှိပါတယ်။ ဒီကနေ့ ညပိုင်းမှာတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ညစာ တည်ခင်းဧည်ခံဖို့ရှိပါတယ်။

ဒါ့အပြင် ပြင်သစ်လွှတ်တော်နှစ်ရပ်က ခေါင်းဆောင်တွေ၊ ပြင်သစ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ပြင်သစ်မှာရှိတဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ၊ နောက် မြန်မာအသိုင်းအဝိုင်းကိုလည်း သီးခြားတွေ့ဆုံမှာဖြစ်ပါတယ်။ ပါရီမြို့တော်ဝန်ကလည်း အရင် ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို ကိုယ်တိုင် အပ်နှင်းပွဲ အထိမ်းအမှတ်ကိုလည်း ပြုလုပ်ဖို့ရှိပါတယ်။ နောက်ဆုံးနေ့မှာတော့ ပြင်သစ်နိုင်ငံ Sorbonne တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ အမေးအဖြေ ဆွေးနွေးခန်း ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ဒီကနေ့မှာတော့ တချိန်က နာဇီဖက်ဆစ်တွေကို ခုခံတော်လှန်ခဲ့တဲ့ နာမည်ကြီး ပြင်သစ်တော်လှန်ရေး သမား အသက် ၉၀ ကျော်အရွယ် Stephane Hessel နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။ Mr.Hessel ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်းကို တည်းဖြတ် ပြုစုခဲ့သူတဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG