သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ဆန်းစစ်မည်


မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ဆန်းစစ်မည်
မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ဆန်းစစ်မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်းမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ၊ အသွင်ကူးပြောင်းမှုတွေ ရှိနေပြီလား ဆိုတာကို လေ့လာ ဆန်းစစ်ဖို့ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို မနက်ဖြန် ရန်ကုန် မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ပြောဆိုသွားတာတွေကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

နှစ် ၅၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုဘက်က အဆင့်မြင့်ခေါင်းဆောင်တဦး မြန်မာနိုင်ငံကို လာရောက်တာဟာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲအချို့ရှိလာတာကို အသိအမှတ်ပြုတာ ဖြစ်သလို တဘက်မှာ ဒီ အပြောင်းအလဲတွေရဲ့ အတိမ်အနက်ကို ဆန်းစစ် လေ့လာသွားဖို့လည်း ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီ အပြောင်းအလဲတွေအပေါ်မှာ အမေရိကန်ဘက်က ဘယ်လို အားဖြည့်ကူညီနိုင်မလဲ ဆိုတာကို သုံးသပ်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ပြောပါတယ်။

“ပြောင်းလဲမှုတွေတော့ မြင်နေရပါပြီ။ ဒီပြောင်းလဲမှုတွေဟာ ဘယ်လောက်အထိ အတိမ်အနက် ရှိသလဲ၊ ဒီလို ပြောင်းလဲမှုတွေဟာ ဘယ်အကြောင်းအချက်တွေကြောင့်လဲ၊ ဒီလို ပြောင်းလဲမှုတွေ အပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်က ဘယ်လို ကူညီဆောင်ရွက်နိုင်မလဲဆိုတာတွေကို လေ့လာသုံးသပ်မှာဖြစ်ပါတယ်”

ခရီးစဉ်အတွင်း နေပြည်တော်မှာ မြန်မာသမ္မတဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရပိုင်း ထိပ်တန်း ခေါင်းဆောင်တွေ မြန်မာလွှတ်တော်က အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ရသလို၊ ရန်ကုန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြား နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အလေးအနက်ထား တွေ့ဆုံဆွေးနွေးရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် နှစ်ရှည်လများ ရုန်းကန်လှုပ်ရှား ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဒီလို သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဖြစ်မနေကို ထိစပ် ဆောင်ရွက်ရမယ့် ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားရေးဝန်ကြီး အခုခရီးစဉ်နဲ့ ပတ်သက်လို့ သမ္မတကိုယ်တိုင်က သူမကို ကြိုတင် အသိပေး ပြောခဲ့တာဖြစ်ပါတယ်”

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ မြန်မာနိုင်ငံတွင်း အဖြစ်အပျက်တွေကို ပြည့်ပြည့်စုံစုံ သိရှိ နားလည်နိုင်အောင် ကြိုးပမ်းမှာဖြစ်သလို မြန်မာအစိုးရပိုင်းနဲ့တွေ့ဆုံပြီး လက်ရှိလုပ်နေတဲ့ အသွင် ကူးပြောင်းမှုတွေဟာ ခိုင်ခိုင်မာမာရှိရဲ့လားဆိုတာကိုလည်း သိရှိနိုင်အောင် ကြိုးပမ်းမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီ ခရီးစဉ်ဟာ သုံးသပ်သူအချို့ တွက်ဆသလို မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံအခြေအနေနဲ့ မပတ်သက်ပေမယ့်လို့ မြန်မာနဲ့ပတ်သက်လာရင် အမေရိကန် ပြည်ထောင်စုဟာ တရုတ်နဲ့ ညှိနှိုင်းဆွေးနွေးလေ့ရှိတယ်လို့လည်း ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က လိုလားချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားဖြစ်တယ်လို့လည်း Mark Toner က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်လာဖို့၊ နိုင်ငံရေးအခင်းအကျင်းတွေ ပွင့်လင်းလာဖို့၊ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ရရှိခံစားခွင့်ရဖို့ လိုလားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ဒါကြောင့် ဒီခရီးစဉ်ပြီးရင် အခြေအနေတွေ ဘယ်လိုရှိနေလဲဆိုတာ စောင့်ကြည်ရမှာဖြစ်ပါတယ်”

အမေရိကန်လွှတ်တော်အမတ်အချို့နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ အခု နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ အမှန်တကယ် တိုးတက်လာစေအောင် ဆွေးနွေးဖို့ တိုက်တွန်းဖိအားပေးနေကြပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်ထားရှိဦးမှာဖြစ်တယ်လို့ အခု နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မတိုင်ခင်ကတည်း ပြောပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်အပြီး အမေရိကန်ဖက်က လေ့လာဆန်းစစ်ရှိတွေအပေါ်မှာ တည်မယ်လို့ ပြောရမှာပါ။

XS
SM
MD
LG